Ads (728x90)


တန်ချိန် (၂၁၀) ရှိတဲ့ ကျောက်စိမ်း အရိုင်းတုံး ဟာ အရင် တူးဖော် တွေ့ရှိခဲ့တဲ့ ကျောက်စိမ်းတုံး တွေထဲမှာတော့ အကြီးဆုံး ဖြစ်
အောက်တိုဘာလ ၁၁ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်း တူးဖော်တဲ့ လုပ်ကွက်မှာ အလေးချိန် တန်ချိန် (၂၁၀) ရှိတဲ့ ကျောက်စိမ်း အရိုင်းတုံး ကြီးကို တူးဖော်တွေ့ရှိခဲ့ပါတယ်။

အစိုးရနဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ ရတနာတောင်တန်း ကျောက်စိမ်း ကုမ္ပဏီကနေ တူးဖော် ရခဲ့တာ ဖြစ်ပြီး လောလောဆယ်မှာ အစိုးရက ထိန်းသိမ်းထားပါတယ်။

ကချင်ပြည်နယ် ဖားကန့် ကနေ ရရှိထားတဲ့ တန်ချိန် (၂၁၀) ရှိတဲ့ ကျောက်စိမ်း အရိုင်းတုံး ဟာ အရင် တူးဖော် တွေ့ရှိခဲ့တဲ့ ကျောက်စိမ်းတုံး တွေထဲမှာတော့ အကြီးဆုံး ဖြစ်ပါတယ်။

ဒီကျောက်စိမ်း တုံးကြီးကို ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မက်လင်ချောင် မှော်က အစိုးရနဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ ရတနာ တောင်တန်း ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်မှာ တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီကျောက်စိမ်း အရိုင်းတုံးကြီး ဟာ အလုံးတစ်လုံးတည်း ရှိတဲ့ လုံးစွတ် အမျိုးအစား ဖြစ်ပြီး အရွယ်အစားဟာ အိမ်တစ်လုံးစာလောက် ရှိပါတယ်။

အလျားက ၁၉ ပေ၊ အနံ က ၁၅ ပေ၊ အမြင့်ဆုံး နေရာက ၁၆ ပေ အထိ ရှိပါတယ်။ ၂၀၁၂ ခုနှစ် တုန်းကလည်း ၁၁၅ တန် လောက် ရှိတဲ့ လုံးစွတ် ကျောက်စိမ်း တစ်တုံး ကိုလည်း တွေ့ ရှိခဲ့ကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောပါတယ်။

လောလောဆယ်မှာ ဒီကျောက်စိမ်းအရိုင်းတုံးတွေကို လုံးခင်း-ဖားကန့်မှာ ရှိတဲ့ ကျောက်စိမ်း ညွှန်ကြားရေးမှူးရုံးကို ပို့ဆောင်ထားပြီး ပြည်ထောင်စု အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေပါတယ်။
ကျောက်စိမ်း လုပ်ကွက်ကနေ တူးဖော်ခဲ့ချိန်မှာ အလုံးတစ်လုံးတည်း ရှိတဲ့ ကျောက်စိမ်း အရိုင်းတုံးကြီး ဖြစ်ပေမယ့် အခုတော့ အပိုင်း (၄) ပိုင်း ကွဲထွက် သွားခဲ့ကြောင်း သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောပါတယ်။

ကျောက်စိမ်းအရိုင်းတုံးကြီး ကို နယ်မြေခံ ရဲ နဲ့ စစ်တပ်က လုံခြုံရေး ပေးထား ပါတယ်။
၂၀၀၀ ခုနှစ်က ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ တန်ချိန် (၃၀၀၀) လောက်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးကို ပတ္တမြားနဂါးကုမ္ပဏီကတွေ့ရှိခဲ့ပြီး အဲဒီ ကျောက်စိမ်း တုံး ကို မတူးဖော်ပဲ တွေ့ရှိတဲ့ နေရာမှာပဲ ပြသ ထားပါတယ်။

အရင်အစိုးရတွေ လက်ထက်က တန်ချိန် တစ်ရာကျော် နဲ့ တန်ချိန် တစ်ရာအောက် ရှိတဲ့ ကျောက်စိမ်း အရိုင်းတုံး တွေကို တူးဖော်ခဲ့ဖူးပေမယ့် အစိုးရက တိတိပပ သတင်းထုတ်ပြန်တာတော့ မလုပ်ခဲ့ပါဘူး။
အခု တူးဖော်တွေ့ရှိခဲ့တဲ့ တန်ချိန် (၂၀၀)ကျော် ကျောက်စိမ်း အရိုင်းတုံးကြီးကတော့ ဘယ်လောက်တန်ဖိုး ရှိမလဲဆိုတာကိုတော့ မခန့်မှန်းနိုင်သေးပါဘူး။


<ဒီနေရာမှ ပြန်လည်ကူးယူဖော်ပြပါသည်>

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...