Ads (728x90)

အပိုင်း(၁)
            အရစ်တိုတယ်(Aristotle) ဆိုသည့် သူက လူသည် တစ်ဦးတစ်ယောက်တည်း နေတတ်သူမဟုတ် အများနှင့် စုစုရုံးရုံးနေတတ်သူများဖြစ် သည်ဟု ပြောခဲ့ဘူးလေသည်။ ကမ္ဘာ့ သမိုင်းကို စိစစ်ကြည့်ရှုခဲ့ လျှင် လူ့ လောက ဟူ၍ တည်ဆောက်လာခဲ့သည့်အချိန်မှစ၍ ကိုယ့်အစုအရုံးကလေးတွေနှင့်ကိုယ် တစ်သီးတစ်ခြားစီ နေခဲ့ကြောင်းတွေ့ ရသည်။ အသေးငယ်ဆုံးသော အစုမှာ မိသားစု သို့ အဟုတ် အိမ်ထောင်စုများ ဖြစ်ချေသည်။ အိမ်ထောင်စုထဲ၌ နေကြသည့်အခါ အိမ်သားများနှင့် ပေါင်းသင်းဆက်ဆံရသည်။ အိမ်သားများ၏ တာဝန် လောက်ကိုသာ ရွက်ဆောင်ကြရသည်။ အိမ်ထောင်အကြီးအကဲ မိဘများ၏ သြဇာကိုလောက်ကိုသာ ရိုသေလေးစားကြရသည်။ ရံဖန်ရံခါ ၌သာ အစာရေစာအတွက် ဘေးအန္တရာယ် အတွက် အခက်အခဲတွေ့ တတ်ကြလေသည်။ ထိုအခက်အခဲများ နည်းပါးစေရန် သားချင်းဆွေ မျိုးတော်စပ်သူများက စုပေါင်းနေထိုင်စ ပြုလာကြသည်။ ၎င်းတို့ ကို သားချင်းစုများ ဟုခေါ်ကြသည်။`ဤသို့ သောအခါ ဆွေမျိုးသားချင်း အားလုံးနှင့် ဆက်ဆံကြရသည်။ မိမိတို့ အိမ်ထောင်မှု တာဝန်မျှသာမဟုတ် ဆွေမျိုးသားချင်းတို့ ၏ တာဝန်ကိုပါ ဆောက်ရွက်ကြရသည်။ မိဘတို့ ကိုသာမဟုတ် သားချင်းအကြီးအကဲ၏ အမိန့် သြဇာကိုပါ နာခံကြရသည်။ ထို့ နောက် အချင်းချင်း အိမ်ထောင်ယာဖက်ပြုကြသ ဖြင့် တဖြည်းဖြည်း အရေအတွက် တိုးပွားများပြား၍ လူမျိုးစုကလေးများ ဖြစ်လာကြပေသည်။ ထိုအခါ ရှေးကကဲ့သို့  သွေးနီးစပ်သူချည်း မဟုတ်ကြတော့ဘဲ သွေးဝေးသူများလည်း ရောယှက်၍ လာ၏။ သို့ ရာတွင်  ဘာသာစကားချင်း ဓလေ့ထုံးတမ်းချင်းတူကြသည် ဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက် ဆံရန် မခဲယဉ်းစေကာမူ အစုအရုံးကျယ်ပြန့် လာသည့် အားလျော်စွာ အခွင့်အရေးတာဝန်ဝတ္တရားများ ပို၍လာ၏။ အုပ်ချုပ်ရေး၊ စီမံခန့် ခွဲ ရေးတို့ ၌လည်း အခက်အခဲရှိလာကြသည်။ ထိုသို့ လူမျိုးစုကလေးမှာ ကမ္ဘာပေါ်တွင် တစ်ဦးကိုတစ်ဦး မသိကြဘဲ နှစ်ပေါင်းများစွာ နေရာ အနှံ့ အပြား နေထိုင်ခဲ့ကြပေသည်။ ၎င်းတို့ သည် အစာရေစာရှားပါး၍ ဘေးအန္တရာယ်ကျရောက်သည့်အခါ နေရပ်ဒေသမှစွန့် ခွာလျက် ရေကြည်ရာမြက်နုရာ ဆိုသလို လှည့်လည်ရွှေ့ ပြောင်းနေထိုင်ခဲ့ကြသည်။ တစ်ခါတစ်ရံ မသင့်မတင့်ဖြစ်ကာ အခြားလူမျိုးစုများနှင့်တိုက် ခိုက်ကြသည်။ တခါတရံလည်း သင့်တင့်ညီညွှတ်သွားကြသည်။ လူမျိုးစုတို့ မှာ ယဉ်ကျေးမှုများ နည်းပါးသောကြောင့် အမျိုးသားစုကြီးများ ဖြစ်အောင် မစည်းရုံးတတ်ကြသေး၊ တိုင်းကြီး ပြည်ကြီးများဖြစ်အောင်လည်း မတည်ထောင် နိုင်ကြသေး။ ဤကဲ့သို့ အခြေအနေဖြင့် နှစ် ပေါင်းများစွာ ကုန်လွန်ခဲ့လေသော် ယဉ်ကျေးမှုများ တိုးပွားလာသဖြင့် အမျိုးသားစုကြီးများဖြစ်အောင်ဖွဲ့ စည်းလာတတ်ကြပေသည်။ ဤ နေရာတွင် အမျိုးသားစုဆိုသော စကားစု၏ အဓိပ္မါယ်ကို ရှင်းပြရလျှင် အီတလီပြည်၌ ထင်ရှားကျော်ကြားခဲ့သော မက်ဇီးနီး(Mazzini) အမည်ရှိသူက အမျိုးသားစုဆိုသည်မှာ အတိတ်ရာဇ၀င်ချင်းတူညီပြီး တစ်မျိုးတည်းသော ဥပဒေဖြင့် အုပ်ချုပ်ခံရသည့် လူတစ်စုဖြစ်သည် ဟု ဖော်ပြခဲ့လေသည်။ စပင်းဂလား( Spengler) အမည်ရှိသူကမူ ဘာသာစကားချင်း မတူစေကာမူ အုပ်ချုပ်ပုံတစ်မျိုးတစ်စားတည်း မဖြစ်စေကာမူ စိတ်ဓာတ်ချင်းတူသော လူတစ်စုဖြစ်က အမျိုးသားစုဖြစ်သည်ဟု ရှင်းပြခဲ့ပါသည်။ ဥရောပသမိုင်းတွင် အလယ်ခေတ်ကုန်ခါ နီးလောက်က အစပြု၍ မျိုးချစ်စိတ်ဓာတ်များ လှုံ့ ဆော်မှုကြောင့် အမျိုးသားနိုင်ငံများ ထွန်းကားလာပေသည်။ ပြင်သစ်အရေးတော်ကြီး ပြီးသည့်အခါ၌ အမျိုးသားစုများ၊ အမျိုးသားနိုင်ငံများ သိသိသာသာကြီး လွှမ်းမိုး၍လာသည်။ အမျိုးသားစုများဖြစ်အောင် စည်းရုံးလာတတ် ကြသည့်အခါ ပို၍ ကျယ်ကျယ်ပြန့် ပြန့်  ဆက်ဆံကြရသည်ဖြစ်သောကြောင့် တာဝန် ၀တ္တရားလည်း ပို၍များပြားလာကြသည်။ ဘာသာရေး၊ စီးပွားရေး၊ စီမံအုပ်ချုပ်ရေးနှင့် ဆိုင်သော ပြဿနာများလည်း များမြောင် ရှုပ်ထွေး၍လာသည်။ ထိုသို့ ပေါ်ပေါက်လာသည့် ပြ ဿနာအရပ်ရပ်တို့ ကို လိမ္မာရေးခြားစွာ ညှိနှိုင်း ဖြေရှင်းခဲ့ကြလေသည်။ သို့ ကြောင့် အမျိုးသားစုများ တိုးတက်ကြီးပွားတည်တံ့ခိုင်မြဲ   လျက် ရှိခဲ့ကြပေသည်။
         ၁၉ ရာစု နှစ်များအတွင်း လောကဓာတ် ပညာသစ်များ တိုးတက်ထွန်းကားလျက် လေယာဉ်ပျံဖြင့် လေကြောင်းခရီးသွားလာခြင်း၊ အသံဖမ်းစက်ဖြင့် တနိုင်ငံနှင့်တနိုင်ငံ အလွယ်တကူကြားသိနိုင်ခြင်း၊ ဖြစ်လာကြသည့်အခါ ရှေးကထက် အဆပေါင်းများစွာ နီးကပ်ရင်းနီး လျက် လူတစ်မျိုးနှင့် တစ်မျိုး တစ်နိုင်ငံနှင့် တစ်နိုင်ငံ အလွယ်တကူ ၀င်ထွက်သွားလာကြပေသည်။ တစ်ကမ္ဘာကို တစ်ရွာထင်ရမည့် အခြေအနေသို့ ရောက်လာသည့်အတွက် လူမှုဆက်ဆံရေး၊ ကြီးပွားရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စသည်တို့ မှာ သိသိသာသာတိုးတက် များ ပြားလာသည်။ ပြဿနာ အရပ်ရပ်တို့ ကို တစ်နိုင်ငံတည်း လူတစ်မျိုးတည်း မဖြေရှင်းနိုင်တော့ဘဲ တစ်ဦးနှင့် တစ်ဦး ပူးပေါင်းဆောင်ရွက် ဖြေရှင်းရန် အရေးကြီးလာသည်။ သို့ ဖြစ်သည့်အားလျော်စွာ ပထမကမ္ဘာစစ်ကြီးအ ပြီးတွင်  နိုင်ငံပေါင်းချုပ်အသင်းကြီးဖွဲ့ စည်းခဲ့လေသည် ။ ထိုအသင်းကြီးက ငြိမ်းချမ်းမှု၊ လုံခြုံမှုများရရှိစေရန် အတန်တန် ကြိုးစားခဲ့သော်လည်း အမျိုးသားနိုင်ငံများ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မနာ လိုဖြစ်ကာ စိုးရိမ်မကင်းရှိလာကြသောကြောင့် ထိုအသင်းကြီးမှာ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားရ သည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးသည့်အခါ ကမ္ဘာ့ငြိမ်းချမ်းမှု တည်မြဲစေရန် အမျိုးသားနိုင်ငံအားလုံးကို မိမိတို့ ကြိုက်နှစ်သက်သော အစိုးရ မျိုးရွေးချယ် ဖွဲ့ စည်းနိုင်ရန် လူဟူသရွေ့ တောင့်တခြင်း၊ ကြောင့်ကြခြင်းကင်းလျက် အေးချမ်းသာယာစွာ နေထိုင်နိုင်ကြစေရန် မူလ နိုင်ငံ ပေါင်းချုပ် အသင်းကြီးထက် ပိုမိုထိရောက်စွာ ဆောင်ရွှက်နိုင်မည့် နိုင်ငံ့ပေါင်းစုံ အစည်းအရုံးကြီးတစ်ခု ကြိုးပမ်းဖွဲ့ စည်းကြပြန်လေသည်။
             ၁၉၄၅ ခုဇွန်လ ၂၆ ရက်နေ့ ဆန်ဖရန်စစ္စကို(San Francisco)မြို့ တွင် သဘောတူ လက်မှတ်ရေးထိုးကြလျက် ကမ္ဘာ့ကုလသမဂ္ခခေါ်သည့် နိုင်ငံပေါင်းစုံ အစည်းအရုံးကြီးကို စတင်တည်ထောင်ခဲ့ကြသည်။ များစွာသော အမျိုးသားနိုင်ငံတို့ ကား ယခုကဲ့သို့ ခေတ်မျိုးတွင် တစ်နိုင်ငံ တည်း နေနိုင်မည် မဟုတ်တော့ကြောင်း သဘောပေါက်လာကြလေသည်။ ကွယ်လွန်သူ အမေရိကန် သမ္မတကြီး ရုစ်ဗဲ့( Roosvell)က ယခုကဲ့သို့ အချိန်အခါမျိုးတွင် မည်သည့်နိုင်ငံမျှ တစ်နိုင်ငံတည်း နေနိုင်မည်မဟုတ်ကြောင်း အဖန်တလဲလဲ သတိပေးခဲ့သည်ကို ကြား  ယောင်လျက် ရှိကြသည်။ လွတ်လပ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် လည်းကမ္ဘာ့အရေးရာတို့ တွင် လျစ်လျူမရှုနိုင်၊ တစ် ဦးတည်းနေရန်လည်း မဖြစ်နိုင်တော့သောကြောင့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ တွင် ကမ္ဘာ့ကုလသမဂ္ခသို့ ဝင်ရောက်ရန် လျှောက်ထားခဲ့လေသည်။ ၁၉၄၈ ခု ဧပြီလ ၁၉ ရက်နေ့ ရောက်သောအခါ အထွေထွေ လွှတ်တော်က ကမ္ဘာ့ကုလသမဂ္ခအဖွဲ့ ဝင်နိုင်ငံတစ်ခု ဖြစ်ကြောင်း အားလုံးသဘောတူလက်ခံ လိုက်ကြသည်။ ကမ္ဘာ့ အစည်းအရုံးဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာသည့်အားလျော်စွာ ကမ္ဘာ့အခြေအနေတို့ ကို အမြဲတန်းလေ့လာကြရပေတော့မည်။ ကမ္ဘာသူ/သားများနှင့် ပြေပြေပြစ်ပြစ် ဆက်ဆံကြရပေတော့မည်။ မြန်မာ့လမ်းစဉ် မြန်မာ့ဝါဒတို့ ကို ကမ္ဘာ့လမ်းစဉ် ကမ္ဘာ့ဝါဒနှင့် ကိုက်ညီအောင် ဆောင်ရွက်ကြ ရပေတော့မည်။
ဆက်ရန် အပိုင်း(၂)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...