ကျုပ်တို့
နယ်မြို့ကလေးမှာရွာတဲ့ ကိုရွှေမိုးက သည်းမိပြီဆိုရင်အတောကို မသတ်တော့။
ကဲ…မထူးပါ ဘူး။ ကိုလွမ်းဝေ တစ်ယောက်သောက်လက်စကျစိမ့်ခွက်ကို လက်စဖြတ်ရင်း ဆေးပေါ့လိပ်ကိုသာ အတွင်ဖွာပြီး ဆက်ထိုင်နေလိုက်တော့သည်။ မိုးအေးအေးနှင့်လက်ဖက်ရည်ကို
ဇိမ်ခံသောက်နေရာက ဟိုဟိုဒီဒီကြည့်လိုက် တော့ ကောင်တာစားပွဲဘေးမှာ
ခုံပုလေးနှင့် အစီအရီတင်ထားသော အပတ်စဉ်ထုတ်ဂျာနယ်များကို တွေ့မိသွားသည်။
မိုးရေစိုစိစိနဲ့ ဘယ်မှသွားမကောင်းမယ့်အတူတူ ဂျာနယ်ထိုင်ဖတ်နေတာကမှ ကောင်းလိမ့်ဦးမယ်။
ဒါနဲ့ပဲ ဂျာနယ်တွေကို ဟိုလှန်ဒီလှန်၊ကြည့်လိုက် ဆေးပေါ့လိပ်ကလေးဖွာလိုက်နဲ့ အတော့်ကိုဟုတ်နေ သည်။ သတင်းအတိုအထွာများ၊ နိုင်ငံရေးဆောင်းပါးများနှင့်
သရော်စာများက စိတ်ဝင်စားစရာ၊ တစ်ချို့လည်း ၀မ်းစာမပြည့်တာကို မြင်နေရသည်။
ဒါပေမဲ့ စာဖတ်သူအပေါ်ထားသော စေတနာကတော့ ထင်ထင်ရှားရှား။ ၀မ်းစာမ ပြည့်တာက
ခေတ်ကာလ အခြေအနေပေါ်လည်း မှုတည်မည်။ ဘယ်နှယ့် စာလေးပေလေး နည်းနည်း
လွတ်လွတ်လပ်လပ်ရေးနိုင်၊သားနိုင်ဖြစ်တာမှ
ဘာကြာသေးလို့လဲ။ တကယ်တော့ ကိုလွမ်းဝေသည်လည်း တစ်ချိန်ကတော့
စာနယ်ဇင်းလောကမှာ ကျင်လည်ခဲ့ဖူး သူတစ်ယောက်။ အခုလို စတုတ္ထမဏ္ဏိုင် (Fourth
Estate)လို့ ခမ်းခမ်းနားနား ကင်ပွန်းတတ်မခံရခင်ကတည်းက သူ့၏
ကျင်လည်ရာဝန်းကျင်မှာ စာပေလောက၊ စာနယ် ဇင်းလောက ။
ဟိုးတုန်းကတော့ အခုလို မလွတ်လပ်ပါ။ ပန်းချီဆရာဆိုလည်း ပန်းချီဆရာမို့လို့
အနီရောင်နှင့် အနက်ရောင်မသုံးနဲ့ စိတ္တဇဆန်ဆန်တွေမလုပ်နဲ့။ ဆင်ရုပ်လေး၊
ရေအိုးကလေးရွက်လာပုံလေးပဲဆွဲ။
ပို့စ်မော်ဒန် ဘာညာ၊ စိတ္တဇပန်းချီတွေ လုပ်လာပြီဆိုတာနဲ့ စိစစ်ရေးက သူတို့
ထင်သလို အဓိပ္ပါယ်ကောက်ပြီး အစိုးရကို ဝေဖန်တိုက်ခိုက်တယ်လုပ်တော့တာပဲ။
အဲဒီလိုဆိုလို့ကတော့ သွားပြီသာမှတ်၊ ဘယ်ပြပွဲမှ တင်ခွင့်ရလိမ့်မယ်
မထင်လေနဲ့။ စာရေးဆရာတွေဆိုရင်တော့ ရေးသမျှ စာအုပ်အသစ်ကို
လေးစုံကော်ပီကူးပြီး စာပေစိစစ်ရေးကို တင်။ သူတို့မကြိုတ်တာ
အားလုံးဖြုတ်ပြီး ခင်ဗျား ဖန်တီး ထားတဲ့ အနုပညာလက်ရာပျက်ပျက်၊ မပျက်ပျက်
ပြန် သာရေးပေတော့။
“ ကိုလွမ်းဝေကြီး၊ ဟေ့ … ကိုလွမ်းဝေကြီး ”
ကိုယ့်အတွေးနှင့်ကိုယ်နစ်မြောနေရာမှ ကျုပ်နာမည်ကို အနီးကပ်အော်ခေါ်လိုက်သံကြောင့် မော့ ကြည့် လိုက်ရာ မောင်မောင်ဦးဆိုသော ချာတိတ်လေးကို ဂျာနယ်တစ်စောင်ကိုင်လျှက်သား မြင်လိုက်ရသည်။
“ ခင်ဗျားကလည်းဗျာ၊ ဒီလောက်ခေါ်တာ မကြားတဲ့အတိုင်းပဲ။”
“ အေးကွာ၊ ကိုယ့်အတွေးနဲ့ကိုယ်၊ မိုးသံလေသံကလည်း ဆူနေတယ်မဟုတ်လား ” ကျုပ်က အလိုက် သင့်အလျားသင့် ပြန်ပြောလိုက်ရပါသည်။
“ ဟေ့လူ ခင်ဗျားတို့ ဦးတေဇက ဘာလဲဗျ”
“ ဘာဖြစ်လို့တုန်းကွ၊ ဘယ်နှယ့် ငါ့ရဲ့ ဦးတေဇဖြစ်သွားရပြန်တာလဲ။” ရော
ခက်ပဲခက်ရချည်ရဲ့။ ထူးဖောင်ဒေးရှင်းက ဘယ်လိုဝေးလံတဲ့ ဒေသတွေမှာ
မှုလတန်းကျောင်းလေးလှူတဲ့အကြောင်း၊
ခါကာဘိုရာဇီ တောင်ပေါ်ပထမ ဆုံးမြန်မာနိုင်ငံသား ချည်းပါတဲ့
တောင်တက်အဖွဲ့အနေနဲ့ ခြေချနိုင်ဖို့ ကျိုးစားရင်း ကံဆိုးသွားရှာ တဲ့
တောင်တက်သမားနှစ်ယောက်ကို ကိုယ်တိုင် အပင်ပန်းခံ၊
ငွေကုန်ခံလိုက်ကယ်ဖို့ကြိုးစားတဲ့
ဗမာသူဌေးကြီး ဦးတေဇဆိုတာတွေကို ကျုပ်က အင်တာနက်ကနေ သူ့ကို
ဖတ်ပြခဲ့တုန်းကတော့ ဦးတေဇကို အားကျလိုက်တာ သူ့အပြင်မရှိ။ အမှန်တကယ်လည်း
မောင်မောင်ဦးက ပရဟိတအလုပ် တွေကို စိတ်အားထက်သန်သူ။ စိတ်ရင်း ကောင်းပြီး
ရိုးသားတက်ကြွသော လူငယ်လေးတစ်ဦး။
“ ဒီလိုကွ မောင်ဦးရ၊ ငါဦးတေဇကို တွေ့ဖူးတယ်၊”
သူ အတော်အံ့အားသင့်သွားပုံရပါသည်။
သူတို့ မျက်စိရှေ့မှာပဲ တစ်ချိန်လုံး ကျွန်တော်ရှိတာဆိုတော့ ဘယ်အချိန်များ
မြန်မာနိုင်ငံရဲ့ နာမည်ကျော်သူဌေးကြီးနဲ့ တွေ့သွားတာပါလိမ့်ပေါ့။
“ အေးလေ၊ ဂျာနယ်တွေမှာ ဓါတ်ပုံတွေပါတာပဲ၊ တွေ့ဖူးတာပေါ့ကွ”
“ ခင်ဗျားကလည်း၊ ကျွန်တော်က အဟုတ်မှတ်လို့ နားထောင်နေတာ” သူ နည်းနည်းတော့
ကသိက အောင့် ဖြစ်သွားပုံရပါသည်။ ဟုတ်တယ်လေ။ ဘာဆိုင်တာမှတ်လို့
စာနယ်ဇင်းလောကမှပဲ တစ်ချိန်က ကျင်လည်ခဲ့သူတစ်ယောက်နဲ့ မြန်မာနိုင်ငံရဲ့
စီးပွားရေးလုပ်ငန်းရှင်ကြီးဆိုတာ တွေ့စရာအကြောင်းက သိတ် မရှိခဲ့ပါ။ နောက်ပြီး ကျုပ်တို့ခေတ်တုန်းက အခုလို သတင်းစာရှင်းလင်းပွဲဘာညာတွေဆိုတာလည်း ပုဂ္ဂလိက အနေနဲ့ လုပ်ဖြစ်ကြဖို့ ခဲယဉ်းသားပဲ။
“ ဒီမှာကြည့် ကိုလွမ်းဝေ…၊ ဦးတေဇ ခုတ်လို့ သစ်တောတွေ ပြောင်ကုန်တာတဲ့ဗျ။ ဂျာနယ်မှာ ပါလာ ပြီ။ ”
“ ဟေ့ …ဟုတ်လား၊ မှန်းစမ်း၊ ဘယ်ဂျာနယ်မှာ ပါလာတာတုန်း၊ ငါ့ကို
ပြပါဦးဟ…မောင်ဦးရ။” ကျုပ် အတော်ကြီး စိတ်ဝင်စားသွားပါသည်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်သည်နှင့်အတူ စာနယ်ဇင်း
လောကသည်လည်း အတော်တိုးတက်လာပြီပေါ့။ သည်လို နာမည်အတိအကျတပ်ပြီး
ရေးနိုင်ဖို့၊ စွဲချက်တင်ပြီး ရေးနိုင်၊သားနိုင်ဖို့ဆိုရင် ခိုင်မာသည့်သက်သေအထောက်အထားများစွာ လိုပေလိမ့်မည်။ ဒီလိုသာ အမှန် တကယ် ခိုင်ခိုင်မာမာရေးသားနိုင်ပြီဆိုလျှင်
မြန်မာ့စာနယ်ဇင်းလောက၏ (investigative journalism) ကဏ္ဍ
အတော်ကြီးအားကောင်းလာပြီ ဆိုရပါမည်။
မောင်ဦးဆီမှာ
ဂျာနယ်ကို ကျုပ်လှမ်းယူပြီး သူပြောသည့် ဦးတေဇခုတ်လို့
သစ်တောပြောင်ပြီဆိုတဲ့ စာမျက်နှာ ကို ကြည့်လိုက်သည်။ ပထမတော့
ကျုပ်စိတ်ထဲမှာ အချက်အလက်၊အကိုးအကားများဖြင့်
ခိုင်ခိုင်မာမာ ဖော်ပြထားသည့် ဆောင်းပါးကောင်းတစ်ပုဒ်ကို မြင်ရမလားဟု
မျှော်လင့်ထားမိခဲ့သည်။ ကြည့်လိုက်တော့ “ သဘောထားအမြင်” ဟု ခေါင်း
စဉ်တတ်ထားသည့်စာမျက်နှာ။ ဂျာနယ်နာမည်က အဓိပတိ၊ အတွဲ (၃)၊ အမှတ် (၁၃)၊
ဇူလိုင်လ (၁)ရက်ထုတ်။ ရေးထားသည့် ခေါင်းစဉ်က “ အာဏာရှင်နှင့်ပေါင်းစားနေသော ခရိုနီကြီးများ” ။ ကလောင်နာမည်ကြည့်တော့ ရှာမတွေ့။ ထားပါ တော့။
“ တွေ့လား၊ ကိုလွမ်းဝေ အဲဒီမှာ … (သစ်တောများအား ဦးတေဇပိုင်ထူးကုမ္ပဏီအပါအ၀င်
ခရိုနီများ၏ မဆင်မခြင် ခုတ်လှဲရောင်းချမှုကြောင့် သစ်တောဖုံးလွှမ်းမှု
ဧရိယာတစ်နိုင်ငံလုံး၏ ၁၇ ရာခိုင်နူန်းအထိ ကျဆင်း သွားခဲ့ရပြီး
ယခင်မကြုံဖူးခဲ့ရ သည့် ရာသီဥတုဖောက်ပြန်မှုများကို အပြင်းအထန်
ခံစားလာရသည်)….တဲ့ တွေ့ပြီမို့လား”
ဂျာနယ်စာမျက်နှာပေါ်
လက်ထောက်ပြီး သူဖတ်လို့ပြီးတဲ့အထိ ပြုံးပြီး နားထောင်နေမိသည်။
စိတ်ထဲတွင်တော့ ကျုပ်တို့ ယနေ့မြန်မာ့စာနယ်ဇင်းလောကမှ
အချို့သော ကလောင်ရမ်းသူများ၏ အန္တာရယ်ကို တွေးနေမိသည်။ ကိုယ်ကျင် လည်ခဲ့ဖူး
တဲ့ဝန်းကျင်ဆိုတော့လည်း မဆိုင်ဘူးဟု အသာမထားလိုက်နိုင်။ မောင်ဦးကိုတော့
စကား တွေ အများကြီး မလွှဲသာ မရှောင်သာ ပြောရပါတော့မည်။
“
ဒီလိုရှိတယ်…မောင်ဦး၊ အဲဒါစာနယ်ဇင်းအရေးအသား မဟုတ်ဘူး။ ပုဂ္ဂရေးအပုပ်ချတာ
သက် သက်ကြီး။ မင်းတို့ လူငယ်တွေက သတင်းဆာလောင်တဲ့ခေတ်မှာ
လူဖြစ်လာတဲ့ကောင်တွေဆိုတော့
ဂျာနယ် တွေကို တန်ဖိုးထားပြီး ဖတ်ကြတယ်။ အဲဒီလို စည်းပျက်ကမ်းပျက်
ကလောင်သရမ်းတဲ့ကောင်တွေက ထင်သလို ရမ်းရေး။ ဟိုထိုးဒီကော်လုပ်ရင်
စောင်ရေတွက်မယ်လို့ ခပ်ပေါ့ပေါ့တွက်ထား၊ မင်းလည်းကြားဖူးမှာပါ၊ ဓါးသွားထက်
ကလောင်သွား ထက်တယ်ဆိုတာ။ ဒီစာရေးတဲ့ကောင်ကတော့ ကလောင်သွားထက် မထက် မသိဘူး။
နာမည်တောင် မပါရှာဘူး။ အယ်ဒီတာအာဘော်သဘောမျိုးဆိုလည်း အယ်ဒီတာအဖွဲ့ ဒီလိုမျိုး လုပ် ပေါ့။”
“ ငါပြောပြမယ်နားထောင်…မောင်ဦးရေ။
အဲဒီအရေးအသားတွေက စာနယ်ဇင်းအရေးအသား မဟုတ် ဘူးဆိုတာ အလွတ်
လက်မဲ့ပြောနေတာမဟုတ်ဘူး။ နံပါတ်တစ်ချက် ကိန်းဂဏန်းအချက်အလက် အထောက်
အထားမပါဘူး။ နှစ်အချက် ဦးတေဇတစ်ယောက်တည်းကိုပဲ နာမည်တပ်ပြီး
ပစ်မှတ်ထားပြောနေတယ်။ ခေါင်း စဉ်တပ်ထားက ခရိုနီများဆို။ သုံးအချက်
စာဖတ်သူနဲ့ တိုင်းပြည်အတွက် ဘာအဖြေတစ်ခုကို သူချပြထားတာ ရှိလဲ…။
လက်ရှိဂျာနယ်လောကမှာ ကျင့်ဝတ်သိက္ခာကို ထိန်းတဲ့မီဒီယာကြီးတွေရှိပါတယ်၊
ဒါပေမဲ့ အခုလို ဆူလွယ် နပ်လွယ်သမားတွေကြောင့် ကျန်တဲ့ သိက္ခာရှိရှိ
ရပ်တည်တဲ့ စာနယ်ဇင်းသမားတွေရော…။ အိုကွာ ပြောရရင် အခုစတုထ္ထမဏ္ဏိုင်
လို့ပြောနေတဲ့ (Fourth Estate) တစ်ခုလုံးကို ထိခိုက်တယ်။ ”
“ ဟုတ်ကဲ့၊ ကိုကြီးလွမ်းဝေ ”
“ အစောကပြောတဲ့အထဲမှာ ဦးတေဇတစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားပြီးရေးတယ်လို့ ငါပြောခဲ့ တယ်နော်၊ ကောင်းပြီ…၊ ထိရှလွယ်ပဋိပက္ခဆိုင်ရာစာနယ်ဇင်းပညာ(မြန်မာနိုင်ငံအတွက်လက်စွဲစာအုပ်)ရဲ့ စာမျက်နှာ (၃၆)မှာ ဖော်ပြထားတဲ့ ကောင်းမွန်သောစာနယ်ဇင်းပညာမဟုတ်ပါဆိုပြီး
ရေးသားထားတဲ့အချက် တွေထဲမှာ - ရည်ရွယ်ချက်ရှိရှိ အခြားသူများအား
ထိခိုက်နစ်နာစေခြင်း- ဆိုတဲ့အချက်တစ်ချက်ပါတယ်။ ဆိုလိုတာက
သက်သေအထောက်အထားခိုင်မာမှုမရှိ၊ မဖော်ပြနိုင်ဘဲနဲ့ ဘယ်သူလုပ်လို့ ဖြစ်ပါသည် ဆိုတာမျိုး အခိုင်အမာ နာမည်တပ်ပြီး ရေးတာမျိုးက မကောင်းတဲ့ စာနယ်ဇင်းပညာပဲပေါ့။”
ကျုပ်ကချည်းပြောနေပြန်တော့လည်း
ဖိပြောနေသလိုဖြစ်နေဦးမယ်။ “ ကဲ…မောင်ဦးရေ …မင်းသိချင် တာ မေးပါ၊ ရပါတယ်။
ငါသိသလောက်တော့ ပြောပေးပါမယ်။” ဟု ပြောရင်း ဆေးပေါ့လိပ်မီးညှိဖို့အတွက် စားပွဲပေါ်ကိုမှ ဂတ်စ်မီးခြစ်ကို ကိုလွမ်းဝေလှမ်းယူလိုက်သည်။
“ သစ်တွေခုတ်တာတော့ အမှန်ပဲမို့လားဗျ …ကိုလွမ်းဝေရ ”
“ အေးလေ၊ ဟုတ်တာပေါ့။ ခုတ်လို့ပဲ ပြောင်သွားတာပေါ့ကွ။ဒါပေမဲ့ သစ်တောတွေ (၁၇)ရာခိုင်နူန်း လောက်ပဲ ကျန်တော့တယ်လို့ ပြောတိုင်း ဦးတေဇခုတ်တာပဲလို့ မင်း သေသေချာချာ ပြောနိုင်ပြီလား။ ”
“အင်း …ဖေ့ဘွတ်ခ်ထဲတော့…ဟို..”
“ ရပါတယ်၊ မောင်ဦးရယ်…ငါလည်း ၂၁ရာစု မောင်လွမ်းဝေပါ၊ ဖေ့ဘွတ်ခ်ကို ငါလည်း
သုံးပါတယ်၊ မင်း ကိုးကားပြီး ပြောလို့ ရပါတယ်။ ပြောကြည့်ပါလား။
မြန်မာနိုင်ငံသစ်တောပြုန်းတီးမှုရာခိုင်နူန်းဘယ်လောက်က ထူးကုမ္ပဏီက ခုတ်တာပါလို့ အတိအကျပြောနိုင်တဲ့ဖော်ပြချက်။ ခိုင်ခိုင်မာမာအင်စတီကျူတစ်ခု၊ သစ်တောဋ္ဌာန၊ ဒါမှမဟုတ် နိုင်ငံတကာNGO တွေ၊ ဥပမာ - Forest Trends လိုမျိုးကနေ ဖော်ပြတာမျိုးများ မင်းဖတ်မိလား။”
“ မတွေ့မိပါဘူး။ ကိုလွမ်းဝေရာ… အင်း …တရုတ်က သစ်ခိုးထုတ်တဲ့ သတင်းတွေတော့ ကျွန်တော် ဖတ်ရပါတယ်။”
“ ဟုတ်တာပေါ့။ တရုတ်ကခိုးထုတ်တာ နှစ်ပေါင်းများစွာကြာခဲ့ပေါ့။
တကယ်သာ အမျိုးသား အကျိုးစီးပွားကို ရှေးရှုတဲ့ စာနယ်ဇင်းသမားဆိုရင်
ဒီအချက်ကို ဘယ်မေ့ထားလိမ့်မလဲ။ အခုက ဦးတေဇ အကြောင်းပဲ ဇောင်းပေးပြီး
သက်သက် အပုပ်ချတာပါ ငါကောင်ရာ၊ မင်းလည်း ဖတ်ပြီး စိတ်ထဲသိတ်ထား မနေနဲ့။
နောက်ပြီး ငါတို့က ဗုဒ္ဓဘာသာဝင် ဗမာလူမျိုး တွေ မဟုတ်လား ”
“ဟုတ်ကဲ့” မောင်ဦးအသံက မိုးသံတွေဆူနေပေမယ့် ဘေးဝိုင်းများမှ ကြားရလောက်အောင်ကို တက် ကြွ ကျယ်လောင်နေသည်။
“ မင်းသိပါတယ်၊ ငါတို့ဘုရားက ကာလာမသုတ်မှာဟောထားတယ်မို့လား။ ကိုယ်တိုင်စဉ်းစားချင့်ချိန်
ပြီးမှ လက်ခံပါ၊ သူများပြောတိုင်း မယုံပါနဲ့။ ဒီအချက်အရေးကြီးတယ်ကွ။
နောက်ပြီး သစ်လုပ်ငန်းနဲ့ ပတ်သက် ပြီး သိချင်ရင် ဗဟုသုတအနေနဲ့
ငါပြောပြမယ်။”
“ ဒီလိုမောင်ဦးရေ … သစ်ထုတ်တယ်ဆိုတာ
အစိုးရခွင့်မပြုဘဲဘာမှ လုပ်လို့ကိုမရဘူး။ တည်ဆဲ ဥပဒေ အတိုင်းပဲ လုပ်ရတယ်။
နောက်ပြီး အဲဒီမှာ ADAE စနစ်ဆိုတာရှိတယ်။ သဘောက ကုန်ထုတ်လုပ်မှုစားရိတ်တွေ
လုပ်ငန်းရှင်က အရင်စိုက်ထား၊နောက်မှ အစိုးရကပြန်ထုတ်ပေးမယ်။ ထုတ်လို့ရတဲ့
သစ်ကို အစိုးရကို အပ်၊ အစိုးရအတွက် တာဝန်ခံပြီး ကိုယ်စားထုတ်ပေးရတဲ့သဘောပဲ။ ဒါကိုပဲ အစိုးနဲ့ပေါင်းစားတယ်ပြောရင်တော့
အဲဒီအချိန်မှာ မြန်မာစီးပွားရေးသမားတွေ သစ်မထုတ်ကြဖို့ပဲရှိတယ်။ တကယ်တော့
ငါသိသလောက် ဦးတေဇ တို့ ကုမ္ပဏီက စွန့်စွန့်စားစားထုတ်ပေးခဲ့လို့
တရားဝင် သစ်အနေနဲ့ အစိုးရအခွန်ရတဲ့ အပိုင်းတွေရှိတယ်။ ပြော ရရင်
မီးလောင်နေတဲ့အိမ်ထဲက ရသလောက်အဖိုးတန်တာ ပြန်ဆွဲထုတ် ယူရတဲ့သဘောပေါ့ကွာ၊
နမို့ တရုတ် ဘက်ခိုးထွက်နေတဲ့ သစ်က နည်းမှမနည်းပဲ။
မင်းများများသိချင်ရင်တော့ အလုပ်ပိတ်တဲ့ ရက်တွေ ငါ့အိမ် လာခဲ့ပေါ့ကွာ။”
“ နေဦးဗျ၊ စစ်အစိုးရလက်ထက်မှာ လက်နက်ရောင်းဝယ်မှုနဲ့ ပတ်သက်တယ်လို့ ပြောသေးတယ်နော်။”
“ မင်းလည်း ဂျာနယ်တွေဖတ်နေတာပဲ။ အဲဒီကိစ္စကို ဦးတေဇက စာနယ်ဇင်းသမားတွေကို
ရှင်းပြပြီးပြီ ဆိုတာ မင်းလည်း ဖတ်မိမှာပါကွာ။နောက်ပြီး
လက်နက်ရောင်းတဲ့ကိစ္စမှာပါခဲ့တဲ့ အထောက်အထားမရှိဘူးလို့ အမေရိကန် အရာရှိ တစ်ယောက်ပြောထားတာလည်း အင်တာနက်မှာရှာရင် မင်းတွေ့လိမ့်မယ်။ ”
အငြိုးနဲ့သည်းထန်ခဲ့လေသော စနေမိုးကား ရပ်သွားပါပြီ။ စနေမိုးစဲသွားပေမယ့်
ကျုပ်ရင်ထဲက အတွေး များကတော့ မရပ်နိုင်ပါ။ မောင်မောင်ဦးနှင့်လက်ဖက်ရည်ဆိုင်ကနေ
လမ်းခွဲချိန်မှာတော့ ကျုပ်တစ်ဦးတည်း အတွေးများဖြင့် လျှောက် လာမိသည်။
သည်လိုကလောင်သရမ်းသူ ငခုံးမတစ်ကောင်ကြောင့် လက်ရှိ ရနေသည့် ယဲ့တဲ့တဲ့
စာနယ်ဇင်းလွတ်လပ်ခွင့်လေး ထိခိုက်သွားနိုင်တာကိုလည်း တွေးပူမိနေတယ်။ ကျုပ်က
နယ်မြို့ လေး မှာ အေးအေးလူလူ ဈေးရောင်းနေပေမယ့် စာနယ် ဇင်းလောကကိုတော့
သံယောဇာဉ် မကုန်တတ်သေး။ အထောက်အထားခိုင်မာမှုမရှိဘဲ နာမည် တပ်စွပ်စွဲ
ရေးသားပုံကတော့ ဘာပဲဖြစ်ဖြစ် အောက်တန်းကျလှသည်။ နိုင်ငံကလည်း အစစအရာရာ
သတိထားပြီး တိုးတက် အောင် လုပ်ဆောင်ရမည့်အချိန်၊ ပြည်ဝမ်းကိုမဖောက်နဲ့
ဆိုတော့ စကားလည်းရှိသည်မဟုတ်ပါလား။ မြန်မာ လူမျိုး သူဌေးတစ်ဦးကို
စာမျက်နှာပေါ်ကနေ သက်သေ အထောက်အထားမဲ့ အပုပ်ချရေးသားနေမယ့်အစား
ဖွံ့ဖြိုးရေးအတွက် လက်တွဲ လုပ် ဆောင်နိုင်မည့် နည်းလမ်း ကို ရှာသင့်သည်။
ဘီလျံနာ၏ငွေများက တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးဖို့ မောင်းနှင်အားတွေ ဖြစ်မလာ နိုင်ဘူးလား။ သေချာတာကတော့ သည်မိုး၊သည်လေ… ဒီလူတွေနဲ့တော့ ရှေ့ဆက်ဖို့ ခက်နေပါသေးတယ်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။