Ads (728x90)



               ပြည်သူ့ နီတိဘာသာရပ်သည် နိုင်ငံသားတစ်ယောက်အဖြစ် ခံယူနိုင်အောင် သင်ကြားပေးသည့် ဘာသာဖြစ်သည်ကို သိကြပြီဖြစ်သည်။ သို့ ဖြစ်၍ နိုင်ငံသား ဟူသော စကားမှာ မည်မျှ အရေးပါ အရာရောက်သည်ကို သိနားလည်ရမည် ဖြစ်သည်။ အရစ္စတိုတယ် (Aristotle) အမည်ရှိသော သူက "နိုင်ငံသားဆိုသည်မှာ နိုင်ငံတော်၏ တာဝန်ကို ဝေပုံကျထမ်းဆောင်၍ ၀တ္တရားအလိုက် ခံစားထိုက်သော အခွင့်အရေးတို့ ကို ခံစားပိုင်ခွင့်ရှိသူတစ်ယောက်ဖြစ်သည်ဟုဆို၏။" သို့ ကြောင့် နိုင်ငံသား အဖြစ်ခံယူရရှိသူ မှန်သမျှ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ရမည့်တာဝန်၊ နိုင်ငံတော်က ပေးစွမ်းနိုင်သော အခွင့်အရေးဟူသမျှကို ခံစားရမည့် တာဝန်ရှိသူဟု မှတ်ယူရမည်။ အကယ်၍ နိုင်ငံသားတစ်ဦးတစ်ယောက်မှ ထိုတာဝန်များ ပျက်ကွက်ချေသော် တရားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရစေကာမူ နိုင်ငံသားဖြစ်ထိုက်သော အရည်အချင်းမရှိဟု မှတ်ယူသင့်သည်။
            နိုင်ငံသားတိုင်း၌ နိုင်ငံသားအဖြစ်ခံယူရရှိသူ အရေအတွက်များစွာ ရှိသည်။ သို့ သော် အားလုံးနိုင်ငံသား ဖြစ်ထိုက်သော ဂုဏ်အင်္ဂါအရည်အချင်းများ ရှိကြပါသလားဟု ဆန်းစစ်သင့်သည်။ ထိုသို့ စိစစ်သော် အရေအတွင် ယုတ်လျော့သွားသည်မှာ အမှန်ပင် ဖြစ်သည်။ နိုင်ငံတစ်ခု၏ ယဉ်ကျေးခြင်း အဆင့်အတန်းမှာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံသော နိုင်ငံသားအရေအတွက် အနည်းအများပေါ် မူတည် သည်။ ကျွန်တော်တို့ နိုင်ငံတော်၌လည်း အလားတူ စိစစ်၍ အဆင့်အတန်းမှန်းဆရမည်။ သို့ သော်နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်းမှာ  လူတိုင်း နိုင်ငံသားအဖြစ် ခံယူနိုင်လောက်သော အရည်အချင်း ဂုဏ်သိက္ခာများရှိလာအောင် မနားမနေ ကြိုးစားရမည် ဖြစ်သည်။
           တိုင်းပြည် နိုင်ငံအသီးသီးမှာပင် နိုင်ငံသား နှင့် နိုင်ငံခြားသားဟူ၍ ရှိသည်။ တဖန် နိုင်ငံသားမှာလည်း နိုင်ငံတော် အတွင်းမွေးဖွားကြီးပြင်း သူ ဖြစ်ပြီး အလိုအလျောက် နိုင်ငံသား ဖြစ်ခွင့်ရသော ပင်ကိုယ်နိုင်ငံသားများနှင့် အခြေခံ ဥပဒေအရ အခြားတစ်နိုင်ငံတွင် မွေးဖွားစေကာမူ နိုင်ငံသားဖြစ်ခွင့်ရရှိသူ / နိုင်ငံသားအဖြစ်ခံယူသူများ ဟူ၍ ကွဲပြားခြားနားသည်။ အချို့ နိုင်ငံမှာ နှစ်မျိုးလုံး အခွင့်အရေး တူမရကြသောလည်း အချို့ နိုင်ငံများတွင် အခွင့်အရေးတူ ရကြသည်။
         နိုင်ငံသားဖြစ်ခွင့်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူညီပေ။ မြန်မာနိုင်ငံတော် အခြေခံ ဥပဒေ၌ကား တိုင်းရင်းသားအမျိုးမျိုး  သို့ မဟုတ် ဘိုး  ဘွားများအနက်  အနီးဆုံးတစ်ဦးမှ နိုင်ငံတော်အတွင်း မွေးဖွားသူ၊ ပြည်ထောင်စု နိုင်ငံ၏ နိုင်ငံသားဖြစ်သော သို့ မဟုတ် တိုင်းရင်းသား အဖြစ် ခံယူခွင့်ရှိသော မိဘ နှစ်ပါးမှ နိုင်ငံတော်အတွင်းမွေးဖွားသူ ဖြစ်ရမည်။ ထိုဥပဒေများကို ကြည့်ခြင်းအားဖြင့် မည်မျှတရားမျှတမှု ရှိ သည်ကို ချိန်ဆနိုင်သည်။
        နိုင်ငံသား ဖြစ်စေရန် မည်သို့ သော စည်းကမ်းချက်များရှိသည်ကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထို့ အတူ နိုင်ငံသား ပီသစေရန် ရှိသင့်သော ဂုဏ် အင်္ဂါ အရည်အချင်းများကိုလည်း နားလည်သင့်သည်။ ၎င်းတို့ မှာ အရေအတွက်အားဖြင့် များပြားလှသည်။ အသေးအဖွဲ မကျန် ပြည့်စုံအောင် ဖော်ပြမည် ဆိုပါက ကုန်နိုင်မည် မဟုတ်ပေ။ သို့ ဖြစ်၍ အဓိက ကျသော အချက်များကိုသာ ရေးသားသွားပါမည်။ ဗရစ္စဆိုသောသူက အောက်ပါအတိုင်း ခွဲခြားပြဆိုခဲ့သည်။
              နိုင်ငံသားပီသစေရန် အရေးကြီးဆုံး ပြည့်စုံရမည့် အင်္ဂါမှာ အသိဥာဏ်ပင်ဖြစ်သည်။ နိုင်ငံသားတိုင်း အသိဥာဏ်ရှိစေရန် အခြေခံပညာနှင့် အတွေ့ အကြုံ ဗဟုသုတများလိုပေသည်။ အရာရာတွင်  ကျွမ်းကျင် နားလည်နိုင်မည် မဟုတ်သော်လည်း နေရာတကာတွင် တီးမိ ခေါက်မိ ရှိရမည်ဖြစ်သည်။ သို့ မှသာ နိုင်ငံတော်၏ အကျိုးအတွက် သင့်လျော်မည့် နေရာတွင် ၀င်ရောက် ဆောင်ရွက်နိုင်မည်။ လွတ်လပ် သောနိုင်ငံဖြစ်ပါလျက် သူတစ်ပါး နှာခေါင်းဖြင့် အသက်ရှုနေရမည်ဆိုပါက ကမ္ဘာ့အလယ်တွင် ရှက်ဖို့ ကောင်းပေမည်။ ထို့ အပြင် နိုင်ငံသားမှန်သမျှတွင် အကောင်းအဆိုး အကျိုးအပြစ်တို့ ကို ဝေဖန် ပိုင်းခြားတတ်သော ဥာဏ်လဲ ရှိကြရမည်။ သို့ မှသာ လူထူ မဖြစ်ဘဲ လူထု ဖြစ်မည်။ ဒီမိုကရေစီခေတ်တွင် လူထု၏ ဆန္ဒမှာ အရေးကြီးဆုံးသော အစိတ်အပိုင်းဖြစ်၍ ကောင်းကျိုး မကောင်းကျိုးမှာ လူထု၏ အသိဥာဏ်ပေါ်တွင် မူတည်သည်။ ထို့ အတွက် နိုင်ငံသားပီသစေရန် အသိဥာဏ် ရှိဖို့ လိုသည်။
           တဖန် နိုင်ငံသားတို့ သည် မိမိကိုယ်ကို ထိန်းသိမ်းစောင့်စည်းတတ်သော သဘောလည်းရှိရသည်။ ယဉ်ကျေး သိမ်မွေ့ ခြင်း၊ စိတ်သဘောထားကြီးခြင်း၊ စည်းကမ်းသေ၀ပ်ခြင်း၊ ရိုသေ ကျိုးနွံခြင်း စသည်တို့ မှာ ကိုယ်နှုတ်နှလုံး သုံးပါးလုံးကို စောင့်စည်းထိန်းသိမ်း နိုင်သော အရည်အချင်းများဖြစ်ကြသည်။ ထိုသို့ ထိန်းသိမ်းစောင့်စည်း နိုင်ကြမှာသာ မိမိနှင့် အပေါင်းအဖော်များပါ အကျိုးစီးပွားဖြစ်ထွန်း တိုးပွားလျက် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်း ဖြစ်ပါလိမ့်မည်။ “ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်” ဟူသော  ငါထင်ရာ ငါပြုမည် ဆိုသော စိတ်မျိုးကို ပြင်ရပါမည်။ အများနှင့်အတူ နေသူမှန်သမျှ အများကိုငဲ့ရစမြဲ၊ အများကို ငဲ့ရသမျှ စည်းကမ်းနှင့် မကင်းနိုင်။ စည်းကမ်းဆိုသည်မှာ အများအကျိုးအတွက် ထားရသည် ဖြစ်သောကြောင့် စည်းကမ်းမရှိက အသက်ပင် ရှင်သန်ကြီးပွားနိုင်တော့မည် မဟုတ်ဟု R.M Maciver က ဆိုခဲ့သည်။ ထို့ ကြောင့် နိုင်ငံသားတိုင်း စည်းကမ်းရိုသေလေးစားသော သဘောရှိသင့်သည်။ လူအများ၏ အကျိုးအတွက် ရည်ရွယ်ချက်ထား၍ ဖွဲ့ စည်းထားသော အစုအဖွဲ့ ကို နိုင်ငံတော်ဟု သတ်မှတ်ပါက နိုင်ငံသားဟူသော အမည်မှာ အများ၏ ကောင်းကျိုးအတွက် ရည်ရွယ်၍ ဆောင်ရွက်ရမည့် အသင်းသားတစ်ဦးဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။ ထိုအမည်နှင့် လိုက်လျောအောင် ကောင်ကျိုးကိုငဲ့၍ထင်သလို ပြောဆို ပြုမူ ပြောဆို ကျင့်ကြံခြင်းမဖြစ်စေရန် စောင့်စည်းရပေမည်။  နိုင်ငံသားတို့ မှာ ပြည်သူ့ တာဝန်ကို သိနားလည်ရမည့် သဘောများရှိပါသည်။ ထိုသဘောမှာ ကျယ်ပြန့် လှသည်။ နိုင်ငံတော်ကို ကြည်ညိုလေးစားခြင်း၊ အများ၏ အကျိုးအတွက် စိတ်ရော ကိုယ်ပါဆောင်ရွက်ခြင်း၊ တရားဥပဒေအရ လိုက်တာကျင့်ဆောင်ခြင်း၊ အသိဥာဏ်နှင့် ယှဉ်၍ ရိုးသား ဖြေင့်မတ်စွာ မဲဆန္ဒပေးခြင်းစသည်တို့ မှာ ပြည်သူ့ တာဝန်ကို သိနားလည်သော သဘောများဖြစ်သည်။ သို့ ဖြစ်၍ နိုင်ငံသားတိုင်း နိုင်ငံတော်၏ အကျိုးစီးပွား ပျက်ပြားစေမည့် အတွင်းရန် အပြင်ရန် ဟူသမျှကို တွန်းလှန်ဖြိုဖျက်မည် ဟူသောသဘောထားရမည်။ စေတနာ့ဝန်ထမ်း လုပ်ငန်းများတွင် ကိုယ်ထိလက်ရောက်ပါဝင်ဆောင်ရွက်ခြင်း၊ ကျသင့်သော အခွန်တော်တို့ ကို မတွယ်မကပ် ကျေအောင် ထမ်းဆောင်ခြင်း စသည်တို့ မှာ နိုင်ငံတော်၏ ကောင်းကျိုးအတွက်ဆောင်ရွက်ခြင်းဖြစ်သည်။ အတင်းအကျပ်တိုက်တွန်းမှု ကြောင့် ဆောင်ရွက်ရသည်ထက် စေတနာအလျောက်ဆောင်ရွက်ခြင်းမှာ အဖိုးထိုက်တန်သော ဂုဏ်အင်္ဂါတစ်ရပ်ဖြစ်သည်။ စွမ်းဆောင် နိုင်သော အရည်အချင်းရှိပါလျက် ခေါင်းတိမ်း၍ နေခြင်း၊ ပြည်သူ့ ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် လျစ်လျူရှုခြင်း၊ တစ်စုံတစ်ခု ဆောင်ရွက်ရာတွင် ကိုယ်ကျိုးရှာခြင်း၊ မိမိနှင့် အမျိုးသားအားလုံးတို့ ၏ ဂုဏ်သိက္ခာကို မငဲ့ကွက်ခြင်း၊ ပြည်သူ့ တာဝန်ကို မသိနားမလည်သော သဘောများဖြစ်သည်။ နိုင်ငံသား မှန်ပါလျက် နိုင်ငံတာဝန်ကို မသိနားမလည် နိုင်ငံတာဝန်ကို မယူလိုက နိုင်ငံသား အဖြစ်နှင့် ထိုက်တန်တော့မည် မဟုတ်ကြောင်း ကောင်းစွာ နားလည်ရပေမည်။
နောက်ဆုံး ဖော်ပြလိုသော အချက်တစ်ခုမှာ နိုင်ငံသားချင်း အညီအညွှတ်အတူ ပူးပေါင်း ဆောင်ရွက်လိုသော သဘောများ ကိန်းအောင်း စေပါသည်။ မည်သည့်အရေးကိစ္စမဆို အများနှင့် အညီအညွတ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးများဖြစ်ထွန်းစေသည်မှာ ငြင်းလို့ မရ သည့်အချက်ဖြစ်သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် အညီအညွတ် ပူးပေါင်းဆောင်ရွက်ရသော အလုပ်ကြီးအကိုင်ကြီး များစွာ သည် နိုင်ငံခြားသားများလက်တွင်ရှိနေသည်။ လွတ်လပ်သော နိုင်ငံသားပီပီ ထိုသို့ အလုပ်ကြီးအကိုင်ကြီးများကို ပုဂလိကပိုင် မဖြစ်စေဘဲ နိုင်ငံပိုင် ဖြစ်စေရန် စီမံလျက်ရှိသည်ကိုလည်း တွေ့ ရမည်။ မည်သည့်နည်းကို အသုံးပြုသည်ဖြစ်စေ အတူပူးပေါင်း ဆောင်ရွက် ရမည်မှာ အမှန်ပင်ဖြစ်သည်။
အများနှင့်အတူတူ ပူးပေါင်းလုပ်ဆောင်ကြရာတွင် သဘောထားသေးခြင်း၊ ၀န်တိုခြင်း၊ မရိုးဖြောင့်ခြင်း၊ စသည်တို့ မှာ ပျက်ပြားစေသော အချက်ကြီးများဖြစ်သဖြင့် ထိုအချက်ကြီးများကို ဖယ်ရှားပြီး ယုံယုံကြည်ကြည် လုပ်ကြရပါမည်။ ကမ္ဘာ့ရှေ့ ဆောင် နိုင်ငံကြီးများ၌ထိုကဲ့သို့  အညီအညွတ် စုပေါင်းလုပ်ဆောင်ကြသော လုပ်ငန်း အမြောက်အများပင် ထမြောက် အောင်မြင်လျက်ရှိသည်ကို တွေ့ ရပေလိမ့်မည်။ စီးပွားရေးမျှသာ မဟုတ်၊ နိုင်ငံရေး၊ ဘာသာရေး၊ ပေါင်းသင်းဆက်ဆံရေး စသည်တို့ သည်လည်း အညီအညွတ်ပူးပေါင်းဆောင်ရွက်ရန်လို သည်။ ထို့ အတူ သူတစ်ပါးကိုလည်း လွှဲအပ်ဝံ့သော သဘောထားလည်း ရှိရမည်။ အလုပ်အကိုင်တစ်ခုတွင် မည်သူ့ ကိုမျှ မယုံကြည်ရဲ    သော်  အဘယ်မှာ အများနှင့် ပူးပေါင်းလုပ်ကိုင်ပါမည်နည်း။ သတိပြုရန် အချက်တစ်ခုမှာ ယုံကြည်စွာ အပ်နှင်းလိုက်စေကာမူ မိမိတာဝန် မကင်းသေးဟု မှတ်ယူထားရမည်။ ထိုကိစ္စနှင့်ပက်သက်၍ မစ္စတာ အက်တလီက “ ကောင်းမွန် ချေငံသော နိုင်ငံသား ဖြစ်ရေးအတွက် အရေးကြီးသော အရည်အချင်းတစ်ရပ်မှာ အဆွေတို့ က တစ်စုံတစ်ယောက်သော သူအား ဆောင်ရွက်ရန် ၀တ္တရားအချို့ ကိုယုံကြည်စွာ အပ်နှင်းပြီးသည့်အခါ ထိုဝတ္တရားများတွင် မိမိလည်း ပါဝင်နေသေးကြောင်း လျစ်လျူမပြုခြင်းပင်ဖြစ်သည်” ဟု ပြောကြားဘူးပါသည်။ ထို သဘောတရားကိုလည်း ထည့်သွင်းစဉ်းစားရန် လိုပေသည်။
လေ့ကျင့်ရန် အမေးပုစ္ဆာများ
1.     နိုင်ငံသားဟူသည် အဘယ်နည်း။ မြန်မာနိုင်ငံတော်အတွင်း နေထိုင်သူအားလုံး နိုင်ငံသားများ ဖြစ်ကြသလား။
2.     နိုင်ငံသားဟူသော စကားနှင့် နိုင်ငံသားအဖြစ် ဟူသော စကားအဓိပါယ်မည်သို့ ခြားသနည်း။
3.     ပြည်သူ့ တာဝန်ဟူသော စကားအဓိပါယ်ကိုရှင်းပြပါ။ ပြည်သူ့ တာဝန်မသိသူက နိုင်ငံသားမပီသကြောင်း ရှင်းလင်းပြပါ။
4.     နိုင်ငံသားတိုင်း နိုင်ငံသားမပီသ ဟူသော စကားကို မည်သို့ နားလည်သနည်း။
5.     နိုင်ငံသားများ အသိဥာဏ် ခေါင်းပါးခြင်းကြောင့် ဖြစ်ပေါ်လာသော အပြစ်ဆိုးများကို ရေးသားဖော်ပြပါ။
6.     နိုင်ငံသား ပီသစေရန် ပြည့်စုံသည့် ဂုဏ်အင်္ဂါရပ်များက အဘယ်နည်း။
ဆက်ရန်
အခန်း(၄) နိုင်ငံသားနှင့် ဆန့် ကျင်သော သဘောတရားများ
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...