Ads (728x90)

2959-GE-signed-deals-with-myanmar-hospitals

အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့အရေးယူမှု၏ အဓိက ကဏ္ဍများကို လွန်ခဲ့သော ရက်အနည်းငယ်က ဖြေလျှော့ပေးလိုက်ပြီးနောက် General Electirc (GE) သည် ဇူလိုင်လ ၁၄ ရက် (စနေနေ့) တွင် ရန်ကုန်မြို့ရှိ ဆေးရုံကြီး ၂ ရုံသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ရောင်းချပေးသွားရန် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး ပြန်လည် ရင်းနှီးမြှုပ်နှံသည့် အမေရိကန်ကုမ္ပဏီ ဖြစ်လာခဲ့သည်။

ဇူလိုင်လ ၁၁ ရက် (ဗုဒ္ဓဟူးနေ့)က အိုဘားမား အစိုးရအနေဖြင့် အမေရိကန် ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

GE ၏ သဘောတူ စာချုပ်များကို ၂၂ နှစ်ကြာပြီးနောက်မှ ပထမဆုံး ပြန်လည်ခန့်အပ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ ဒေါ်လာ ၂၂ သန်းတန် လုပ်ငန်း သဘောတူ စာချုပ်ကို ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံ ၂ ခုဖြစ်သော ဗဟိုစည်နှင့် ပန်းလှိုင်ဆေးရုံတို့နှင့် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး စာချုပ်အရ GE ကုမ္ပဏီသည် X-Ray ဓာတ်မှန် စက်ပစ္စည်းများကို ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သော Sea Lion ကုမ္ပဏီမှတစ်ဆင့် ရောင်းချ ပေးသွားမည် ဖြစ်သည်။

မကြာသေးမီက ထုတ်ပြန်ပေးခဲ့သော အမေရိကန် အစိုးရ၏ ခွင့်ပြုချက်များသည် ရန်ကုန်တွင် ရုံးခွဲဖွင့်လှစ်၍ မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများတွင် ဝင်ရောက်ဆောင်ရွက်သွားရန်ဟူသည့် မိမိတို့၏ အစီအစဉ်များကို အမြန် အကောင်အထည် ဖော်စေနိုင်ခဲ့ကြောင်း၊ ယခု ဖြစ်စဉ်များသည် နောက်ကြောင်း ပြန်လှည့်သွားမည် မဟုတ်ဟု မိမိတို့ ယုံကြည်ကြောင်း၊ ယခုလို လုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်သွားနိုင်ရန် အထူးပင် မျှော်လင့်ကြောင်း GE ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ဦးဆောင်သည့် Stuart Dean က ပြောကြားခဲ့သည်။

လွန်ခဲ့သော သောကြာနေ့ (ဇူလိုင်လ ၁၃ ရက်) က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိပ်တွင် ရောက်ရှိနေကြသော သမ္မတကြီး ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်တို့ တွေ့ဆုံကြရာ Coca Cola၊ Ford Motor Co.၊ General Electric ၊ General Motors ၊ Goldman Sachs နှင့် Google ကုမ္ပဏီများမှ ကိုယ်စားလှယ်များလည်း လိုက်ပါ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ ထိုနေ့တွင် ကလင်တန်က အမေရိကန် အရာရှိများအနေဖြင့် ယခု သီတင်းပတ်ကုန်တွင် မြန်မာနိုင်ငံမှ အရာရှိများနှင့် တွေ့ဆုံရန်နှင့် လုပ်ငန်း အခွင့်အလမ်းများ ရှာဖွေရန်အတွက် အမေရိကန် ကုမ္ပဏီပေါင်း ၇၀ ကျော်မှ ကိုယ်စားလှယ်များကို ခေါ်ဆောင်၍ မြန်မာနိုင်ငံသို့ လာရောက်လိမ့်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံသည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက အမေရိကန် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းအပြီး ဗီယက်နမ်နိုင်ငံကဲ့သို့ပင် အမေရိကန်တို့အတွက် ရင်းနှီးမြှုပ်နှံမှုပြုရန် စိတ်ဝင်စားဖွယ် အကောင်းဆုံးနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည်လည်း ထိုအချိန်က ဗီယက်နမ်ကဲ့သို့ပင် လွတ်လပ်သော ဈေးကွက်အခြေပြု စီးပွားရေးစနစ် ဖြစ်ထွန်း ပေါ်ပေါက်ရန် ကူးပြောင်း ဆောင်ရွက်နေပြီ ဖြစ်သည်။

ယေဘုယျအားဖြင့် မြန်မာနိုင်ငံ၏ ကဏ္ဍတိုင်းလိုလိုသည် ဖွံ့ဖြိုးမှု နိမ့်ကျနေသော်လည်း ရင်းနှီးမြှုပ်နှံသူများအတွက် စိတ်ဝင်စားဖွယ် အခြေအနေ အမြောက်အများ ရှိနေသည်။ ခရီးသွားလုပ်ငန်းသည် တိုးတက်အောင်မြင်လာရန် တာစူနေချိန်တွင် ဟိုတယ် အဆင့်အတန်း တိုင်းတွင် အခန်းမလောက်ငှမှုများ ဖြစ်ပေါ်နေသည်။

မြန်မာအစိုးရကလည်း တိုးချဲ့ရန် အထူးလိုအပ်နေသော နိုင်ငံ၏ လျှပ်စစ်ကဏ္ဍအတွက် ပြည်ပ အကူအညီများ ရယူမည်ဟု ကတိပြု ထားပြီးလည်း ဖြစ်သည်။ ထို့ပြင် သတ္တုတူးဖော်ခြင်း လုပ်ငန်းသည်လည်း အပြည့်အဝ လုပ်ကိုင်နိုင်ခြင်း မရှိသေးသည့် ကဏ္ဍဖြစ်ပြီး မြန်မာ့ ကျောက်မျက်ရတနာများသည် ကမ္ဘာ့အကောင်းဆုံး တန်းဝင် အမျိုးအစားများ ဖြစ်ကြသည်။ ထို့ပြင် လုပ်သားစရိတ် လျှော့နည်း သက်သာခြင်းသည် အဝတ်အထည်နှင့် ဖိနပ်ထုတ်လုပ်မှု လုပ်ငန်းများအတွက် မြန်မာနိုင်ငံအပေါ် ဒေသတွင်း ပြိုင်ဘက်များ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ နည်းတူ မျက်စိကျစေသည့် အချက် တစ်ချက် ဖြစ်သည်။

---

Ref: boston.com

Photo courtesy of Associated Press

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...