Ads (728x90)

ဇူလိုင် (၁၃)ရက်၊ ၂၀၁၂ခုနှစ်။ ပြည်ပနိုင်ငံများမှ တင်သွင်းလာသော အေးခဲ ကြက်သား၊ ဆိတ်သား၊ အမဲသားနှင့် တရုတ်နိုင်ငံမှ တရားမ၀င် တင်သွင်းလာသည့် ကြက်ဥကြက်သားပေါက်များအား တင်သွင်းခွင့် မပြုတော့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။
"အရင်တုန်းက နိုင်ငံခြားက အသားတွေကို ပြည်တွင်းကို တင်ပို့ခွင့်ပေးထားပေမယ့် အခု ရောဂါတွေ အဖြစ်များလာတာကြောင့် မြန်မာနိုင်ငံ အတွင်းကို တင်သွင်းခွင့်မပြုတော့ပါဘူး"ဟု မြန်မာနိုင်ငံ မွေးမြုရေးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဒေါက်တာလှလှသိန်းက ပြောသည်။
အဆိုပါ တင်သွင်းခွင့် ပိတ်ပင်ရခြင်းမှာ ပြည်တွင်းရှိ မွေးမြူရေး လုပ်ကိုင်သူများ၏ စီးပွားရေးအား ကာကွယ်ရန်နှင့် ကျေးလက် ဒေသများ၏ တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ကိုင်သူများအား ၀င်ငွေများရရှိစေရန်နှင့် အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံ အသားထုတ်လုပ်မှု ကဏ္ဍအား မထိခိုက်စေရန်၊ ပြည်တွင်း ပိုလျှံ သားငါးများအား ပြည်ပနိုင်ငံများသို့ တင်ပို့ရန် ဆောင်ရွက်နေခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ (၇)ရက်နေ့၊ ၂၀၁၂ခုနှစ်တွင် ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းလုပ်ကိုင်သူများအား မြန်မာနိုင်ငံငါး လုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်က တင်သွင်းခွင့် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
"တင်သွင်းခွင့် ပိတ်လိုက်တာ ပြည်တွင်းက မွေးမြူရေးလုပ်ငန်းတွေ ၀င်ငွေတိုးလာအောင်လို့ပါ။ ပြည်တွင်းမှာ စားသုံးဖို့က ပြည်တွင်းက ထွက်တာတွေနဲ့တင် လုံလောက်ပါတယ်။ အခုလို လုပ်ရတာဟာ မွေးမြူရေးလုပ်ငန်းတွေ ရပ်တည်ဖို့လည်း အထောက်အကူ ပြုနိုင်အောင်လို့ပါ" ဟု မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမြဟန်က ပြောသည်။
ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက် သား၊ ငါးများအား ဈေးကွက်ချဲ့ထွင် ရောင်းဝယ်သင့်ပြီး ပြည်ပမှတင်သွင်း ရောင်းချမူများ မပြုလုပ်သင့်ကြောင်း၊ ပြည်ပမှ တင်သွင်းလာခြင်းကြောင့် ပြည်တွင်း၌ ဈေးကွက်ပျက်ကာ လုပ်ငန်းများ ဖျက်သိမ်းရသည်အထိ အရှုံးပေါ်ခြင်းတို့ကြောင့် အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က သုံးသပ်သည်။
"ကျွန်တော်အမြင်တော့ (တင်သွင်းခွင့် တားမြစ်တာ) ကောင်းပါတယ်။ ပြည်တွင်းမှ ပိုလျှံထုတ်ကုန်တွေကို ပြည်ပတင်ပို့နေတဲ့ အချိန်မှာ ပြည်ပက ပြန်ဝင်လာတယ်ဆိုတော့ ပြည်တွင်းဈေးကွက်မှာပေါပြီး ပြည်ပတင်ပို့တဲ့ ဈေးကွက်လည်း ပျက်ကုန်ရော။ အဲဒါကြောင့် မလိုအပ်ပဲ ပြည်တွင်းကို တင်သွင်းခွင့်ပိတ်ထား ကောင်းပါတယ်"ဟု ကြည့်မြင်တိုင်၊ ငါးဈေးမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မွေးမြူရေးလုပ်ငန်းများ ၀င်ငွေတိုးပွားစေရန် ရောင်းဝယ်ဖောက်ကားခြင်း၊ ဈေးကွက်ရှာဖွေခြင်းများအား မွေးမြူရေးအဖွဲ့ချုပ်မှ တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်က သိရသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...