Ads (728x90)

2945 unhcr commissioner mr.antonio.guterres

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres သည် ယမန်နေ့ တွင် နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းတွေ့ဆုံမှုပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် Mr. Guterres က သတင်းထောက်များအား UNHCR အနေဖြင့် ဦးသိန်းစိန် အကြံပေးသည့်အတိုင်း ရိုဟင်ဂျာများအား တာဝန်ယူ စောင့်ရှောက်သွားရန် (သို့) ပြောင်းရွှေ့ပြီး နေရာချ ထား ပေးသွားရန် မရှိကြောင်း ထုတ်ဖော်ပြောကြားသွားသည်။

ယင်းက ရိုဟင်ဂျာများသည် ယင်း၏ အေဂျင်စီ (UNHCR) ၏ တာဝန်မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့ပြီး သာမန်အားဖြင့် UNHCR မှာ တာဝန်ယူ ဆောင်ရွက်ပေးသည့် ဒုက္ခသည်များအား နေရာပြောင်းရွှေ့ ချထားပေးသည့် အစီအစဉ်သည် နိုင်ငံတစ်ခုမှ တစ်ခုသို့ ဖြတ်ကျော်ဝင်ရောက်ပြီး ခိုလှုံရန် ကြိုးပမ်းသည့် ဒုက္ခသည်များအတွက် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အခြေအနေနှင့် လွန် စွာမှ ကွဲပြားသည့် အခြေအနေများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ဘင်္ဂါလီလူမျိုးစုများ အပါအဝင် မြန်မာနိုင်ငံတွင်း၌ ရိုဟင်ဂျာဦးရေ ၈ သိန်းခန့် ရှိသည်ဟု သိရှိရ သည်။

ယမန်နေ့ တွေ့ဆုံမှုတွင် ဦးသိန်းစိန်က Mr. Guterres အား မြန်မာအစိုးရအနေဖြင့် မိမိတို့ တိုင်းရင်းသားများကို တာဝန်ယူမည်ဖြစ် ပြီး တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများအား လက်ခံရန် မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဆောင်ရွက်ရန် နည်းလမ်း မှာမူ အဆိုပါ ရိုဟင်ဂျာများအား UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်း၌ ထားရှိရန်ဖြစ်ကြောင်း၊ UNHCR မှ ကျွေးမွေးစောင့်ရှောက် ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့တည်းမဟုတ် တတိယနိုင်ငံတစ်ခုက လက်ခံမည်ဆိုလျှင်လည်း ပို့ဆောင်ပေးသွား မည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းက ဆက်လက်ပြီး ထိန်းသိမ်းခြင်း ခံထားရသည့် UN ၀န်ထမ်းများ ကိစ္စနှင့် စပ်လျဉ်းပြီး UN ဝန်ထမ်းများသည်လည်း တရား ဥပဒေအတိုင်း လိုက်နာကျင့်သုံးရမည်ကို နားလည်ကြောင်း ပြောကြားခဲ့သည်။

"UN ၀န်ထမ်းတွေအနေနဲ့ တရားဥပဒေကို နားလည်ရမယ်ဆိုတာ သိပါတယ်။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ ကို ကျွန်တော်နားလည်ပါတယ်။ အခုလည်း ထိန်းသိမ်းခံထားရတဲ့ သူတွေကိုလည်း တွေ့ဖို့ခွင့်တောင်းထားတာ ရှိပါတယ်" ဟု Mr. Guterres က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခနှင့် ပတ်သက်၍ လက်ရှိတွင် UNHCR မှ ၀န်ထမ်း ၃ ဦး၊ WFP မှ ၀န်ထမ်း ၂ ဦးနှင့် အခြားလုပ်ဖော်ကိုင်ဖက် အန်ဂျီအိုများမှ ဝန်ထမ်းအချို့၊ စုစုပေါင်း ၁၀ ဦးခန့်ကို မြန်မာအစိုးရမှ ထိန်းသိမ်းထားကြောင်း UNHCR မှ မြန်မာပြည် ဌာနေကိုယ်စားလှယ်က အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင်း လက်ရှိအချိန်ထိ ပြဿနာဖြစ်နေသော ရခိုင်တိုင်းရင်းသားများနှင့် တရားမ၀င် ကျူးကျော်နေထိုင်သူ ဘင်္ဂါလီတို့ အကြား နှစ်ဦးနှစ်ဘက် တရားဥပဒေကို လိုက်နာပြီး သင့်မြတ်စွာ အတူတကွ ပူးတွဲနေထိုင်နိုင် လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း Mr. Guterres က ပြောကြားသွာခဲ့သည်။

ပေါတူဂီနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Mr. Guterres သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖြစ် ၂၀၀၅ ခုနှစ် ကတည်းက တာဝန်ယူထားသူဖြစ်သည်။

---

Photo: ပြည်ချစ်မေ (ရွှေလုံး).

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...