Ads (728x90)

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)
ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးစိုးသိန်းဟာ ရွေးကောက်ပွဲမဲဆွယ်ကာလ မတိုင်မီမှာ
ပိုက်ဆံအများကြီးသုံးပြီး ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မဲဝယ်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ
ထွက်ပေါ်လာခဲ့ပါတယ်။
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် အမျိုသားလွှတ်တော်ကနေ အနိုင်ရပြီးနောက်
ပြည်ထောင်စုဝန်ကြီးဖြစ်လာခဲ့တဲ့ ဦးစိုးသိန်း ဟာ လာမယ့် ရွေးကောက်ပွဲမှာတော့
ကယားပြည်နယ် ဘော်လခဲဒေသ အမျိုးသားလွှတ် တော်မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မှာ
ဖြစ်ပါတယ်။
ဦးစိုးသိန်းဟာ ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်ကနေ ပိုက်ဆံတွေ အများကြီးသုံးပြီး
ရွေးကောက်ပွဲမှာ အလွယ်တကူ မဲရရှိအောင် ဆောင်ရွက်နေတယ်ဆိုပြီး ကယားတိုင်းရင်းသား
နိုင်ငံရေးပါတီတစ်ခုက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက် တိုင်ကြားခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်(ရေ)အဖြစ်အငြိမ်း စားယူပြီးနောက် ယခင် စစ်အစိုးရလက်ထက်က
စက်မှုဝန်ကြီးဖြစ်ခဲ့သူ ဦးစိုးသိန်းဟာ ပြီးခဲ့တဲ့ မေလကတည်းက ကယားပြည်နယ်
ဘော်လခဲဒေသမှာ ကျောင်းဆောက်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း၊ အစိုးရအကူအညီနဲ့
လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခြင်းအပြင် ဒေသတွင်းဘောလုံးပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ပါတယ်။
အဲဒီအတွက် ကျပ်သိန်းပေါင်း ၃,၀၀၀ ကျော် (အမေရိကန်ဒေါ်လာ နှစ်သိန်း သုံးသောင်းခွဲ)
အကုန်ကျခံခဲ့တယ်လို့ ကယား လူမျိုးစု ဒီမိုကရေစီပါတီ အတွင်းရေးမှူး ဦးစိုင်းနိုင်နိုင်ထွေးက
ပြောပါတယ်။
ဦးစိုးသိန်း ကယားပြည်နယ်အတွက် အသုံးပြုလိုက်တဲ့ ပိုက်ဆံတွေဟာ နိုင်ငံတော်ရဲ့
ငွေကြေးတွေကို အသုံးပြုတာလား၊ သူ့ကိုယ်ပိုင် အိတ်ကပ်ထဲကငွေတွေကို သုံးတာလားဆိုတာ
ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။
ဘာပဲဖြစ်ဖြစ် ဦးစိုးသိန်းက ဖွံ့ဖြိုးရေးအတွက် ငွေတွေကို ပုံအောအသုံးပြုလိုက်တာကြောင့်
လာမယ့်ရွေးကောက်ပွဲမှာ သူဝင်ပြိုင်မယ့် ဘောလခဲနယ်မြေက ဒေသခံတွေကြား အသိအမှတ်ပြုမှု
တစ်ခုတော့ ရရှိခဲ့ပါတယ်။
ဒေသခံတွေကတော့ 'ဦးစိုးသိန်းဖလား'ဆိုပြီးတော့ သူစပွန်ဆာပေးပြီး စီစဉ်ပေးတဲ့
ဘောလုံးပြိုင်ပွဲတွေကတစ်ဆင့်လည်း သူ့ အမည်ကို ရင်းနှီးခဲ့ကြပါတယ်။
"သူက ပထမဆုရတဲ့ ဘောလုံးအသင်းကို ကျပ်သိန်း ၃၀ ပေးတယ်လေ"လို့ ဦးစိုင်းနိုင်နိုင်ထွေးက
ဆိုပါတယ်။
ဒါဟာ ဒေသဖွံ့ဖြိုးရေးအတွက် မဲဆွယ်ကာလ မတိုင်မီကတည်းက ဆောင်ရွက်နေတာဖြစ်လို့
မဲဝယ်တာမဖြစ်နိုင်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ပြောတဲ့အကြောင်းလည်း သူက
ဆက်ပြောပါတယ်။
"တကယ် ဒေသအတွက် စေတနာရှိရင် အရင်ကတည်းက လာပြီးလုပ်ပါလား၊ အခု
ရွေးကောက်ပွဲနီးမှာ ဘာလို့လာတာလဲဆိုတာ အဖြေကရှင်းပါတယ်"လို့ ဦးစိုင်းနိုင်နိုင်ထွေး က
ဆိုပါတယ်။
ကယားပြည်နယ်က ပြည်သူတွေဟာ အမြဲတမ်း ဖွံ့ဖြိုးမှုနောက်ကျနေခဲ့ရတာကြောင့် ရိုးအပြီး
နိုင်ငံရေးအသိပညာ ဗဟုသုတ နည်းတာကြောင့် အလွယ်တကူ မဲရဖို့ ရည်ရွယ်ပြီး လာပြိုင်တာ
ဖြစ်တယ်လို့ သူက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။
ဦးစိုးသိန်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်ရေးလှုပ်ရှားမှု မန်နေဂျာ ဦးမောင်သန့်ကို
မြန်မာတိုင်း(မ်)က စက်တင်ဘာလ ၂ ရက်နေ့မှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့်
ကားမောင်းနေတာကြောင့် နောက်မှ ပြန်လည်ဆက်သွယ်ဖို့ ပြောဆိုခဲ့ပြီး မေးမြန်းခွင့်မရရှိခဲ့ပါဘူး။
ကယန်းအမျိုးသားပါတီ အတွင်းရေးမှူး ဦးနန်းရီကတော့ လာရောက်ယှဉ်ပြိုင်ကြတဲ့ ပြည်ထောင်စု
ဝန်ကြီးတွေဟာ ဒေသခံပြိုင် ဘက်ပါတီတွေရဲ့ အပေါ်စီးကရှိနေတယ်လို့ ဆိုပါတယ်။
ဘာလို့လဲဆိုတော့ သူတို့ဟာ ငွေ ကြေးအင်အားသုံးကာ အစိုးရရဲ့ ကျောထောက် နောက်ခံနဲ့
ဒေသဖွံ့ဖြိုးရေးဆိုပြီး ဆောင်ရွက်နေတဲ့အပေါ်မှာ ဒေသခံတွေက ပင်ကိုရိုးသားတဲ့စိတ်နဲ့
ထောက်ခံကြမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
သူတို့တကယ့်ကို မျှမျှတတယှဉ်ပြိုင်ဝံ့ရင် အရင်အရွေးခံခဲ့တဲ့နေရာကို ဘာ့ကြောင့်ပြန်သွားပြီး
အရွေးမခံတာလဲလို့ ဦးနန်းရီက မေးခွန်းထုတ်ခဲ့ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအရ ကိုယ်စားလှယ်လောင်း
တစ်ယောက်ဟာ မဲဆွယ်ကာလမှာ ကျပ်ငွေ သိန်း ၁၀၀ ထက် ပိုပြီးသုံးစွဲခွင့် မရှိပါဘူး။
ဒါပေမဲ့ ဦးစိုးသိန်း ငွေအမြောက်အမြား သုံးစွဲနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေဟာ အခြားပါတီတွေက
သူတို့ရဲ့ မဲဆွယ်စည်းရုံးရေးစာရင်းတောင် မသွင်းရသေးခင်က လုပ်ခဲ့တာဆိုတဲ့ အကြောင်းပြချက်နဲ့
ရွေးကောက်ပွဲ ကော်မရှင်ဘက်က အရေးယူနိုင်ခြင်းမရှိပါဘူး။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကတော့ ဦးစိုးသိန်းဟာ အစိုးရအာဏာကို
တလွဲသုံးခဲ့တာ မရှိဘူးလို့ စက်တင်ဘာလ ၁ ရက်နေ့က ပြောပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ ကော်မရှင်ရဲ့ နောက်ဆုံး ကိုယ်စားလှယ်လောင်းစာရင်း
အတည်ပြုချက် မထွက်မချင်း ဦးစိုးသိန်းအနေနဲ့ဒေသ ဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ခွင့်ရှိနေပါတယ်။
"သူ့အနေနဲ့ ဒီလို့လုပ်ပေးတာဟာ မဲရဖို့အတွက် ရည်ရွယ်ချက်ရှိရင်ရှိမယ်။ ဒါပေမဲ့ မဲဆွယ်ကာလ
မဟုတ်တဲ့အတွက် သူ့ကိုမဲပေးပါလို့ မပြောရင် ဥပဒေအရ အရေးယူလို့မရဘူး"လို့ ဦးတင်အေးက
ပြောပါတယ်။
ဒါပေမဲ့ အစိုးရအရာရှိတွေအနေနဲ့ ရွေးကောက်ပွဲမဲဆွယ်ကာလမှာ အစိုးရ အဆောင်အယောင်နဲ့
အာဏာငွေကြေးတွေ သုံးစွဲမယ်ဆိုရင် အရေးယူမှာဖြစ်တယ်လို့ သူကဆိုပါတယ်။
ပါတီတွေက တွေ့ရင်လည်း တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
ဦးစိုးသိန်းက မဲဆန္ဒရှင် ၄,၀၀၀ လောက်ပဲ ရှိတဲ့ ဘောလခဲဒေသဟာ သူ့အတွက် လွှတ်တော်ထဲမှာ
တစ်နေရာသေချာနိုင်တာမို့ ပြည်ခိုင်ဖြိုးကနေ ၀င်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ ပါတီက အငြင်းပယ်ခံလိုက်ရတာကြောင့် တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်ဖို့ဖြစ်သွားပါတယ်။
သူနဲ့အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းလည်း ကယားပြည်နယ်ကနေ တစ်သီးပုဂ္ဂလအနေနဲ့
ဝင်ပြိုင်မှာဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၀ ပြည့်နှစ်တုန်းက ကယားပြည်နယ်အတွင်းက မဲဆန္ဒနယ်အားလုံးမှာ
အနိုင်ရရှိခဲ့ပါတယ်။
ဒေသတွင်းမှာရှိတဲ့ ကယားလူမျိုးစု တိုင်းရင်းသားပါတီတွေကတော့ ငွေကြေးအင်အားအရ
ဦးစိုးသိန်းကို ယှဉ်ပြိုင်ဖို့ မ၀ံ့မရဲဖြစ်နေကြပါတယ်။
ရွေးကောက်ပွဲမှာမဲနိုင်ဖို့ လက်ဆောင်တွေ၊ ငွေကြေးတွေနဲ့ အခြားသော အကျိုးခံစားခွင့်တွေကို
ပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ ဦးစိုးသိန်း တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။
မကြာသေးခင်ကမှ အနားယူသွားတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဗိုလ်ချုပ်ကြီးဝေလွင်ကတော့ သူ ၀င်ပြိုင်မယ့်နေပြည်တော် ပုဗ္ပာသီရိမြို့နယ်အတွင်းက ကျေးရွာ
၁၆ ရွာကိုတွေကို လျှပ်စစ်မီးတွေ တပ်ဆင်ဖို့ ကျပ်သိန်း ၆၄၀ လှူဒါန်းခဲ့ပါတယ်။
သူဝင်ပြိုင်မယ့် မဲဆန္ဒနယ်ထဲက ရွာပေါင်း လေးရွာအတွက် ငွေထုတ်ပိုက်ပြီး သွားရောက်ခဲ့ပါတယ်။
အဲဒီအထဲက တစ်ရွာကိုတော့ သိန်း ၄၀ ကို ပေးအပ်ခဲ့သလို အခြား သုံးရွာကိုတော့ သိန်း ၃၀ စီ
ပေးအပ်ခဲ့ပါတယ်။
သူက ထောက်ပံ့ကြေးအနေနဲ့ ငွေသားတွေကို ပေးအပ်ခဲ့သလို ကမ္ဘောဇဘဏ်က
ချက်လက်မှတ်နဲ့လည်း ပေးအပ်ခဲ့ပါတယ်။
"ကျွန်တော် တပ်ထဲမှာတုန်းက ၅၇၇ သိန်း စုခဲ့တယ်၊ အဲဒီအထဲက သိန်း ၃၀၀ ကျော်ကို ရွာတွေ
မီးလင်းဖို့ လှူတာပါ၊ ကျန်တဲ့သိန်း ၃၀၀ ကတော့ မိုးကြယ်စင်ဆောက်လုပ်ရေး ကုမ္ပဏီက
ထည့်ဝင်လှူဒါန်းပေးတာ ဖြစ်တယ်"လို့ ဦးဝေလွင်က သူရဲ့မဲဆန္ဒရှင်တွေကို စက်တင်ဘာလ
၂ ရက်နေ့ကပြောဆိုခဲ့ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ အဲဒီလောက် ပမာဏရှိတဲ့ ငွေကြေးလက်ဆောင်တွေကို
စက်တင်ဘာလ ၈ ရက်နောက်ပိုင်းမှာ မဲဆန္ဒရှင်တွေကို ပေးလို့ မရတာကြောင့် အဲဒီရက်မတိုင်ခင်
လှူဒါန်းရတာဖြစ်တယ်လို့ သူကပြောပါသေးတယ်။
သူရဲ့ ထောက်ပံ့ကြေးငွေကို လက်ခံရရှိတဲ့ ၀ဲကြီးရွာသားတွေကတော့ လက်ခံရရှိတာ
ဝမ်းသာကြောင်းပြောဆိုကြပေမယ့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင် နေပြည်တော်တိုင်းမှူး
ဘ၀က သူတို့ရွာကို စိတ်လည်းမ၀င်စားခဲ့သလို တစ်ခေါက်တောင် လာကြည့်ခဲ့တာ မရှိဘူးလို့
ဆိုပါတယ်။
အခြား နောက်ထပ် ၀န်ကြီးတစ်ဦးလည်း ရှိပါသေးတယ်၊ သူကတော့ လ၀က ၀န်ကြီးဟောင်း
ဦးခင်ရီ ဖြစ်ပါတယ်။
သူဟာ အစိုးရ အာဏာကိုမဲဆွယ်ဖို့ တစ်လွဲသုံးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ပြီးခဲ့တဲ့လက သူ့ရာထူးကနေ နုတ်ထွက်ခဲ့ပေမယ့် သူ့မဲဆန္ဒနယ်မြေက ဒေသခံတွေကို
နိုင်ငံသားမှတ်ပုံတင်ကတ်တွေ ပြုလုပ်ပေးမယ်လို့ ကတိပြုခဲ့တယ်လို့ အမျိုသားဒီမိုကရေစီပါတီသစ်မှ
ဦးကျော်က သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီကိစ္စအပေါ်မှာ တရားဝင် ကန့်ကွက်ထားတယ်လို့ သူက ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့
အဲဒီလို တံစိုးလက်ဆောင်တွေကို လက်ခံရယူဖို့ပြောဆိုပေမယ့် မဲပေးကြတဲ့အခါမှာတော့
အဲဒီလက်ဆောင်တွေရဲ့ လွှမ်းမိုးတာ မခံကြဖို့ကို တိုက်တွန်းထားတယ်။

Myanmar Times

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...