Ads (728x90)

ဘောလခဲမြို့နယ်ရှိ မဲရုံတစ်ရုံတွင် ကြိုတင်မဲများ ရေတွက်နေစဉ်
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ၀င်ပြိုင်သည့် ကယားပြည်နယ် ဘောလခဲမြို့နယ်ရှိ မဲဆန္ဒနယ်များတွင် ၀င်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းအားလုံး ရှုံးနိမ့်ခဲ့ရခြင်းမှာ အရေအတွက် များပြားသည့် ကြိုတင်မဲများတွင် မဲမရခဲ့ခြင်းက အဓိက အကြောင်းရင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဘောလခဲမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၆၈၀၂  ဦးအနက် ၈၅ ရာနှုန်းကျော် မဲပေးခဲ့ရာ  ကြိုတင်မဲပေးသူ ၁၃၁၅ ဦး၊ လာရောက်မဲပေးသူ ၄၅၀၇ ဦး ရှိခဲ့ကြောင်း သိရသည်။
ကြိုတင်မဲ ၁၃၀၀ ကျော်အနက် အများစုမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများနှင့် ၀န်ကြီးဦးစိုးသိန်းတို့ကို မဲပေးခဲ့ခြင်းဖြစ်ပြီး တပ်ကြိုတင်မဲ ၆၈၃ မဲရှိရာ အားလုံးနီးပါးကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများနှင့် ၀န်ကြီးဦးစိုးသိန်းတို့က ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် တပ်တွင်း မဲရုံသုံးရုံစလုံးတွင်လည်း ၎င်းတို့ပင် အပြတ်အသတ် မဲအနိုင်ရခဲ့ခြင်း ဖြစ်သည်။
ဘောလခဲမြို့နယ်တွင် တပ်မတော်နှင့် နယ်ခြားစောင့်တပ်၊ ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း မဲပေးခွင့်ရှိသူ ၁၁၀၀ ကျော်ရှိရာ  အားလုံးနီးပါး မဲပေးခဲ့ကြခြင်း ဖြစ်သည်။
ဘောလခဲ မြို့ပေါ်ရပ်ကွက် မဲရုံအချို့တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီကိုယ်စားလှယ်လောင်းများသည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း အားလုံးထက် မဲရရှိမှု ပိုမိုခဲ့သည်။
ဘောလခဲမြို့ ပြည်သူ့လွှတ်တော် မဲ ဆန္ဒနယ်တွင် ၀င်ပြိုင်ခဲ့သည့်  NLD ကိုယ်စားလှယ်လောင်း ဦးမိုးကျော်ဇင်က “မဲ ၁၁၄၀ ကျော် အကျောပေးပြီးတော့ ပြည်သူတွေရဲ့ မဲဆန္ဒ အမှန်အကန်နဲ့ဆိုရင် ယှဉ်လို့ရပါ တယ်။ သူတို့ ကြိုတင်မဲ ကောက်ယူသွားတဲ့ အချိန်မှာ ကျွန်တော့်အမြင်ကတော့ မှားယွင်းမှု တစ်ခုခုများ ရှိနေမလားပေါ့။ ကြိုတင်မဲပေးတဲ့သူတွေ ကျွန်တော့်ကိုလာပြောတယ်။ ခွပ်ဒေါင်းကို မဲပေးခဲ့တယ်လို့ လာပြောတာ  အယောက်၂၀ လောက်ရှိတယ်။ ကယားပိုင်းမဲရုံမှာပေါ့။ သူတို့ ကြိုတင်မဲ ၅၂ မဲ ဖော်တဲ့ အချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နှစ်မဲပဲပါတယ်။ ဘောလခဲမှာနိုင်မယ်လို့ မျှော်လင့်ထားတာ ဒါပေမဲ့ မနိုင်ခဲ့ဘူး။ လာပြောတဲ့သူတွေကိုပြောရတယ်။ စိတ်မပူပါနဲ့ ဘောလခဲမှာ မနိုင်ပေမယ့် မြန်မာတစ်နိုင်ငံ လုံးမှာနိုင်ပါတယ်လို့ အားပေးလိုက်ပါတယ်။ နောက်ဆုံး သုံးသပ်ရမယ်ဆိုရင်တော့ ကျွန် တော်ညံ့လို့ပေါ့ဗျာ”ဟု ပြောကြားသည်။
ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၈)၊ ပြည်နယ်လွှတ်တော် အမှတ်(၁)နှင့် အမှတ် (၂) တို့တွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရခဲ့ခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၉)တွင်  ပြည်ထောင်စုဝန်ကြီး  ဦးစိုးသိန်းက အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ် ခုနစ်မြို့နယ်တွင် စုစုပေါင်း မဲဆန္ဒနယ် ၃၄ နေရာရှိရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ၂၆ နေရာ အနိုင်ရရှိခဲ့ကြောင်း ကယားပြည်နယ် NLD အောင်နိုင်ရေး ဥက္ကဋ္ဌ ဦးမောင်မောင်က နိုဝင်ဘာ ၉ ရက်တွင် အတည်ပြု ပြောကြားသည်။
ကယားပြည်နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ခုနစ်နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၄ နေရာနှင့် ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တစ်နေရာ စုစုပေါင်း ၃၄ နေရာရှိရာ NLD ပါတီမှ ကိုယ်စားလှယ်လောင်းများက ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ခြောက်နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ကိုးနေရာနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၁ နေရာ အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။      
Writer: 
အောင်ဇော်ထွန်း

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...