Ads (728x90)



အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီသာ အစိုးရဖွဲ့နိုင်ခဲ့ရင် ရွေးချယ်ခန့်အပ်လိုက်တဲ့သမ္မတမှာ ဘာလုပ်ပိုင်ခွင့်မှ ရှိမှာမဟုတ်ကြောင်း ချန်နယ်နယူးစ်အေးရှသတင်းဌာနကို ပြောပါတယ်။

အင်္ဂါနေ့က သတင်းဌာနကို ပြောရာမှာ NLD သာအနိုင်ရရင် ရွေးချယ်ထားတဲ့ သမ္မတကို “အခြေခံဥပဒေနဲ့ကိုက်ညီဖို့သက်သက်” ခန့်အပ်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
“သူဟာ ပါတီရဲ့ဆုံးဖြတ်ချက်တွေနဲ့အညီ ပြုမူလှုပ်ရှားဖို့ဖြစ်ပြီးသူ့မှာ ဘာအခွင့်အာဏာမှ မရှိကြောင်း သူ ကောင်းကောင်းသဘောပေါက်ရပါမယ်” လို့ သူက ပြောပါတယ်။
“ယုတ္တိကျကျလုပ်ဆောင်ဖို့ ဒီနည်းလမ်းတစ်ခုတည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံတိုင်းမှာ အာဏာရပါတီရဲ့ ခေါင်းဆောင်က အစိုးရခေါင်းဆောင်ဖြစ်လာတာပါ။ တကယ်လို့ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်မပြုရင် ကျွန်မတို့က ပုံမှန်ဒီမိုကရေစီနည်းအတိုင်း ဆက်လုပ်နိုင်ဖို့ အစီအစဉ်တွေ လုပ်ရမှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမကျင်းပခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတရဲ့အထက်မှာ ရှိချင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ သူက NLD သာ အနိုင်ရရင် ခန့်အပ်ခံရတဲ့သမ္မတကို ညွှန်ကြားမယ်လို့ ထပ်မံပြောခဲ့ပါတယ်။
သူဟာ ပါတီခေါင်းဆောင်ဖြစ်တဲ့အတွက် ညွှန်ကြားချက်အားလုံးဟာ သူ့ဆီကလာမယ်ဆိုတာ ခန့်အပ်ခံရတဲ့သမ္မတက နားလည်ရမယ်လို့ သူက ဆက်ပြောပါတယ်။ ဒါဟာ အစိုးရရဲ့အုပ်ချုပ်မှုအပေါ် ထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ သူက အလေးထားပြောပါတယ်။
“အဲဒါက အစိုးရရဲ့လုပ်ငန်းတွေအပေါ် ဘယ်လိုလုပ်ထိခိုက်မှာလဲ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရလည်း ရှိမယ်၊ မှန်မှန်ကန်ကန်လည်း အုပ်ချုပ်မှာဖြစ်တယ်လေ။ သမ္မတ ဘာလုပ်နိုင်တယ်ဆိုတာကို သူ့ကို အတိအကျပြောပြထားမှာပါ” လို့ သူက ပြောပါတယ်။
ဒါဆိုရင် အာဏာရှင်သဘော သက်ရောက်မှာလားလို့ မေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က NLD ဟာ လူထုရဲ့အားပေးထောက်ခံမှုကနေ အင်အားဖြစ်လာတဲ့အတွက် အာဏာရှင်လမ်းကြောင်းကို ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။
“ကျွန်မတို့မှာ ပြည်သူလူထုရဲ့ထောက်ခံမှုရှိတဲ့အတွက် လူထုက ထောက်ခံနေသမျှကာလပတ်လုံး ရှင်သန်နေမှာပါ။ နောက်ပြီး လူထုထောက်ခံမှုနဲ့ရပ်တည်နေကြတဲ့ အစိုးရတိုင်းဟာ ဘယ်တော့မှ အာဏာရှင်ဖြစ်မလာကြပါဘူး” လို့ သူက ပြောပါတယ်။
အတိုက်အခံခေါင်းဆောင်ဟာ စစ်တပ်နဲ့တခြားအဖွဲ့တွေနဲ့ လက်တွဲပြီး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
“စစ်တပ်ပဲဖြစ်ဖြစ်၊ တခြားအဖွဲ့အစည်းပဲဖြစ်ဖြစ် တွဲဖက်အလုပ်လုပ်တာနဲ့ပူးပေါင်းဆောင်ရွက်တာဟာ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုပါ။ ညတွင်းချင်းတော့ဖြစ်မလာနိုင်ပါဘူး။ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်လာအောင် ကျွန်မတို့လေ့လာရပါမယ်။ စာအုပ်ကြီးအတိုင်း လုပ်လို့မရပါဘူး ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ဒီတော့ ကျွန်မတို့က အခြေအနေတွေ ဘယ်လိုပြောင်းလဲလာတယ်ဆိုတဲ့အပေါ် မူတည်ပြီး ကိုင်တွယ်ဖြေရှင်းရပါမယ်။ အဲဒါမျိုးကို တင်းတင်းကျပ်ကျပ်၊ မြန်မြန်ထက်ထက်စည်းကမ်းတွေ ချပြီး လုပ်လို့မရပါဘူး။ ၂၅ % ဟာ တဖြည်းဖြည်းနဲ့ ထွက်ခွာပေးရမယ်လို့ NLD ကတရားဝင်ပြောပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါ(၂၅%)က ဒီမိုကရေစီလုပ်နည်းကိုင်နည်းမဟုတ်လို့ပါ။ ဒါပေမယ့် ကျွန်မတို့က ပြန်လည်ပေါင်းစည်းရေးဆီ ဦးတည်တဲ့နည်းလမ်းနဲ့ ညှိနှိုင်းသွားမှာဖြစ်ပါတယ်
“ကျွန်မတို့အစိုးရဖွဲ့တာနဲ့တပြိုင်နက် ညှိနှိုင်းမှုတွေလုပ်ဖို့ သူတို့တံခါးဖွင့်ရမှာဖြစ်ပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။
စုပြည့်စုံ
Ref: CNA, Nov 10th

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...