ရန်ကုန် (မဇ္ဈိမ)။ ။ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ဗုဒ္ဓဟူးနေ့က ပေးပို့သည့် သဝဏ်လွှာနှင့် ပူးတွဲပါ “သတင်းသုံးသပ်ချက် မှတ်တမ်း” သည် သမ္မတနှင့် သမ္မတရုံး၏ သဘောထားမဟုတ်ကြောင်း သမ္မတရုံးကိုယ်စား ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် သောကြာနေ့က ရေးသားလိုက်သည်။
သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာသည် နှစ်ပိုင်းပါရှိပြီး တပိုင်းမှာ ဦးသိန်းစိန်၏ သဝဏ်လွှာဖြစ်ပြီး ကျန်တပိုင်းမှာ “ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း” ဖြစ်သည်။
အဆိုပါ သတင်းသုံးသပ်ချက်မှာ “ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများစသည်တို့၏ သတင်းများကို စုစည်းထုတ်နုတ်ထားသည့် နိုင်ငံတော်သမ္မတထံ တင်ပြချက်သာ” ဖြစ်ကြောင်း ညွှန်ကြားရေးမှူးက ဆိုသည်။
“ကျနော့်ရေးသားချက်က သမ္မတရုံး ထုတ်ပြန်ချက်ကို ကိုယ်စားပြုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ရုံးက ထုတ်ပြန်သွားဦးမှာပါ” ဟု ဦးဇော်ဌေး က မဇ္ဈိမကို ပြောသည်။
သမ္မတ၏ သဝဏ်လွှာတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည်များနှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုများ၊ ၎င်းတို့အစိုးရအနေနှင့် လုပ်ဆောင်နေသည့် လုပ်ငန်းများ၊ ဦးတည်ရာ လမ်းကြောင်းကို အနှောင့်အယှက်ပြုသူများကို အရေးယူ ဆောင်ရွက်မှုများနှင့် သတင်း
မီဒီယာအချို့၏ လုပ်ကြံချဲ့ကားမှုများမှ ထင်ယောင်ထင်မှားဖြစ်စေခြင်းများကြောင့် နှောင့်နှေးကြံ့ကြာမှု ဖြစ်စေလျက်ရှိကြောင်း တို့ ပါရှိသည်။
သတင်းသုံးသပ်ချက်တွင် “နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓာတ်ကို
အလွန်အကျွံ မြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်” ဟု ဖော်ပြထားသလို “ဘင်္ဂါလီမူဆလင်များအပေါ် အကြမ်းဖက်ရန် အဆက်မပြတ် ကြံစည်လုပ်ဆောင်လျက်ရှိသည်”
ဟုလည်း စွပ်စွဲထား၍ လွှတ်တော်တွင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီအမတ် ၁၄ ဦး၏ ကန့်ကွက်ခြင်း ခံခဲ့ရသည်။
ထို့ကြောင့် သ၀ဏ်လွှာကို ပြည်ထောင်စု လွှတ်တော်တွင် ဖတ်ကြားမည့် အစီအစဉ်ပါ ဖျက်သိမ်းခဲ့ရသည်။ သုံးသပ်ချက်ပါအကြောင်းအရာများနှင့်ပတ်သက်၍ မဇ္ဈိမက ကြာသပတေးနေ့က သတင်းထုတ်ပေးပို့ခဲ့သည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။