ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်မြို့၏ လူဦးရေသည် နောင် အနှစ် ၃ဝ နီးပါးတွင် ၁ဝ သန်းအထိ ရှိလာနိုင်သည်ဟု ခန့်မှန်းကာ မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းကို ဂျပန်အဖွဲ့တခုနှင့် ပူးပေါင်းကာ လာမည့်နှစ်အတွင်း အပြီးသတ် ရေးဆွဲသွားမည်ဟု မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတဦးက ပြောသည်။
ဂျပန်အစိုးရမှ ထောက်ပံ့ငွေဖြင့် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JAICA) မှ နည်းပညာဆိုင်ရာ အကူအညီပေးကာ ထိုဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲမှာ ဖြစ်သည်။
စီမံကိန်းတွင် မဂ္ဂါစီးတီး အဆင့် ဖြစ်လာမည့် မြို့ကြီး၏ ရေဆိုးထုတ်စနစ်၊ သယ်ယူ ပို့ဆောင်ရေးနှင့် ရေစီးရေလာ
ကောင်းမွန်ရေး၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေး တို့မှအစ သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူး သင်္ဘောဆိပ်ကမ်းများ တိုးတက်ရန် ဆောင်ရွက်ချက်များ ပါရှိမည်ဟု ဆိုသည်။
စီမံကိန်း ဘဏ္ဍာငွေ ခွင့်ပြုချက်ပေါ်တွင် မူတည်၍ တဖြည်းဖြည်းချင်း လုပ်ဆောင်သွားမည် ဖြစ်သည်။
“ဆွဲထားတဲ့ Plan (စီမံကိန်း) ထဲက ကိစ္စအချို့ကို Plan (စီမံကိန်း) ဆွဲနေရင်းနဲ့ လုပ်လို့ရတာတွေပါ” ဟု မြို့ပြ
မြေယာနှင့် မြေစီမံခန့်ခွဲမှုဌာန ဒု-ဌာနမှူး ဦးတိုးအောင် က မဇ္ဈိမကို သြဂုတ်လ ၁၆ ရက်နေ့ က ပြောသည်။
ရန်ကုန် လူဦးရေသည် ၂ဝ၁၂ ခုနှစ်၌ ၅ ဒဿမ ၁ သန်းရှိကာ ၂ဝ၄ဝ ခုနှစ်တွင် လူဦးရေ ၁ဝ သန်း ရှိလာမည့်အတွက် မဂ္ဂါစီးတီး အဆင့်သို့ ရောက်လာမှာ ဖြစ်သည်ဟု ရန်ကုန် စည်ပင် သာယာ ဝန်ကြီး ဦးလှမြင့် က သြဂုတ် ၁၄ ရက်နေ့ က ပြုလုပ်သော မဟာဗျူဟာ စီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့ဖူးသည်။
ရန်ကုန် စည်ပင်သာယာကလည်း ပြင်ပ အင်ဂျင်နီယာများပါ ငှားရမ်းခေါ်ယူပြီး အဖွဲ့ဝင် ၇၃ ဦးပါ မဟာရန်ကုန်ဖွံ့ဖြိုးမှု စီမံကိန်းအဖွဲ့ကို ဖွဲ့စည်းပြီး ဖြစ်သည်။ ထို့အပြင် ရေရှည် စီမံကိန်းအတွက် အရာထမ်း ၅၅ ဦးနှင့် အခြားအဆင့် ဝန်ထမ်း ၄၅ ဦးတို့ကိုပါ ထည့်သွင်း ဖွဲ့စည်းရန် စီစဉ်လျက်ရှိသည်ဟု ဦးတိုးအောင် က ဆိုသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။