Ads (728x90)


ပုသိမ်လေဆိပ်မှ လေ့ကျင့်ပျံသန်းလာစဉ် ပျောက်ဆုံးသွားခဲ့သည့် တပ်မတော် (လေ) လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်ကို ၁၀ ရက်ကြာ (စက်တင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်း) သည်အထိ ရှာမတွေ့သေးကြောင်း ပုသိမ်လေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးအောင်ကျော်စိုးက The Voice သို့ ပြောကြားသည်။ 

ရေဒါမှ နောက်ဆုံးအဆက်အသွယ် ရရှိသည့် ပုသိမ်မြို့နယ်အတွင်းရှိ ဘောမိ၊ မကျီးဇင်ကျေးရွာအုပ်စု ပတ်ဝန်းကျင်၏ ဆယ်မိုင်အတွင်းရှိ ရခိုင်ရိုးမအစပ် သစ်ဖြူကျေးရွာအနီး တောတောင်များတွင် နယ်မြေတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံများ ပါဝင်သော မြေပြင်ရှာဖွေရေးအဖွဲ့များ တောနင်းရှာဖွေနေဆဲ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“တိုက်ခိုက်ခြင်း ခံရတာတော့ မဟုတ်ပါဘူး။ အဲဒီဘက်မှာက အဲဒီလိုဖြစ်နိုင်တဲ့ အခြေအနေ မရှိပါဘူး။ မြေပြင်ကနေသာမက ဝေဟင်ကပါ ရဟတ်ယာဉ်တွေနဲ့ ရှာဖွေနေပါတယ်” ဟု ဗိုလ်မှူးအောင်ကျော်စိုးက ပြောကြားသည်။  

လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် သုံးစီးသည် စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းက ပုသိမ်လေဆိပ်မှ လေ့ကျင့်ပျံသန်းလာစဉ် ဗိုလ်မှူးကောင်းထိုက်ကျော် မောင်းနှင်ပြီး ဗိုလ်ကြီးသော်ဇင်ဖြိုး လိုက်ပါသည့် ဂျက်လေယာဉ်သည် နံနက် ၉ နာရီကျော်တွင် ပုသိမ်လေဆိပ်နှင့် အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။  

ယင်းဂျက်လေယာဉ်သည် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတွင်း လေ့ကျင့်ပျံသန်းလာစဉ် ပုသိမ်မြို့ အနောက်မြောက်ဘက် ၃၆ မိုင်ခန့် အကွာတွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက စက်တင်ဘာ ၅ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်များသည် အမောင်းသင် ဂျက်လေယာဉ်အမျိုးအစား ဖြစ်ပြီး ယခင်က ယူဂိုဆလားဗီးယားနိုင်ငံမှ ထုတ်လုပ်ကာ ၁၉၈၄ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ခုနစ်နှစ်အတွင်း ဂျက်လေယာဉ်အစီးပေါင်း ၈၅ စီး ထုတ်လုပ်ခဲ့ကြောင်း အဆိုပါရုံး၏ ထုတ်ပြန်ချက်အရ  သိရသည်။ 

R-12
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...