ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ရဲ့ အမျိုးသားပညာရေး ဥပဒေ အပေါ် သဘောထားထုတ်ပြန်ကြေငြာချက် မှာအခုလိုပါဝင်ပါတယ်။
၁။ "အမျိုးသားပညာရေးကော်မရှင်" ကိုဖွဲ့စည်းရန်မလိုပါ။ စစ်တက္ကသိုလ်နှင့် ဘာသာရေး သီးသန့် သင်ကြားသော တက္ကသိုလ်များမှလွဲ၍ အခြေခံပညာကဏ္ဍ၊ အသက်မွေးဝမ်းကြောင်း ပညာကဏ္ဍ၊ အခြားအဆင့်မြင့် ပညာကဏ္ဍများသည် ပညာရေး ဝန်ကြီးဌာနနှင့်သာ သက်ဆိုင်စေရမည်။
NNER အနေနဲ့ ဥပဒေတစ်ရပ်ကို ဆန့်ကျင်ဝေဖန်နေပေမယ့်၊ ဥပဒေကြောင်းကို သိပ်နားမလည်တော့၊ ဖတ်ကြည့်လိုက်ရင် ဟုတ်သလိုလိုနဲ့ လက်တွေ့မှာ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေတဲ့ ဒီလို တောင်းဆိုမှုမျိုးကို တောင်းဆိုနေခြင်း ဖြစ်ပါတယ်။ အနည်းငယ် ရှင်းပြချင်ပါတယ်။
ကနေ့ခေတ်မှာ ဒီမိုကရေစီရယ်လို့၊ လွှတ်တော်၊ အစိုးရနဲ့၊ တရားလွှတ်တော် ဆိုပြီး မဏ္ဍိုင် (၃)ရပ်နဲ့ အပြန်အလှန် ပါဝါအာဏာ ထိမ်းညှိကြတာ အားလုံးအသိပါ။ သီအိုရီအရ ဟုတ်နေတာပါပဲ။ လွှတ်တော်က ဥပဒေပြု၊ အစိုးရက အုပ်ချုပ်၊ တရားလွှတ်တော်က တရားစီရင် သူ့အလုပ်သူ သီးခြားစီ လုပ်ခြင်းအားဖြင့် အာဏာကို ခွဲဝေထားကြပါတယ်။
"ဥပဒေပြုရေး"
ဒါပေမယ့် လက်တွေ့မှာ၊ လွှတ်တော်က ပင်မဥပဒေတွေကိုသာ ရေးဆွဲအတည်ပြုပြီး အသေးစိတ် နည်းဥပဒေ များကိုတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းကို လွှဲအပ်ရတာ ထုံးစံဖြစ်ပါတယ်။ လွှတ်တော်အနေနဲ့ အချိန်မပေးနိုင်တာရယ်၊ လုပ်ငန်း အသေးစိတ်ကို နားမလည် နိုင်တာရယ်ကြောင့် ဒီလိုလွှဲအပ်ရတာ ထုံးစံပါ။ ဒီတော့ လွှတ်တော်က ဥပဒေပြု၊ အစိုးရကအုပ်ချုပ် လို့ပြောနေပေမယ့် အစိုးရမှာ ဥပဒေပြုရေးအာဏာ ရှိနေတဲ့သဘော ဖြစ်ပါတယ်။ လက်တွေ့မှာ အစိုးရသတ်မှတ်တဲ့ နည်းဥပဒေတွေက လွှတ်တော်သတ်မှတ်တဲ့ ပင်မဥပဒေထက်ကို များပြားနေတက်ပါသေးတယ်။
"တရားစီရင်ရေး"
ဥပဒေရေးရာတစ်ရပ်နဲ့ ပက်သက်ပြီး အငြင်းပွားမှုတွေရှိလာခဲ့ရင် တရားစီရင်ရေး အာဏာရှိတဲ့ တရားရုံးက စီရင်ဆုံးဖြတ် ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အစိုးရမှာလည်း တရားစီရင်ရေးအာဏာ ရှိနေပါတယ်။ ဥပမာ - အမှိုတ်မပြစ်ရနေရာမှာ အမှိုက်ပြစ်လို့ အုပ်ချုပ်ရေးမှုးက ဒါဏ်ရိုက်တယ်ဆိုတာ တရားစီရင်ရေး ဆန်တဲ့ အပြုအမူတစ်ရပ်ပဲ ဖြစ်ပါတယ်။ ကိစ္စအားလုံးကို တရားရုံးသွားနေလို့ မဖြစ်တဲ့ အတွက် အစိုးရကို တရားစီရင်ရေး အာဏာ အတိုင်းအတာတစ်ခုထိ အပ်နှင်းရတာလည်း ထုံးစံ ဖြစ်ပါတယ်။
"အစိုးရ"
ဒီလိုနဲ့ အာဏာခွဲဝေအသုံးချပါတယ်ဆိုတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာတွေကို အစိုးရထံ အတိုင်းအတာတစ်ခုထိ အပ်နှင်းရတဲ့အတွက် အစိုးရကသာ အဓိကအာဏာ ရှိသူဖြစ်လာပါတယ်။ ဒါကို ထိမ်းညှိနိုင်ဖို့ ပညာရှင်များ လေ့လာကြရာမှာ ရရှိလာတဲ့ အဖြေကတော့ Law Review နဲ့ ကော်မရှင်တို့ပဲ ဖြစ်ပါတယ်။ အစိုးရရဲ့ ဥပဒေပြုရေး အာဏာကို ထိမ်းချုပ်ဖို့အတွက် လွှတ်တော်က ဆင့်ခေါ်ခြင်း၊ မေးခွန်းထုတ်ခြင်းကို လုပ်ရပါတယ်။ နည်းဥပဒေတွေကို Debate လုပ်ရပါတယ်။ ဖြစ်ပေါ်လာတဲ့ အငြင်းပွားမှုတွေအတွက် တရားစီရင်ရေးဆန်တဲ့ ကိစ္စတွေကိုတော့ ကော်မရှင်က ဖြေရှင်းရပါတယ်။
ဒီတော့.. လိုရင်းကိုပြန်ကောက်ရရင် NNER ရဲ့ သဘောထားထုတ်ပြန်ချက်မှာ၊ ကော်မရှင်မထားပဲ ပညာရေးဝန်ကြီးဌာနနဲ့သာ သက်ဆိုင်စေရမယ်ဆိုတော့၊ အစိုးရအဖွဲ့ဖြစ်တဲ့ ပညာရေးဝန်ကြီးဌာနကို ပညာရေးဆိုင်ရာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အားလုံးကို အကြွင်းမဲ့ အပ်နှင်းလိုက်ပါလို့ တောင်းဆိုသလို ဖြစ်နေပါတယ်။ အမှန်တစ်ကယ် ဖြစ်သင့်တာကတော့ တရားစီရင်ရေးဆန်သော ကိစ္စရပ်များကို တာဝန်ယူမယ့် ကော်မရှင်ကို "အမှန်တစ်ကယ် လွပ်လပ်တဲ့" အဖွဲ့တစ်ရပ် ဖြစ်လာအောင်သာ တောင်းဆိုသင့်ပါတယ်။
ဒီနည်းနဲ့ ကျောင်းအုပ်ချုပ်ရေးညံ့ရင် ကော်မရှင်ကို တိုင်နိုင်ပါတယ်။ စာမေးပွဲမသာမာမှုတွေရှိတဲ့အခါ ကော်မရှင်ကို တိုင်နိုင်ပါမယ်။ ကျောင်းသားတစ်ယောက် မမျှမတ အရေးယူခံရရင် ကော်မရှင်ကို တိုင်နိုင်ပါမယ်။ ကောင်မရှင်မရှိရင် ဘာလုပ်မလဲ? ငြိမ်ခံရင်လည်းခံ၊ ဆန္ဒပြရင်လည်းပြ၊ တရားရုံးတက် တရားစွဲရင်လည်းစွဲ လုပ်ရပါတော့မယ်။ ဒါကြောင့် ကော်မရှင်မထားဖို့ တောင်းဆိုတဲ့ တောင်းဆိုချက်က ဥပဒေရှုထောင့်က ကြည့်ရင် ကိုယ့်သေတွင်းကိုယ်တူးတဲ့ တောင်းဆိုချက် တစ်ရပ်ပဲဖြစ်ပါတယ်။ "လွပ်လပ်သော ကော်မရှင်" ဖြစ်ရေးကိုသာ ဦးတည်တောင်းဆိုသင့်ကြောင်း အကြံပြုလိုက် ရပါတယ်။
ကို Ei Maung က ဥပဒေဘွဲ့ရ တစ်ယောက်ပါ သူ့ရဲ့ ဥပဒေ ရှုထောင့်ကနေ တင်ပြထားတာ ဖြစ်ပါတယ်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။