Ads (728x90)


 

Daily Eleven သတင်းစာပါ မှားယွင်းဖော်ပြထားသည့် သတင်းအတွက် AGD Bank မှ မီဒီယာများအား ဖိတ်ခေါ်၍ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်သည့် ပွဲသို့ တက်ခဲ့ဟန်ရှိသည့် သတင်းထောက်လေး ချမ်းမြေ့ ရေးထားတာကို ဖော်ပြလိုက်ပါတယ်။

========================================
The Daily Eleven သတင်းစာက (၁၁) ရက်နေ့မှာ “ အခွန်မပေးဆောင်သော ကုမ္ပဏီ တစ်သောင်းကျော်ရှိနေ ပြီး ဦးတေဇ၏ AGD ဘဏ်၊ Mr.Serge Pun ၏ ရိုးမဘဏ်အပါအ၀င် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး အချို့ပါဝင်’’ ခေါင်းစဉ်နဲ့ အချက်အလက်မှားယွင်းနေတဲ့သတင်းတစ်ပုဒ်ကို ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ ထုတ်ပြန်ချက် ကို ကိုးကားပြီးဖော်ပြခဲ့ပါတယ်။
ရည်ညွှန်း( The Daily Eleven သတင်းစာ - အင်္ဂါနေ့ (၁၁-၃-၂၀၁၄) ရက်စွဲထုတ်
ဒီတော့ The Daily Eleven သတင်းစာမမှားဘူးလို့
ပြောရင်လည်း The Daily Eleven သတင်းစာက ကိုးကား ဖော်ပြခဲ့တဲ့ သတင်းရဲ့ အချက်အလက်မှား နေပြီလို့ ပြောနိုင်တယ်ဆိုတာ မြန်မာစာကို ဖတ်ရှုနားလည်နိုင်စွမ်းရှိသူတိုင်း
အလွယ်တကူသဘောပေါက်မယ်လို့ ယုံကြည်ပါတယ်။
နောက်တစ်ရက်မှာ “ ပြည်တွင်းအခွန်မှ မှားယွင်းထုတ်ပြန်ခြင်းဖြစ်ပြီး AGD ဘဏ်အနေဖြင့် အခွန်ပေး ဆောင်ထားကြောင်း ပြည်တွင်းအခွန်နှင့် ပူးတွဲရှင်းလင်း’’ နဲ့ “ ကျပ်သိန်းပေါင်း နှစ်သိန်းမှ သုံးသိန်းကြား မတည် လည်ပတ်သည့် AGD ဘဏ်သည် ၂၀၁၂-၂၀၁၃ ခုနှစ်က အမြတ် ကျပ်သိန်း ၈၀၀ နီးပါး ပြပြီး သိန်း ၂၃၀ ကျော်သာ ၀င်ငွေခွန်ဆောင်’’ ဆိုပြီး သတင်းနှစ်ပုဒ် The Daily Eleven ကဖော်ပြခဲ့ပါတယ်။
ရည်ညွှန်း( The Daily Eleven သတင်းစာ - ဗုဒ္ဓဟူးနေ့ (၁၂-၃-၂၀၁၄) ရက်စွဲထုတ်
(အဆိုပါသတင်းကို The Daily Eleven သတင်းစာတွင် ထည့်သွင်းခဲ့စဉ်က ပြည်တွင်းအခွန်များဦးစီးဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော တရားဝင်ထုတ်ပြန်ချက်တွင်ပါဝင်သည့် စာရင်းအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး မတ် ၁၁ ရက်ထုတ် The Daily Eleven သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။) လို့ပဲ The Daily Eleven က ဖြေရှင်းပါတယ်။ ဖြေရှင်းတယ်လို့ သုံးနူန်းရတဲ့ အကြောင်းကတော့ အင်္ဂါနေ့ (၁၁-၃-၂၀၁၄) ရက် နေ့က လုပ်တဲ့ AGD ဘဏ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့မိလိုက်တဲ့ The Daily Eleven သတင်းစာက သတင်းထောက်ချုပ် ကိုမာန်သူရှိန် ရဲ့ အရေးတကြီးနဲ့ စိတ်ဖိစီးနေတဲ့ အမှုအယာနဲ့ တောင်းဆိုမှုကို မြင်လိုက်ရလို့ပါ။
သူက Eleven မမှားကြောင်းပြောပေးပါလို့ သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းတာမဟုတ်ဘဲ၊ တောင်းဆိုမှုတွေ အရေးတကြီး တစ်ခါမကလုပ်နေတာတွေ့မိလိုက်ပါတယ်။ ဒါကြောင့် နောက်က သတင်းစာ တိုက်က သူ့ကို ဒီအဖြေရအောင်ယူခဲ့လို့ ဖိအားပေးတာခံရတာပေါ်လွင်နေပါတယ်။ကိုမာန်သူရှိန်ရဲ့ ခုတ်ရာတ ခြားရှရာတခြား တောင်းဆိုမှုကအတော်ဆိုးဆိုးရွားရွားဖြစ်လို့ အလုပ်သင်သတင်းထောက်တစ်ဦးအနေနဲ့တောင် အတော်အ ရှက်ရ စရာဖြစ်ခဲ့ပါတယ်။
ကိုမာန်သူရှိန်ရဲ့ စိတ်ဖိစီးမှုများနေတဲ့ အမှုအယာက Eleven ဟာ ဘယ်တော့မှ မမှားတဲ့ နံပါတ်တစ်မီဒီယာ ဆိုတဲ့ ဂုဏ်သိက္ခာကြီးကို ထမ်းပိုးနေရပုံပါပဲ။
ဖြစ်သင့်တာကတော့ ပြည်သူတွေရဲ့မျှော်လင့်ချက်ကို ထမ်းပိုးထား ရတဲ့ သတင်းစာသမားတစ်ဦးရဲ့ ပုံရိပ်ပဲဖြစ်သင့်ပါတယ်။ တကယ်လို့ Eleven ရဲ့ ဂုဏ်သိက္ခာက ဒီလိုထမ်းပိုး ထားရအောင် ကြီးမားနေတယ်ဆိုရင်လည်း အခွန်ထမ်းပေမယ့် မှားယွင်းဖော်ပြခံရတဲ့ ကုမ္ပဏီတွေ ရဲ့ ဂုဏ် သိက္ခာသည်လည်း အသေးအဖွဲတော့ မဟုတ်တန်ရာပါဘူး။ ဒါ့အပြင် အဲဒီ လုပ်ငန်းတွေမှာ ကိုယ်တတ် တဲ့ အတတ်ပညာနဲ့ ဘ၀ကို ရိုးရိုးသားသားအသက်မွေးဝမ်းကျောင်းပြုနေတဲ့ ၀န်ထမ်းတွေကလည်း ပြည်သူတွေ ပါပဲ။ သူတို့က ကျွမ်းကျင်ဝန်ထမ်းတွေဆိုလည်း သူတို့ရဲ့ ကုမ္ပဏီကို မှီခိုအားထားမှုနဲ့ သွားနေကြရတာပါ။ သတင်းမှားယွင်းဖော်ပြမှုက သူတို့တွေရဲ့ ဘ၀တွေကိုလည်း ထိခိုက်သွားစေနိုင်ပါတယ်လို့ ပြောပြချင်ပါတယ်။
ကိုယ်က သတင်းသမားမို့လို့ တိုင်းပြည်အကျိုး လုပ်နေတယ်ဆိုပေမယ့် တစ်ခြားပြည်သူတွေကလည်း သူတို့နည်း သူတို့ဟန်နဲ့ တိုင်းပြည်ကို အကျိုးပြုနေကြသူတွေဆိုတာ သတိထားဖို့လိုအပ်ပါလိမ့်မယ်။ ကိုယ့် ပေါင်ပေါ်ကျမှ မီးပွားက ပှုတယ်ဆိုခဲ့ရင် ရဟန်းပညာရှိ၊လူပညာရှိတို့ရဲ့ ကဲ့ရဲ့စရာဖြစ်ပါလိမ့်မယ်။
အမှန်တော့ သူ့ (ကိုမာန်သူရှိန်- The Daily Eleven - သတင်းထောက်ချုပ်) အနေနဲ့ တောင်းဆိုသင့်တာက ပြည်တွင်းအခွန်ဦးစီးဌာနကို ပါ။ ခင်ဗျားတို့ ပြည်တွင်း အခွန်ဌာန အနေနဲ့ နောက်တစ်ကြိမ် ဒီလိုအချက်အလက်အမှားအယွင်းမဖြစ်အောင်
ဘယ်လိုအစီအစဉ်တွေ စီမံထားပါ သလဲ။
ကျွန်တော်တို့က ခင်ဗျားတို့ အချက်အလက်တွေကို ယုံကြည်ဖော်ပြလို့
သတင်းရဲ့ အချက်အလက် အမှားအယွင်းဖြစ်ခဲ့ရပါတယ်။
ဒါကြောင့် Eleven မမှားယွင်းကြောင်း ဒီနေရာကနေ ပြောကြားပေးပါလို့ ဦးတင်ထွန်းနိုင်ကို တောင်းဆိုသင့်တာပါလို့ ပြောပြချင်ပါတယ်။
AGD ဘဏ်အပါအ၀င် မှားယွင်းဖော်ပြခံရတဲ့ ဘယ်စီးပွားရေးလုပ်ငန်းကမှ Eleven ကို ရန်မလိုကြပါဘူး။ မှားတယ်လို့ မပြောကြသေးပါဘူး။ အပြစ်တင်မနေကြပါဘူး။ ဒါပေမဲ့ သူတို့မှာ မှားတာကို မှားတယ်လို့ ပြန်လည် ဖြေရှင်းခွင့် အပြည့်ရှိပါတယ်။ မြင်မိသလောက်တော့ AGD ဘဏ်ကလည်း အဲဒီ ဖြေရှင်းမှုဘောင်ထဲကနေပဲ လုပ်ဆောင်သွားတာ အရှင်းကြီးပါ။
တကယ်တော့ စာနယ်ဇင်းလောက၊ သတင်းစာလောကမှာ ဒီနေ့မှ သတင်းစလိုက်တဲ့ အလုပ်သင် သတင်း ထောက်ကလေးတွေတောင် သိတဲ့အချက်က သတင်းတည်ဆောက်မှုမှာ တစ်ခြမ်းပဲ့ တော့သွားလို့ မသင့် ဘူး ဆိုတာပါ။တစ်ဘက်အမြင်နဲ့ သတင်းကို မတည်ဆောက်ရဖူးဆိုတာ အတော်ကြီးကို အခြေခံကျတဲ့ လုပ်ငန်းသဘောလေးပါ။ ကျင့်ဝတ်လို့ဆိုရလောင်အောင် မကြီးကျယ်လှပါဘူး။
အကယ်၍များ အဲဒီနေ့က အခွန်မဆောင်ဘူးလို့ ဖော်ပြခံရတဲ့ အထဲက နာမည်တပ်ပြီးဖော်ပြမယ့် လုပ်ငန်းတွေကိုဆက်သွယ်ပြီး သူတို့ရဲ့ တုံ့ပြန်ပြောဆိုမှုတွေပါအောင်လုပ်ပြီးမှ
သတင်းတည်ဆောက်ခဲ့ရင် သတင်းကပိုပြီးလှသွားမှာပါ။ ပိုပြီးလည်း အမှန်တရားနဲ့ နီးစပ်သွားဖို့ရှိပြီး အစိုးရဌာနတစ်ခုရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြတဲ့ အချက်တိုင်း အမြဲမှန်ချင်မှ မှန်မယ်ဆိုတာမျိုး တွေးစရာတစ်ခု ပြည်သူတွေရသွားဖို့ ရှိသလို သက်ဆိုင်ရာဌာနအနေနဲ့လည်း နောင်ဒီလိုမဖြစ်အောင် ပြင်ဆင်သင့်တဲ့အပိုင်းကိုမြင်သွားမှာပါ။ ဒါမှလည်း စတုတ္ထမဏ္ဍိုင်ပီသပါလိမ့်မယ်လို့ ပြောပြချင်ပါတယ်။
AGD ဘဏ် နဲ့ သတင်းထဲပါနေတဲ့ လုပ်ငန်းအားလုံးကိုမဟုတ်ရင်တောင် တတ်နိုင်သလောက် အမည်တပ်ဖော်ပြမယ့် ကုမ္ပဏီတွေကို ဆက်သွယ် မေးမြန်း ခဲ့သင့်တယ်ဆိုတဲ့ အချက်ကို The Daily Eleven လုံးဝ မေ့ထားပုံရပါတယ်။
ဒါမှမဟုတ် ထည့်သွင်းစဉ်းစားခဲ့ခြင်းရှိပုံမရပါဘူး။အမှန်တော့ နိုင်ငံကို ပြုပြင်ပြောင်းလဲ ရေး အတွက် အား သွန်ခွန် စိုက်တိုက်တွန်းနေတဲ့ သတင်းစာ တစ်စောင်အတွက် ဒီအချက်က အသေးဆုံးအဆင့် တာဝန်ယူမှုနဲ့ တာဝန်ခံမှုပါပဲလို့ ပြောပြချင်ပါတယ်။
(မတ် ၁၀ ရက်အထိ ပြည်တွင်းအခွန်ဦးစီးဌာန၏ ၀က်ဘ်ဆိုက်တွင် AGD ဘဏ်နှင့် ရိုးမဘဏ်တို့ ၎င်းတို့ ထုတ်ပြန်သည့် အခွန်မဆောင်စာရင်းတွင် ပါဝင်နေခြင်းမှာ မှားယွင်းသည်ဟု ဌာနဘက်မှ ထုတ်ပြန်ခဲ့ခြင်းလည်း မရှိသည့်အတွက် ထုတ်ပြန်ချက်အတိုင်း ထည့်သွင်းခဲ့ခြင်းဖြစ်သည်။) လို့လည်း ကိုယ့်ရဲ့ ပျက်ကွက်မှု ကို ဖာဖာထေးထေး လုပ်ပြန်ပါတယ်။ အမှန်တော့ မတ်လ- ၁၀ ရက်နေ့အထိ ပြည်တွင်း အခွန်ဦးစီးဌာနရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားလည်း စာရင်းထဲမှာပါတဲ့ ကုမ္ပဏီတွေကို အတတ်နိုင်ဆုံး ဆက် သွယ် မေးမြန်း ခဲ့သင့်တယ် ဆိုတဲ့ အချက်က ပြောင်းမသွားပါဘူး။
ကုမ္ပဏီတစ်သောင်းကျော်တောင် ဘယ်လိုဆက်သွယ်မေးဖို့ ဖြစ်နိုင်မလဲလို့ဆိုရင်လည်း အမည်တပ်ပြီး ဖော်ပြမယ့် ကုမ္ပဏီတွေလောက်တော့ မေးလို့ရတာပဲမဟုတ်လား။
မေးကောမေးသင့်တယ်လို့ မတွေးမိဖူးလား၊ အခွန်မဆောင်သောကုမ္ပဏီတစ်သောင်းကျော်ဆိုပြီး ဖော်ပြခံရရုံနဲ့တော့ လုပ်ငန်းနာမည်မပါတဲ့ ကုမ္ပဏီတွေက မထောင်းသာလှပေမယ့်၊ အမည်တပ်ပြီး မှားယွင်းဖော်ပြခံရတဲ့လုပ်ငန်းတွေကတော့ အတိုင်းအတာ တစ်စုံတစ်ရာအထိ သက်ရောက်မှုရှိသွားမှာပါ။
အနည်းဆုံးတော့ မလိုလားအပ်ဘဲ အလုပ်တွေ ရှုပ်ကုန်ကြ တယ်။ ကိုယ်ကတော့ အသေးဆုံးတာဝန်ယူမှု responsibility ကိုတောင် အမှုမထားပဲ အားလုံးကို ပြုပြင် ပြောင်း လဲစေချင်တယ်လို့ အော်နေရင်တော့ အလုပ်သင်သတင်းထောက်လေးတောင် သိတယ်လို့သာ ပြောပြချင်ပါတယ်။
ချမ်းမြေ့
(အလုပ်သင်သတင်းထောက်တစ်ဦး)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...