Ads (728x90)


အခုလက်ရှိအစိုးရဟာ အရင်အစိုးရရဲ့ ကောင်းမွေဆိုးမွေတွေကို ဆက်ခံရတာမှန်ပေမယ့် အရင်အစိုးရ de facto Government အခု အစိုးရက ဒီမိုကရေစီအစိုးရလို့ မခေါ်ချင်တောင် ဒီမိုကရေစီဖော်ဆောင်တဲ့ အစိုးရဖြစ်ပါတယ်။ နိုင်ငံခြားရေးမူဝါဒကအစ အရင်အစိုးရ ပုံစံအတိုင်းပဲလား ဆိုတာ မေးခွန်းထုတ်ရပါမယ်။ အာဏာရှင်စနစ်ကို ကျင့်သုံးတုန်းက ဗီတိုတွေ သုံးပေးရလို့ ကျေးဇူးရှိကောင်းရှိမယ်။ ဒါဟာ အရင်အစိုးရပါ။ အခုအစိုးရရဲ့ Foreign Policy ကကော အတူတူပဲလား။ တရုတ်ဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ ကျေးဇူးရှင် မဟုတ်ရုံသာမက မိတ်ဆွေကောင်းတစ်ဦး မဟုတ်ပါဘူး။ အိမ်နီးချင်းတစ်ဦး သာဖြစ်ပါတယ်။

အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးက မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မြန်မာအစိုးရနဲ့ရော အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ဆက်ဆံပြီး တွန်းအားပေးချိန်မှာ တရုတ်အစိုးရက သူ့ရဲ့ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ပဲ အာရုံစိုက်ပြီး မြန်မာ ပြည်သူတွေရဲ့ဆန္ဒကို အလေးမထားဘဲ အစိုးရကို ဖိအားအမျိုးမျိုးပေးနေခဲ့တာ တွေ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို အသိအမှတ် ပြုတာမျိုး၊ မြန်မာပြည်သူတွေကို အလေးထားတာမျိုး လုံးဝမပြသခဲ့ပါဘူး။

အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေး တင်းမာ၊ ဂျပန်၊ ကိုရီးယားနဲ့ ပြဿနာတွေရှိပြီးအာရှမှာ အထီးကျန် ဖြစ်နိုင်တဲ့အခြေအနေမျိုးမှာ ဒီမိုကရက်တစ် မြန်မာနိုင်ငံနဲ့ ဆက်ဆံဖို့မပြင်ဆင်ဘဲ ယခင်အစိုးရ ထဲက နောက်ကြောင်း ပြန်လှည့်ချင်သူတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ထားရှိနေတာ တွေ့ရပါတယ်။ တရုတ်အနေနဲ့ ဗီ ယက်နမ်လို နောက်ထပ်အတိုက်အခံ အိမ်နီးချင်းတစ်နိုင်ငံ မဖြစ်ဖို့အတွက် နိုင်ငံခြားရေးမူဝါဒကို မပြောင်းလဲဘဲ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးအတွက် ပြဿနာတွေ ဖန်တီးမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။

တရုတ်အစိုးရအနေနဲ့ ကချင် ဒေသငြိမ်းချမ်းရေး၊ ၀ဒေသမှ မြန်မာ အချုပ်အခြာအာဏာရှိရေး၊ သိက္ခာရှိပြီး မျှတတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်အောင် ပြန်လည်သုံးသပ်ရေး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖွံ့ဖြိုးရေး တည်ငြိမ်ရေးမှာ ကူညီရေး အစရှိတာတွေကို သိသာထင်ရှားအောင် လုပ်ပြရမယ့် အခြေအနေရောက်နေပါပြီ။

တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နောက်ဆုတ်သွားမယ်လို့ တရုတ်သံအမတ်ကြီးက ပြောတာ ကျွန်တော် တို့ဝမ်းမနည်းပါဘူး။ သိက္ခာရှိပြီး ပွင့်လင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုသာ ကျွန်တော်တို့လိုပါတယ်။ ကျောက်ဖြူ -ကူမင်း ရေနံသဘာဝပိုက်လိုင်း၊ ရထားလမ်း၊ ကားလမ်းဖောက်လုပ်ရေးတွေရဲ့ပြီးစီးမှုကို ကချင်၊ ၀၊ ဒီမိုကရေစီရေး တွေနဲ့ ဆက်စပ်ထားရှိရမှာ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ အိမ်နီးချင်း မိတ်ဆွေကောင်း ဖြစ်လာရင် ကျွန်တော်တို့က မိတ်ဆွေကောင်းပီသမှာ ဖြစ်ပါတယ်။ အာဆီယံမှာ မြန်မာနိုင်ငံဟာ တရုတ်ရဲ့မိတ်ဆွေ ဖြစ်ဖို့က တရုတ်အပေါ်မှာ တည်ပါတယ်။

တရုတ်နိုင်ငံခြားရေး ၀ါဒကို ပြန်သုံးသပ်သင့်ပါပြီ။ တစ်ချိန်တည်းမှာ ကျွန်တော်တို့ နိုင်ငံမှာဖြစ်ပွားနေတဲ့ မတည်မငြိမ်၊ အကြမ်းဖက်မှုတွေ၊ အစွန်းရောက် အတွေးအခေါ်တွေအတွက် လည်း ကျွန်တော်တို့ပြည်သူတွေ သတိရှိသင့်ပါတယ်။ Superpower နိုင်ငံကြီးတစ်နိုင်ငံဘေးမှာ နေထိုင်ရတဲ့အခါ သတိဆိုတာ အမြဲတမ်းရှိရပါ တယ်။ အစိုးရအနေနဲ့ ကိုယ့်ကိုကိုယ် ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အစိုးရဆိုတာ မမေ့ဖို့လိုသလို သမ္မတအနေနဲ့လည်း ကိုယ်လျှောက်တဲ့လမ်း ကိုယ်ရဲရဲရင့်ရင့် လျှောက်ဖို့လိုပါတယ်။ ကိုယ်ပေးထား တဲ့ ကတိစကားတွေကိုလည်း အမှတ်ရဖို့လိုပါတယ်။ အသွင်ကူးပြောင်းရေး ကာလ အခက်အခဲတွေကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းချင့်ချိန် ဥာဏ်ကိုသုံးပြီး ခရီးဆက်ရပါမယ်။ ပြတ်သားသင့်ရင် ပြတ်သား၊ ညှိနှိုင်းသင့်ရင် ညှိနှိုင်း၊ ခရီးကတော့ ရွေ့ရပါမယ်။

ခရိုနီစီးပွားရေးတွေကို ဆက်လုပ်လိုတဲ့ လက္ခဏာတွေ၊ သတင်းမီဒီယာ ဖွံ့ဖြိုးရေးတွေကို နောက်ပြန်သွားစေတဲ့ လက္ခဏာတွေ၊ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ၊အစိုးရအနေ နဲ့ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ပတ် သက်ပြီး နောက်ပြန်သွားမယ့်အသုံး အနှုန်းဖော်ပြချက်တွေတွေ့လာရတယ်။ Hard Liners တွေ အစိုးရအဖွဲ့အနား ရောက်လာတယ် ထင်ပါတယ်။ အဆိုးဆုံးကတော့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ ‘၀’ ပြည်နယ် တိုးမြှင့်ဖို့တောင်းဆိုချက်ပဲ ဖြစ်ပါတယ်။

‘၀’ဒေသမှာ ‘၀’ လူမျိုးဟာ ခြောက်သိန်းခန့်ပဲရှိပြီး’၀’အမြဲတမ်းနဲ့ အရန်စစ်တပ်ဟာ အင်အားသုံးသောင်း ကနေ ငါးသောင်းအထိရှိပါတယ်။ ခေါင်းဆောင်အများစုက တရုတ်နိုင်ငံ အတွင်းမှာမွေးဖွားခဲ့သူတွေဖြစ်ပါတယ်။ ‘၀’ဒေသအတွင်းမှာ တရုတ်စကားဟာ ဒေသသုံးစကားဖြစ်ပြီး တရုတ်စာက ရုံးသုံးစာလို ဖြစ်ပါတယ်။ တရုတ်ငွေကြေးကိုသာ သုံးစွဲပြီး တရုတ်နိုင်ငံနဲ့ သီးခြား နိုင်ငံခြားဆက်ဆံရေး ရှိပါတယ်။ တရုတ်ဘာသာနဲ့ထုတ်လွှင့်တဲ့ ရုပ်မြင် သံကြားဌာနတစ်ခုလည်း ရှိပါတယ်။ တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်များဟာ ခဲမဖြူတူးဖော်ရေးလို လုပ်ငန်းမျိုးကို မြန်မာအစိုးရကို အသိမပေးဘဲ လုပ်ကိုင်ပါတယ်။ ဆိုလိုတာက ‘၀’ ဒေသဟာ State Within the State ပါ။ ‘၀’ဒေသဟာ လူဦးရေအရ၊ သမိုင်းကြောင်းအရ၊ ဘာသာစကားအရ ပြည်နယ်တစ်ခု ပေးနိုင်တဲ့အနေအထားမှာ မရှိပါဘူး။ တရုတ်နိုင်ငံကို ရုရှား၊ မြန်မာကို ဂျော်ဂျီယာ၊ ‘၀’ဒေသကို သြဇက်တီးရှားဒေသလို့ နှိုင်းယှဉ်ရင် ‘၀’ပြည်နယ်တောင်းမှုဟာ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု ပေးဖို့ တောင်းတာထက် အဆပေါင်းများစွာ အန္တရာယ်ကြီးတယ် ဆိုတာကိုတော့ သတိပြုရပါမယ်။
လက်ပံတောင်းတောင် ကိစ္စဟာ ဆက်လုပ်သင့်မလုပ်သင့် ဆိုတာ ကော်မရှင်က ဆုံးဖြတ်ရမှာ ဖြစ်ပေမယ့် တောင်ကုတ်ကော်မရှင်၊ ရခိုင်ကော်မရှင်တွေဆီက ဘာသံမှမကြားရတော့ ဒီတစ်ခါ ကော်မရှင်အနေနဲ့ ဆင်ခြေရာရှာတာမျိုးထက် ပိုအလုပ်လုပ်ဖို့တော့ လိုပါတယ်။ ကျွန်တော့်အမြင်အရ ဆိုရင်တော့ ဒါဟာ ဒုတိယမြစ်ဆုံလိုမျိုးတော့ မဟုတ်ပါဘူး။ တစ်ခုပါပဲ ပွင့်လင်းမြင်သာရမယ်။ နိုင်ငံနဲ့ ဒေသ အတွက် အကျိုးရှိရမယ်။ ဒေသခံ ပြည်သူတွေ မနစ်နာစေရပါဘူး။ ဒီစီမံကိန်းဟာ ယခင်သတ္တုတွင်းဝန်ကြီးဌာန နဲ့ အိုင်ဗင်ဟိုတို့ရဲ့လုပ်ငန်းကို ဦးပိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီက ၀ယ်ယူခဲ့တာဖြစ်ပြီး ဦးပိုင်က သတ္တုတွင်းဆီက ဒေါ်လာသန်း ၁၀၀ နဲ့ဝယ်ယူပြီး ဒီငွေကို ၀မ်ပေါင်က ပေးချေခဲ့တာလို့ သိရပါတယ်။ ကြားထဲမှာ ထူးထရေးဒင်းက ပါဝင် ပတ်သက်မှု ရှိခဲ့တယ်လို့သိရပြီး တရုတ်သံအမတ်ကြီးကတော့ တရုတ်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုမှာ ကြားပွဲခတွေမရှိဘူး။ Commission မရှိဘူးလို့ ငြင်းဆိုသွားပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင် ရဲ့တာဝန်ဖြစ်သွားပါပြီ။

ဒီရင်းနှီးမြှုပ်နှံမှု ၉၉၇ သန်းမှာ မတည်ရင်းနှီးငွေက ၁၀ သန်းပဲ ဖြစ်ပြီး ၉၈၇ သန်းက ချေးငွေဖြစ်နေတာ ကလည်း
စဉ်းစားစရာပါ။ မြစ်ဆုံစီမံကိန်းလိုနှစ် ၃၀ ကျော်မှ နိုင်ငံကအကျိုးအမြတ်(သို့) အခွန်ရမယ့်ပုံမျိုးလား ကော်မရှင်က စုံစမ်းထုတ်ပြန်ရမှာပါ။ နားလည်သလောက်တော့ နိုင်ငံအနေ နဲ့ဓာတ်သတ္တုခွန် ၄ ရာခိုင်နှုန်းပဲရမှာ ဖြစ်ပြီး ကျန်တာက အမြတ်ရမှ ခွဲယူရမှာလို့ နားလည်ပါတယ်။ ဒါပေမယ့် ပြင်ဆင်တဲ့ Basic Mine Design မှာ စက်ပစ္စည်း အရန်တန်ဖိုးက ဒေါ်လာ ၃၆ ဘီလျံတောင် ရှိတဲ့အတွက် အမြတ်သာမရရင် နိုင်ငံရောဦးပိုင်ပါ ငါးပါး မှောက်မယ့်ကိန်းပါ။ ဒေသခံပြည်သူတွေ နစ်နာတယ်။ နိုင်ငံလည်း အကျိုးမရဘူး။ နောက်ဆုံးဦးပိုင်က တပ်မတော်သား ပင်စင်စားတွေ၊ ဒုက္ခရောက်တဲ့သူတွေတောင် အကျိုးရှိရဲ့လား။ ဒီစီမံကိန်းဟာ ဘယ်သူပဲ အကျိုးရှိမှာလဲ။ အစိုးရရော ဦးပိုင်ပါ သေသေချာချာ စုံစမ်းစိစစ်ကြပါဦး။ သတင်းထုတ်ပြန်ကြပါဦး။ ခုထက်ထိလည်း အကျိုးအမြတ်မရ၊ ဒေသခံတွေလည်း ညှဉ်းဆဲဒုက္ခရောက်၊ သံဃာတော်တွေလည်း အကြမ်းဖက်ခံရ၊ နာမည်ကောင်း နေတဲ့ သမ္မတကြီးရဲ့ပြည်တွင်းနဲ့ နိုင်ငံတကာ ယုံကြည်မှုတွေလည်းထိခိုက်၊ အထွေထွေသပိတ်သံတွေ၊ မကျေနပ်မှုတွေကြောင့် တည်ငြိမ်မှုလည်းပျက်ပြား၊ ဘယ်သူတွေက ဒီလိုလုပ်ခဲ့သလဲ၊ ဒီလို လုပ်ဖို့ သူတို့ရဲ့ Proxy တွေ၊ လက်ဝေခံခရိုနီတွေ၊ သူတို့မွေးထားတဲ့ ပဉ္စမံ တပ်သား သူလျှိုတွေကပဲ လုပ်ခဲ့တာလား၊ မေးစရာမေးခွန်းတွေ အများကြီးရှိပါတယ်။

တကယ်တော့ ဒီစီမံကိန်းကို ရပ်ဆိုင်းမယ့် လှုံ့ဆော်မှုတွေ ရှိနေသည့်တိုင် အေးအေးချမ်းချမ်း ဖြေရှင်းဖို့ အခွင့်အရေးတွေ ရှိပါတယ်။ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို မကျင့်သုံးနိုင်တာ၊ မကျင့်သုံးတတ်တာ ဒီမိုကရေစီအစိုးရ တစ်ရပ်အဖြစ် အတွေ့အကြုံ၊ အလေ့အကျင့်မရှိတာက ပြဿနာဖြစ်ပါတယ်။ ဒါ့အပြင် ယခင်အာဏာရှင် စနစ်ဟောင်းကို ဆက်ခံခဲ့ရတဲ့ စိတ်နေစိတ်ထားများက ပြဿနာဖြစ်ပါတယ်။
(ဒေါက်တာသန်းထွဋ်အောင် ......ပြောချင်ပါတယ်(၉)ဆောင်းပါးမှ ကောက်နုတ်ချက်)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...