Ads (728x90)



   အပိုင်း(၁)    
         ကျောင်းသင်ပညာရပ်များ အနက် ပေါင်းသင်းဆက်ဆံရေးနှင့် ပက်သက်သော ပညာရပ်များမှာ (၁) ပထ၀ီ (၂) နိုင်ငံသမိုင်း (၃) ပြည်သူ့ နီတိ တို့ ဖြစ်သည်။ ထိုပညာရပ်များအားလုံးပင် လူတို့ ၏ စည်းရုံးမှု၊ စုပေါင်းနေထိုင်မှု၊ အသက်မွေးမှု၊ ထွန်းကားတိုးတက်မှု နှင့် ယဉ်ကျေးမှု စသည်တို့ ကို တနည်းတဖုံ ဖော်ပြကြသည်။ ပထ၀ီပညာရပ်သည် လူ၏အကြောင်းအရာ လူ၏တိုးတက်ထွန်းကားလာမှု တို့ ကို နေရာဒေသ အားလျော်စွာ ထုတ်ဖော်ပြဆိုအပ်သော ပညာရပ်ဖြစ်သည်။ နိုင်ငံ့သမိုင်း ပညာရပ်သည် လူ၏ အကြောင်းအရာ လူ၏ တိုးတက် ထွန်းကားလာမှုနှင့် ယဉ်ကျေးမှု အစုစုတို့ ကို အချိန်ကာလ အားလျော်စွာ ထုတ်ဖော်ပြဆိုအပ်သော ပညာဖြစ်သည်။ ထိုပညာရပ် နှစ်မျိုးလုံးပင် လူ့ အကြောင်းအရာ လူ့ အထ္တုပ္မတ္တိတို့ နှင့် စပ်ဆိုင်၍ လူတို့ မည်သို့ စုရုံးနေထိုင်ပြီး မည်သို့ အသက်မွေးမြူခဲ့  သည်၊ မည်သို့ ယဉ်ကျေးမှု ရရှိခဲ့သည်၊ မည်သို့ ပေါင်းသင်းဆက်ဆံခဲ့သည် စသော အကြောင်းအရာများကို ကာလဒေသအားဖြင့် ဖော်ပြ သောကြောင့် ပေါင်းသင်းဆက်ဆံရေး ပညာရပ်တွင် ပါဝင်လျက်ရှိပေသည်။ သို့ ရာတွင် ဖော်ပြခဲ့ပြီးသော လူမှု ကိစ္စအ၀၀တို့ တွင် ပထ၀ီ နှင့် နိုင်ငံသမိုင်း ပညာရပ်တို့ သည်လူအချင်းချင်း မည်သို့ ဆက်ဆံ ပေါင်းသင်းသင့်သည် မည်သို့ စုရုံးသင့်သည် မည်သို့ သွားလာနေထိုင် သင့်သည် အများနှင့်သက်ဆိုင်သော ကိစ္စမျိုးတွင် မည်သို့ သော စည်းကမ်း ဥပဒေများကို လိုက်နာသင့်သည် စသော နည်းလမ်းညွှန်ပြမှု တို့ ကိုတိုက်ရိုက် သင်ပြခြင်းမပြုဘဲ သွယ်ဝိုက်သော နည်းဖြင့်သာလျှင် သင်ပြပေးနိုင်သည်။ သို့ ကြောင့် ပြဆိုခဲ့ပြီးသော လူမှုကိစ္စ လူ့   အကြောင်းအရာတို့ ကို တိုက်ရိုက် သင်ပြနိုင်စိမ့်သောငှာ ပြည်သူ့ နီတိ ပညာရပ်ကို ပေါင်းသင်းဆက်ဆံရေး ပညာရပ်များတွင် ပါဝင်ဖြည့်စွက် ရပေသည်။
        အင်္ဂလိပ်ဘာသာအားဖြင့် (Civics) ဟူသောစကားကို အနည်းငယ်ကျယ်ပြန့် စွာ အနက်ပြန်ဆိုပါမူ နိုင်ငံသားအဖြစ်ခံယူခွင့်ရအောင် သင်ကြားပေးအပ်သော ပညာ ဟူသော သဘောအဓိပ္မါယ်ရပေသည်။ ဤသဘောကိုတိုးချဲ့ ၍ ဆန်းစစ်ကြည့်ပြန်သော် ပြည်သူအများနှင့် နေထိုင်မှု ပေါင်းသင်းဆက်ဆံမှုတို့ တွင် ပြေပြစ်မှုနှင့် လိုက်လျောမှုတို့ ရှိစေရန် သင်ကြားပို့ ချအပ်သော ပညာ ဟူ၍ အဓိပ္မါယ်ပေါ်လွင် ထင် ရှားလာပြန်သည်။ သို့ ကြောင့် လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး စုရုံးပေါင်းသင်းနေထိုင် ဆက်ဆံရာတွင် သိသင့်သိထိုက်သည့် ကိစ္စအကြောင်းအရာ ပြုသင့်ပြုထိုက်သည့် တာဝန် ၀တ္တရားများကို လေ့လာသင်ကြား လိုက်နာခြင်းဖြင့် လူ၏ဘ၀ လူလောက အဆင့်အတန်းကို မြှင့်တင်ခြင်းငှာ သင်ကြားပေးသော ပညာရပ်သည် ပြည်သူ့ နီတိ ပညာရပ်ပင်ဖြစ်သည်။
       အထက်ဖော်ပြပါ ပြည်သူ့ နီတိ သဘောတရားကို စဉ်းစား၍ ကြည့်လျှင် မည်သည့်အကြောင်းအရာ မည်သည့်ကိစ္စသည် ပြည်သူ့ နီတိပညာရပ်နှင့် စပ်လျဉ်းသော ကိစ္စဟူ၍ ခွဲခြားပြီး တထစ်ချ မှတ်သားထားရန် ခဲယဉ်းပေသည်။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံမှု၊   အတူတကွ နေထိုင်မှု စသော လူ့ ကိစ္စ လူ့ အကြောင်းအရာတို့ ကား များပြားကျယ်ဝန်းလှပေရာ လူအချင်းချင်း ပေါင်းသင်းနေထိုင် ဆက်ဆံမှုတို့ တွင် လေ့ကျင့်သင့် လေ့ကျင့်အပ်၊ လိုက်နာသင့် လိုက်နာအပ်သောအကြောင်းကိစ္စ ဟူသမျှတို့ သည် ပြည်သူ့ နီတိပညာရပ် ၏ နယ်ပယ်အတွင်း ကျရောက်လျက်ရှိပေသည်။
       သင်သည် ရန်ကုန်မြို့ ကဲ့သို့ သော မြို့ ကြီးတစ်မြို့ ၏ လမ်းမကြီးငယ်များသို့ လျှောက်သွားမည်ဆိုပါက လူအများပင် အမှိုက်သရိုက်များ အညစ်အကြေးများ လမ်းဘေးတွင် စည်းမဲ့ကမ်းမဲ့ ပစ်ထားသည်ကို မုချ တွေ့ ရပေလိမ့်မည်။ လမ်းဘေးရှိလူအများ သုံးစွဲရန်တပ်ဆင်ထား သော ရေဘုံဘိုင်များကိုလည်း အသုံးမလိုဘဲ ဖွင့်ထားခြင်းဖြင့်ရေများ အလဟဿဖြုန်းတီးနေသည်ကိုလည်း တွေ့ ရပေလိမ့်မည်။ မြို့ ကြီး ပြကြီးများတွင်သာမဟုတ် ကာလ၀မ်းရောဂါဖြစ်ပွားနေသော ရွာတစ်ရွာ သို့ သွားရောက် ကြည့်ရှုမည် ဆိုလျှင်လည်း ကာလ၀မ်းရောဂါဖြစ် ပွားနေသော လူမမာတစ်ဦး၏ အ၀တ်အထည်များကို ထိုရွာသူ/သားများနေ့ စဉ် သောက်ချိုးနေသော မြစ်ရေဖြင့် လျှော်ဖွပ်နေသည်ကို တွေ့ ရပေလိမ့်မည်။ ဤနည်းဖြင့် ရွာသူ/သား လူအများသုံးစွဲသော ရေကိုညစ်ညမ်းစေ၍  ထိုရေကိုသောက်သုံးသူများအား ကာလ၀မ်းရောဂါ ကူးစက်ပြန့် ပွားစေသည်။ ဤသို့ မနှစ်မြို့ဖွယ်ရာများ ဖြစ်လာရခြင်း၏ အကြောင်းရင်းကို ရှာဖွေစိစစ်သော် လူအများသည် “ပြည်သူ့ တာဝန်သိမှု” ကင်းမဲ့၍ ဖြစ်သည်ဟု ဆိုရပေမည်။ “ပြည်သူ့ တာဝန်သိမှု” ကားအဘယ်နည်း။ “ပြည်သူ့ တာဝန်သိမှု”ဆိုသည်မှာ လူတိုင်းလူတိုင်းသည် မိမိကိုယ်တိုင် တစ်ဦးတစ်ယောက် အနေဖြင့် ပါဝင်လျက်ရှိသော အသင်းအဖွဲ့ သို့ မဟုတ် လူများစု၏ အကျိုးငှာ မိမိကိုယ်တိုင် လုပ်ဆောင်ရမည့် တာဝန်သတ္တရားများကို သိနားလည်မှု ကို ဆိုလိုသည်။ ကျွန်ုပ်တို့ ၏ အိမ်များ နှင့် လမ်းများကို သန့် ရှင်းစွာ ထားရန်တာဝန်သည် ကျွန်ုပ်တို့ ၏တာဝန်  ဖြစ်သည်။ ထို့ အတူ သောက်ရေ သုံးရေတို့ ကို သန့် ရှင်းစင်ကြယ်စွာ သုံးစွဲရန်နှင့် မဖြုန်းတီးရန်တာဝန်တို့ သည်လည်း ကျွန်ုပ်တို့ ၏တာဝန်တစ်ရပ်ပင်ဖြစ်သည်။ ဤ၀တ္တရားများသည် ကျွန်ုပ်တို့ ၏ အပေါင်းအသင်းစုများနှင့် ကျွန်ုပ်တို့ ၏ အိမ်နီးပါးချင်းများအဖို့  ကျွန်ုပ်တို့ က  ဆောင်ရွက်အပ်သော ၀တ္တရားများဖြစ်သည်။ လူတိုင်းလူတိုင်းတွင် အများနှင့်ပက်သက်သော တာဝန်ဝတ္တရားများရှိသည်။  ထိုတာဝန် ၀တ္တရားများနှင့် ၎င်းတို့ ကို လိုက်နာခြင်းဖြင့် ရရှိအပ်သော ပြည်သူ့ နီတိကို သင်ကြားသည် မည်ပေ၏။
             လူသည် သဘာဝအားဖြင့် ပေါင်းသင်းဆက်ဆံတတ်သော သတ္တ၀ါတစ်မျိုးဖြစ်သည်။ ဇာတိအားဖြင့် အစုအသင်း၏ အတွင်း၌မွေးဖွားလာခဲ့၍ မွေးစကာပင် မိမိ၏ အသက်ရှင်ကြီးထွားရန်အတွက် အခြားသူများအား မှီခို အားထားရသည်။ လူတစ်ဦးတစ်ယောက်၏ အလေ့အကျင့်များ၊ စိတ်ကူးစိတ်သန်းများ၊ တွေးတောကြံဆ ချက်များနှင့် သဘော အယူအဆများသည် ထိုလူ ၏ ကြီးပြင်းရာဖြစ်သော အပေါင်းအသင်း အစုအရုံးများ၏ ပြုပြင်မှု၊ မွမ်းမံမှု တို့ ကြောင့် ဖြစ်ပေါ်လာရသည်။ ထို့ ကြောင့် လူသတ္တ၀ါတို့   တွင် အပေါင်းအသင်းနှင့် မိတ်ဆွေတို့ ကို လိုလားနှစ်သက်သော အာရုံသည် ရိုးတွင်းခြင်စီ၌ ကိန်းအောင်းလျက်ရှိသည်။ ဤအာရုံသည် လူသတ္တ၀ါတို့ အား အပေါင်းအသင်း၌ မွေ့ လျော်စေသော သဘောရှိ၍ သားမယား၊ မိတ်ဆွေသင်္ဂဟ အပေါင်းအဖော်တို့ နှင့် အတူတကွ နေထိုင်သော အခြေသို့ ဆိုက်ရောက်စေတော့သည်။
       အပေါင်းအသင်း အစုအရုံးနှင့် နေထိုင်ရာတွင် တစ်ဦးတစ်ယောက်ချင်း အနေအစားမျိုးမဟုတ်တော့ဘဲ အများနှင့်လိုက်လျောအောင် အဆင်ပြေအောင် ထိန်းသိမ်းတတ်ရန် လိုသည်။ မိသားတစ်စုတွင် ပါဝင်သူ တစ်ဦးတစ်ယောက်သည် သူ၏ ပြုမူဆောင်ရွက်ချက်များနှင့်  စိတ်သဘောကို အခြားသော အိမ်သူ အိမ်သားများနှင့်လိုက်လျောအောင် ပြုမူခြင်း ပြင်ဆင်ခြင်းများ ပြုလုပ်ရသည်။ မိမိ၏ စိတ်သဘော နှင့် မတိုက်ဆိုင်သော ကိစ္စများတွင် အိမ်သူ/သား များ၏ စိတ်ဆန္ဒအတွက် ငဲ့ကွက်၍ အကြိမ်ပေါင်းများစွာ အလျှော့ပေးရ၏။ လူတစ်ဦးတစ်ယောက်သည် အသင်းအဖွဲ့ ဝင် တစ်ဦးတစ်ယောက် အနေဖြင့် အခွင့်အရေး အကျိုးအပစ်တို့ ကို ရရှိသည်မှန်သော်လည်း  ထို အသင်းအဖွဲ့ အတွက် ၎င်း၊ အခြားသော အသင်းဝင်များအတွက် ၎င်း မိမိလုပ်ဆောင်ရမည့် တာဝန် ၀တ္တရားများရှိသေးကြောင်းကို သတိပြုရာသည်။ အသင်းအဖွဲ့ တွင် မိမိထင်ရာ မပြုလုပ်နိုင်၊ မိမိ၏ ပြုမူလုပ်ကိုင်ချက်များသည် အသင်းအဖွဲ့ ၏ ဥပဒေ အရသာလျှင် ဖြစ်ရ မည်။ မိမိနှင့်တစ်သင်းတည်းဖြစ်သော အခြားအသင်းဝင်များအား ငဲ့ကွက်ရပေဦးမည်။
         မိသားတစ်စုအတွင်း ပါဝင်သူ တစ်ဦးတစ်ယောက်ကဲ့သို့ ပင် မြို့ တစ်မြို့ တွင် ၎င်း၊ ရွာတစ်ရွာတွင် ၎င်း၊ နေထိုင်သူ တစ်ဦးတစ်ယောက်၌ မြို့ နှင့်ပက်သက်သော တာဝန်၊ ရွာနှင့် ပက်သက်သော တာဝန် ၊ အပေါင်းအသင်း အစုအရုံးနှင့် ပက်သက်သော တာဝန်များ ရှိသည်။ ဤသို့ လျှင် များပြားလှသော တာဝန်များရှိရာ ထိုတာဝန်တို့ ကို လူတစ်ဦးတစ်ယောက် အနေဖြင့်မည်သို့ ထမ်းဆောင် ရမည်။ မည်သို့ လိုက်နာ ကျင့်သုံးရမည် စသည်တို့ ကိုလေ့လာသင်ကြားခြင်းသည် ပြည်သူ့ နီတိ ပညာဖြစ်သည်။ ထို့ အကြောင့် ပြည်သူ့ နီတိသည် လူ၏ ပြုမူဆောင်ရွက်ချက်များကို အပေါင်းအသင်း အစည်းအရုံးဝင်တစ်ဦးအနေဖြင့် လေ့လာသင်ကြားသော ပညာရပ်ဖြစ်သည်။ သို့ ရာတွင် လူများ၏ များမြောင်လှသော ကိစ္စအ၀၀တို့ ကို လေ့လာသော ပညာကားမဟုတ်ပေ။ အခြားပေါင်းသင်းဆက်ဆံရေး ပညာရပ်များကဲ့သို့  ပြည်သူ့ နီတိသည် လူ၏ ပြုမူဆောင်ရွက်ချက်များအနက် တစ်မျိုးတည်းသော ပြုမှုဆောင်ရွက်ချက် ၌သာ အာရုံစူးစိုက်လျက်ရှိသည်။ ၎င်းမှာ “ ပြည်သူ ပြည်သား” နှင့် သက်ဆိုင်သောပြုမူ ဆောင်ရွက်ချက်များ ဖြစ်သည်။ သို့ ကြောင့် ပြည်သူ့ နီတိသည် ပြည်သူ/သား၏ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများအပြင် လူတစ်ဦး တစ်ယောက်နှင့် အသင်းအဖွဲ့ မည်သို့ ဆက်ဆံပုံကို လေ့လာသင်ကြားပေးသော ဘာသာရပ်ဖြစ်သည်။ ဒုတိယအလိုအားဖြင့်ပြည်သူ့ နီတိ သည် ပြည်သူ/သား တစ်ဦးအဖြစ်ဖြင့် ပေါင်းသင်းဆက်ဆံရေးနှင့်  ပက်သက်သော အစည်းအရုံးများ( ဥပမာ- ဒေသန္တရအဖွဲ့ (သို့ ) နိုင်ငံ တော် သို့ မဟုတ် ကမ္ဘာနှင့်ပက်သက်သော အသင်းအဖွဲ့ ) ကိုစုံစမ်း စစ်ဆေးရသော ပညာဖြစ်သည်။ တတိယအားဖြင့် မည်သည့်နိုင်ငံမဆို  တစ်နိုင်ငံတည်း မတည်တံ့နိုင် အခြားနိုင်ငံများနှင့် အတူတကွ ပေါင်းသင်းဆက်ဆံ၍သာ တည်တံ့နိုင်၏ ။ ဤသို့ ပေါင်းသင်းဆက်ဆံရာတွင် ပြည်သူ/သားများ၏ နေရေး၊ ထိုင်ရေး၊ အသက်မွေးမြူရေးတို့ ကို ထိခိုက်လာတတ်သော သဘောရှိသည်။ ထို့  ကြောင့် ကမ္ဘာနှင့် ဆက်သွယ်လျက်ရှိသော အစည်းအရုံးများ၏ အကြောင်းအရာများကို လေ့လာသင်ကြားရပေမည်။ ထိုသို့ သင်ကြားခြင်း ဖြင့် ပြည်သူ/သားတို့ လုပ်ဆောင်ရန် ၀တ္တရားများတွင်ပိုမို ကျွမ်းကျင် လိမ္မာလာစရာအကြောင်းရှိသည်။
          ပြည်သူ့ နီတိသည် ပေါင်းသင်းဆက်ဆံရေး ပညာရပ်ဖြစ်သည်။ ၎င်းသည်လူတစ်ဦးအနေဖြင့် သူ၏ အစည်းအရုံးနှင့် ရင်ဆိုင်ရ  သော ပြဿနာရပ်များကို ဖော်ထုတ်ပြဆိုအပ်သော ပညာဖြစ်သည်။ သို့ ဖြစ်ခြင်းကြောင့် ပြည်သူ့ နီတိပညာရပ်သည်  အခြားသော ပညာရပ်များ အားလုံးနှင့် တွေ့ ထိရန် အချက်ပေါင်းများစွာ ပါဝင်သည်။ ပြည်သူ့ နီတိ နှင့် ပေါင်းသင်းဆက်ဆံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သမိုင်း ၊ ပထ၀ီ စသော ပညာရပ်တို့ နှင့် အလွန်နီးစပ်လျက်ရှိသည်။ (Sociology) ခေါ် စိတ္တဗေဒ ပညာရပ်သည် လူ့ အစည်းအရုံးစတင် ပေါ်ပေါက်လာပုံနှင့် ကြီးပွားလာပုံတို့ ကို ပြဆိုသော ပညာဖြစ်သည်။ ၎င်း၏ နယ်ပယ်မှာ များစွာ ကျယ်ဝန်းရကာ တိုင်းပြည်အားလုံးတို့ တွင် ခေတ်အပိုင်းအခြား အလျောက် ပေါ်ပေါက် ထွန်းကားကြီးပွားခဲ့သော လူ့ အစည်းအရုံးကြီးများ၏ အကြောင်းအရာများကို ခွဲထုတ်ပြဆိုသော  ပညာရပ်ဖြစ်သည်။ ပြည်သူ့ နီတိသည် စိတ္တဗေဒ ပညာမှခွဲထုတ်ထားသော ပညာရပ်ဖြစ်၍ နယ်နိမိတ် အားဖြင့် အပိုင်း အခြားရှိသည်။ ၎င်းမှာ လူ၏ ပြုမူဆောင်ရွက်ချက်များကို ပြည်သူ/သားများအနေဖြင့် ကြည့်ရှု လေ့လာမှတ်သားခြင်းပင်ဖြစ်သည်။
        ပြည်သူ့ နီတိနှင့် နိုင်ငံရေးသည် အလွန်နီးစပ်သည်။ ပညာနှစ်ရပ်လုံးပင် လူသည် နိုင်ငံရေးအားဖြင့် စနစ်တကျဖွဲ့ စည်းထားသော အမျိုးသားစုအတွင်းနေထိုင်ကြောင်းကို မူတည်ပြီးရေးသားထားသည်။ ပညာနှစ်ရပ်လုံးမှာပင် ပြည်သူ/သားများ၏ အခွင့်အရေး၊ ပြည်သူ/သား များ၏ တာဝန် ၀တ္တရားများ နိုင်ငံတော်နှင့် နိုင်ငံတော်၏ အစည်းအရုံးများ စသော အကြောင်းအရာများပါဝင်သည်။ ပြည်သူ့ နီတိနှင့် နိုင်ငံရေး ပညာရေးတို့ တွင် ကွဲပြားသော အချက် အတော်အတန်ရှိသည်။ ပြည်သူ့ နီတိသည် ပြည်သူ/သားများ၏ ပြဿနာများနှင့်သာ သက်ဆိုင်၍ နိုင်ငံရေး နယ်ပယ်မှာ ထို့ ထက်များစွာ ကျယ်ဝန်းသည်။ နိုင်ငံရေးမှာ အမျိုးသားရေးနှင့် ပက်သက်သော ပြဿနာများနှင့် ကမ္ဘာနှင့်ပက်သက်သော ပြဿနာများ ပါဝင်သည်။ မြို့ ရေး ပြရေးနှင့် သက်ဆိုင်သော ပြဿနာများ ကားနိုင်ငံရေးနယ်ပယ်တွင် မရှိတော့ပေ။ သို့ ရာတွင် ကျဉ်းမြောင်းလှသော ပြည်သူ့ နီတိ၏ နယ်နိမိတ်အတွင်းမှာပင်  နိုင်ငံရေးထက်များပြားသော အကြောင်းအရာများ ပါဝင်လျက်ရှိသည်။ ထိုမှတစ်ပါး ပြည်သူ့ နီတိ အကြောင်းအရာများသည် နေ့ စဉ်နှင့်အ မျှ နေထိုင်လုပ်ကိုင် သွားလာမှုစသော ဆောင်ရွက်ချက်များတွင် နိုင်ငံရေး အကြောင်းအရာများထက် ပို၍ ကိုယ်ထိလက်ရောက် လုပ်ကိုင် ဆောင်ရွက်ရသော အကြောင်းအရာများဖြစ်သည်။ ၎င်း၏ လုပ်ငန်းများမှာ ပြည်သူ/သားကောင်းများ ဖြစ်လာအောင် လေ့ကျင့်ပေးရခြင်း ဖြစ်၍ အကောင်းဆုံးသော ဖွဲ့ စည်းအုပ်ချုပ်မှုဖြစ်လာအောင် ကြံဆောင်ရခြင်းမဟုတ်ပေ။
ဆက်ရန် အပိုင်း(၂)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...