Ads (728x90)



လွန်ခဲ့သည့် ဆယ်စုတစ်စုအတွင်း လူငယ်တိုင်း ဆိုရှယ်မီဒီယာကို အစွဲကြီး စွဲခဲ့ကြသည်။ ဆိုရှယ်မီဒီယာအပေါ် စွဲလမ်းမှုများသည် ယနေ့တိုင် အရှိန်မသေသေး။ အထူးသဖြင့် လူငယ်တိုင်း Facebook  ဆိုသည့် လူမှုကွန်ရက်အတွင်း သက်ဆင်းနေကြသည်က များသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း Facebook ကို စိတ်ကုန်ပြီဟုဆိုကာ ထွက်ခွာသွားသည့် လူငယ် ၁၁ သန်းခန့် ရှိသည်။ အဘယ်ကြောင့် Facebook က ထွက်သွားရသနည်း ဆိုသည့် အကြောင်းရင်းကို ရှာလိုက်သည့်အခါတွင် လုံးဝမသုံးခြင်းမဟုတ် Twitter နှင့် Instagram ဆိုသည့် အခြားမီဒီယာများကို ကူးပြောင်းသွားခြင်းကြောင့် ဖြစ်နေသည်။

The Guardian သတင်းစာကြီးသည် ယခုနှစ် စက်တင်ဘာလအတွင်း လူငယ်များကိုလိုက်ပြီး ဆိုရှယ်မီဒီယာမှ ထွက်ခွာသွားရသည့် အကြောင်း၊ လက်ရှိအသုံးပြုနေသည့် ဆိုရှယ်မီဒီယာ အကြောင်း၊ စိတ်ထဲတွင် မည်သို့ ခံစားနေရကြောင်း စသည့် အချက်အလက်များကို မေးမြန်းသုတေသန လုပ်ကြည့်ကြသည်။ အောက်ပါအချက်များသည် လူငယ်များ၏ ဆိုရှယ်မီဒီယာများနှင့် ပတ်သက်ပြီး ခံစားချက်များ ဖြစ်ပါသည်။

ဒေစီ (၂၃ နှစ်)၊ မန်ချက်စတာ

ကျွန်မကတော့ လူတစ်ယောက်နဲ့ လွမ်းမောဖွယ် ဇာတ်လမ်းပြီးသွားတော့ Facebook ကိုလည်း ဆက်မသုံးတော့ဘူး။ သူ့ကို မတွေ့ချင်တော့တာလည်း ပါတယ်။ သူနဲ့လမ်းခွဲဖို့ ကြံကတည်းက Facebook ကို တဖြည်းဖြည်း ဖြတ်နေတာပါ။

Facebook က ကျွန်မကို စိုးရိမ်စိတ်တွေ၊ စိတ်ဖိစီးမှုတွေ အရမ်းပေးတယ်။ သုံးသာ သုံးနေရတယ် တစ်ခုခု ဆုံးရှုံးနေရသလိုပဲ။ ကျွန်မ အွန်လိုင်းပေါ် စတက်တော့ သြစတြေးလျလို၊ ထိုင်းလို နိုင်ငံတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေများ ရနိုင်မလား ဆိုပြီးတော့ တက်ကြည့်လိုက်တာ။ လူတိုင်း အွန်လိုင်းပေါ်မှာ စိတ်ကူးယဉ် အိပ်မက်လေးတွေနဲ့ ဆိုတာ တွေ့လာရတယ်။ ကျွန်မကတော့ လက်ရှိ ကျောင်းသာပြီးသွားတယ် ပညာသင်စရိတ်ချေးငွေနဲ့ ပိတ်မိနေတယ်။ အလုပ်လည်းရဖို့ လိုနေတယ်။

ဒါကြောင့် အလုပ်တစ်ခုခုရဖို့ အဆက်အသွယ်လိုတယ် ထင်ပြီး ကိုယ့်ပုံလေးကို Facebook ပေါ် ရိုက်တင်လိုက်ရတာ အမော။ ဒါပေမဲ့ ၅ ယောက်ထက် မပိုပါဘူး Like လုပ်ကြတာ။ ဒါကြောင့် စိတ်ပျက်ပြီး ပြန်ဖျက်လိုက်ရတာ များတယ်။

ခုတော့ ဆိုရှယ်မီဒီယာကနေ အပြီးတိုင် ကျောခိုင်းလိုက်ပြီ။ သူငယ်ချင်းတွေကို Facebook ပေါ်မှာ တွေ့မယ်လို့လည်း မပြောတော့ဘူး။ ခုတော့ စိုးရိမ်စိတ်တွေ၊ သောကတွေလည်း မရှိတော့ပါဘူး။ နောက်လဆိုရင် ကျွန်မ သြစတြေးလျကို သွားမယ်။ လက်ရှိတော့ Instagram ကို သုံးနေတယ်။ Twitter ကို ခုထိမသုံးသေးဘူး။

ဂျော့လင်ကွန်း (၁၇ နှစ်)၊ ဟမ့်ရှိုင်းယား

ကျွန်တော် Facebook ပေါ် စရောက်တော့ သူငယ်ချင်းတွေကို ကိုယ့်ခံစားချက်တွေလည်း ပြောနိုင်မယ်၊ သူတို့ ခံစားချက်တွေလည်း ဖတ်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ အဲဒါတွေဟာ သိပ်ပြီးတော့ အရေးမပါတာတွေမှန်း သိလာတယ်။ သူငယ်ချင်းတွေ ရေးတာထက် သူတို့ ဘယ်လိုဆောင်းပါးတွေကို Like လုပ်ထားသလဲ၊ ဘယ်လိုတွေ Comments တွေ ရေးထားသလဲ ဆိုတာတွေ လိုက်ဖတ်ကြည့်မိတယ်။ သူတို့ ပြောနေဆိုနေတာတွေကို လိုက်ဖတ်ရင်းက နောက်ပိုင်းတော့ စိတ်ပျက်လာတယ်။ ကျွန်တော်က နောက်ပိုင်း Facebook မှာပါတဲ့ Messenger လောက်ကိုပဲ သုံးပြီးတော့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ စိတ်ဝင်စားတော့တယ်။

ခုဆိုရင် ကျွန်တော် Facebook ကို မဝင်ဖြစ်တာ နှစ်ပတ်လောက်ရှိသွားပြီ။ နောက်ထပ်သုံးဖို့လည်း မစဉ်းစားတော့ဘူး။ ကိုယ်မသုံးတော့လည်း ဘာဖြစ်သလဲဆိုတော့ ဘာမှမဖြစ်ပါဘူး။ ကိုယ့်သူငယ်ချင်းတွေထဲမှာတောင် မင်းဘာဖြစ်လို့ Facebook မသုံးတာလည်းလို့ မေးမယ့်သူတောင် မရှိဘူး။ ကိုယ့်စာတွေနဲ့ ကိုယ် ရှုပ်နေကြတာ။ ကျွန်တော်ကသာ အလေးအနက်တွေထားပြီး စဉ်းစားနေတာ။

ကျွန်တော့်ပတ်ဝန်းကျင်က လူငယ်အများစုက Facebook ကို သိပ်စိတ်မဝင်စားတော့ပါဘူး။ သူတို့ Snapchat ဘက်ကို ကူးနေကြတာ တွေ့ရတယ်။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်လို့ ပြောတာပဲ။

ဘင် (၂၁ နှစ်)၊ ဆာရေး
လာမယ့်နှစ်သစ် ဆိုရင်တော့ ဆိုရှယ်မီဒီယာတွေ အားလုံးကို ကျွန်တော် ဖြတ်တောက်လိုက်ဖို့ စိတ်ကူးထားတယ်။ ခုလည်း ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မေးနေမိတယ်။ ငါ ဘာကြောင့် အဲဒါတွေကို သုံးနေရသလဲပေါ့။ မနှစ်က နိုဝင်ဘာမှ Snapchat ကို ဖြတ်ခဲ့တယ်။ ဒီနှစ် ဇွန်လမှာ Facebook ကို ဖြတ်ခဲ့တယ်။

WhatsApp နဲ့ Twitter ကို သုံးဖို့ အစီအစဉ် မရှိသေးဘူး။ Facebook ကို တက္ကသိုလ်ရောက်တော့ စသုံးတာပါ။ ဘာကြောင့် လူတွေ စွဲစွဲလမ်းလမ်း သုံးရသလဲဆိုတာ သိချင်တာလည်း ပါတယ်။ ကျွန်တော်လည်း သုံးရင်းက စွဲသွားတာကြောင့် တစ်နေ့တစ်နေ့ သူ့ကို အများကြီး အချိန်တွေ ပေးမိမှန်းမသိ ပေးလာမိတယ်။ အဲဒါကို စိတ်ထဲမှာလည်း သိပ်ပြီးတော့ မကျေမနပ် ဖြစ်လာမိတယ်။

ဆိုရှယ်မီဒီယာဆိုတာ လူတွေက သူတို့ကို အာရုံစိုက်လာအောင်၊ အသိအမှတ်ပြုလာအောင် လုပ်တဲ့ နေရာတစ်နေရာလို့ ထင်လာတယ်။ ဒါကြောင့်လည်း Comments တွေရေးကြ၊ Like တွေ လုပ်ကြ၊ အပြန်အလှန် ချီးမြှောက်ပြောဆိုကြ၊ အပြန်အလှန် ဆဲဆိုကြတဲ့ နေရာတစ်နေရာပါလို့ ခံစားလာရတယ်။

လူတွေ ဆိုရှယ်မီဒီယာဆိုတာ မရှိဘဲ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြတာပါပဲ။ ကျွန်တော်ဆိုရင် ၁၃ နှစ်သားလောက် ကတည်းက Facebook သုံးပါတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်းလောက်မှ သေသေချာချာတွေးပြီး စိတ်ကုန်လာတယ်။ Facebook ဆိုတာ ပိုပြီး ကြော်ငြာဆန်တဲ့ နေရာလို့လည်း ထင်လာတယ်။

Facebook က ထွက်ခဲ့တာ ကျွန်တော် သိပ်ပြီးတော့ ခက်ခက်ခဲခဲ မခံစားခဲ့ရပါဘူး။ ကိုယ်ဆက်သွယ်ချင်တဲ့ မိတ်ဆွေတွေကို အခြားနည်းလမ်းတွေနဲ့ ဆက်သွယ်နိုင်တာတွေ အများကြီး ရှိပါတယ်။ ကျွန်တော် Facebook ပေါ်မှာ မရှိလို့လည်း ကျွန်တော့်မိတ်ဆွေတွေက ကျွန်တော့်အပေါ် မဆက်သွယ်ဘဲ နေကြလိမ့်မယ်လို့လည်း မထင်ပါဘူး။ ခုဆိုရင် စမတ်ဖုန်းနဲ့ အီးမေးလ်လောက်ပဲ သုံးတော့တယ်။

ဆစ်အလီ (၁၉ နှစ်)၊ ဘာမင်ဟန်

ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး ကျွန်တော် အဆိုးသိပ်မမြင်ပါဘူး။ လူတွေက ငါဘာလေးစားတော့မယ်၊ ငါ့ပုံလေးက မိုက်ရဲ့လား စသဖြင့် ကိုယ်စားတဲ့ အစာတွေ၊ ကိုယ့်ပုံတွေ ရိုက်တင်နေကြတာကို အဆိုးမြင်စရာလို့လည်း ကျွန်တော်တော့ မထင်ပါဘူး။ မကြိုက်ရင် မသုံးနဲ့ပေါ့။ ကျွန်တော်ဆိုရင် Facebook ကို မသုံးတာ သုံးနှစ်လောက် ရှိသွားပြီ။

Facebook ပေါ်မှာ သူများရေးထားတာတွေကို ကျွန်တော်ကတော့ လိုက်ပြီး မဝေဖန်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်း ကိုယ့်ခံယူချက်နဲ့ကိုယ် ရေးနေကြတာပဲ။ ကိုယ့်ခံစားချက်နဲ့ကိုယ် ပုံတွေကို ရိုက်တင်နေကြတာပဲ။ တစ်ခါတလေ ကိုယ်ရိုက်တင်တဲ့ ပုံတွေကို Like မပေးရ ကောင်းလားဆိုပြီး ကလေးကလား စိတ်ဆိုးတာတွေ ဖြစ်မှာပေါ့။ ကျွန်တော်ကတော့ ကျွန်တော် ဘာတွေကောင်းအောင် လုပ်ထားတယ်ဆိုတာ လူတွေကို လျှောက်ကြွားနေစရာ မလိုဘူး ထင်ပါတယ်။ ဒါ လူတွေအပေါ် ကျွန်တော့်ရဲ့ စိတ်ချမ်းသာအောင် မြင်တတ်တဲ့အမြင် ဖြစ်မလားတော့ မသိဘူး။

ရိုဆန်နာ ကက်ဆစ်ဒီ (၂၅ နှစ်)၊ နော့တင်ဟမ်

ကျွန်မ Facebook ကနေ ထွက်ဖို့လုပ်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ နောက်ဆုံးတော့ EU အတွက် ပြည်သူတွေရဲ့ နိုင်ငံရေး ဆန္ဒခံယူချက်တွေ ပေါ်ထွက်လာမှ ကျွန်မ Facebook ကို ဆက်မသုံးဖို့ လုံးဝ စိတ်ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါတယ်။ လူတွေက သူတို့ရဲ့ နိုင်ငံရေးအမြင်တွေကို အခြားတစ်ယောက်ကိုလည်း လက်ခံယုံကြည်လာအောင် အဓမ္မ လုပ်လွန်းတယ်လို့ မြင်လာမိတယ်။ သူတို့အမြင်တွေ မှန်ချင်လည်း မှန်မယ်၊ မမှန်ချင်လည်း မမှန်ဘူး။ ဒါပေမဲ့ သူတစ်ပါးကိုတော့ အတင်းလက်ခံရမယ်လို့ ပြောလာဆိုလာတာတွေကို ကျွန်မ အရမ်းမုန်းမိတယ်။

ခုဆိုရင် ကျွန်မ Facebook ကို လုံးဝလှည့်မကြည့်တာ သုံးလရှိနေပြီး ပိုပြီးတော့ ပျော်ရွှင်စိတ်ချမ်းသာသလို ခံစားနေမိတယ်။ အွန်လိုင်းက ဘဝတစ်ခု ဖြစ်တယ်ဆိုတဲ့ ပုံသွင်းထားတဲ့အောက်မှာ နေထိုင်ရတာကိုက ကျွန်မ စိတ်မသက်မသာ ဖြစ်မိတယ်။ ကျွန်မမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်သွယ်စရာ အခြားနည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဆိုရှယ်မီဒီယာပေါ်ကနေ ဆက်ဆံရမှ ပြည့်စုံတဲ့ဘဝ ဆိုတာမျိုးလည်း ကျွန်မမှာ မရှိတော့ပါဘူး။

ကျွန်မ Facebook ကို ပြန်သုံးစရာ အကြောင်း မရှိဘူး။ ကျွန်မ Instagram မှာတော့ Account ဖွင့်ထားတာ ရှိပါတယ်။ တစ်ရက်ကို တစ်ကြိမ်တော့ သွားစစ်ကြည့်မိတယ်။ Instagram က Facebook လောက် အချိန်ပေးစရာ မလိုပါဘူး။ အခြားကိုယ်မမြင်ချင်တာတွေ၊ မမြင်ရ၊ မဖတ်ချင်တာတွေ ဖတ်နေရတဲ့ နေရာမျိုးလည်း မဟုတ်ပါဘူး။

ကျွန်မအထင် Facebook ထက် Instagram က ပိုပြီးတော့ အသုံးတည့်မယ်လို့ ထင်ပါတယ်။ Twitter ကို ကျွန်မ စွန့်လိုက်တာလည်း တစ်နှစ်လောက် ရှိပါပြီ။ သူ့ကိုလည်း မကြိုက်စရာ အချက်တွေ ရှိနေလို့ပါ။ လူတွေက ကိုယ်ထင်ရာ မြင်ရာတွေကို တစ်ဖက်သတ် တစ်ယူသန် လျှောက်ပြောနေကြတာတွေကို ကျွန်မ မကြိုက်ပါဘူး။               

(အထက်ပါ အကြောင်းအရာများသည် စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် The Guardian သတင်းစာပါ လူငယ်များ၏ ဆိုရှယ်မီဒီယာများနှင့် ပတ်သက်သည့် အမြင်များကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)

 <မူရင်းတင်ထားသည့်နေရာမှပို့ စ်>

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...