'အစိုးရသစ်သည်
မြန်မာ့စီးပွားရေးကို အာရုံမစိုက်' ဟူသည့် ဝေဖန်မှုများ အလွန်တွင် ကာလနဂါး
မြန်မာ့စီးပွားကို လှုပ်နိုးလိုက်သည့် အသံက အတော်လည်းကျယ်သည်။
တစ်ခုက
အနောက်ကမ္ဘာမှ ရောက်လာသည်။ တစ်ခုက ပြည်တွင်းက။ ထိုအကြောင်းအရာ နှစ်ခုက
ပြီးခဲ့သည့် သီတင်းပတ်များမှစ၍ ယနေ့တိုင် မြန်မာ့ စီးပွားရေးရပ်ဝန်းတွင်
ဆွေးနွေးစရာ ဖြစ်နေသည်။
အနောက်ကမ္ဘာမှအသံက
'အမေရိကန် စီးပွားရေးပိတ်ဆို့မှု ဖွင့်လှစ်တော့မည်' ဆိုသည့်
သတင်းစကားဖြစ်ပြီး ပြည်တွင်း အသံကမူ 'ကုန်သည် စက်မှုအသင်းချုပ်
ရွေးကောက်ပွဲ' ပင် ဖြစ်သည်။
ထိုအခါတွင် လုပ်ငန်းရှင်များနှင့် ပြည်သူများအကြား မေးခွန်းများစွာ ထွက်ပေါ်လာသည်။
'မြန်မာတွေ
အမေရိကန်ကို ဘာရောင်းမလဲ'၊ 'မြန်မာတွေ အခွင့်အရေး ယူနိုင်မလား'၊ 'ဘယ်သူတွေ
အမည်ပျက်စာရင်းက လွတ် မလဲ'၊ 'UMFCCI ဘာတွေပြောင်းမလဲ' ဟူသည့် အစချီသော
မေးခွန်းများပင် ဖြစ်သည်။
ဘာတွေပြောင်းမလဲ UMFCCI
UMFCCI
ဟူသည် နိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များ စုစည်းထားသော စီးပွားရေး
အသင်းအဖွဲ့ကြီးပင် ဖြစ်သည်။ ဤအသင်း၏ ဥက္ကဋ္ဌသည် ယခင်ကမူ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးပင် ဖြစ်ခဲ့ဖူးသည့် အစဉ်အလာလည်းရှိသည်။
ပုဂ္ဂလိကဘက်မှ ကိုယ်စားပြု၍ စီးပွားရေးဆိုင်ရာ ကိစ္စများအတွက် အစိုးရနှင့်
ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်ချင်း ဆွေးနွေးခြင်းနှင့် နိုင်ငံတကာနှင့်
ဆွေးနွေးခြင်းတို့ကို ဤအသင်းကြီးကပင် ကမကထလုပ်သည်။
ပြီးခဲ့သည့်
၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ပင် ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ်၏ ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ရွေးကောက်ပွဲ
အပြီးတွင် ဥက္ကဋ္ဌအသစ် ထွက်ပေါ်လာသည်။ အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌအဖြစ်
တာဝန်ယူခဲ့ဖူးသော ဦးဇော်မင်းဝင်းက ဥက္ကဋ္ဌ ဖြစ်လာသည်။
ရွေးကောက်ပွဲ
မတိုင်မီက သဘောထား ကွဲလွဲမှုဖြစ်ပွားခဲ့သည့် အသင်းချုပ်၏
သင်းဖွဲ့စည်းမျဉ်းကို ပြန်ပြင်ရန် အလေးထား လုပ်မည်ဟု ဥက္ကဋ္ဌသစ်
ဦးဇော်မင်းဝင်းက ဆိုသည်။ အလုပ်အမှုဆောင်အဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့တွင်
ဆန်စပါး လုပ်ငန်းရှင်များနှင့် နည်းပညာကဏ္ဍမှ လုပ်ငန်းရှင်များ
ပါဝင်လာခြင်းအတွက် အားတက်ဖွယ်ဟု ၎င်းက ဆိုလိုက်သေးသည်။
မြန်မာ့စီးပွားရေးတွင်
ထဲထဲဝင်ဝင် လုပ်ကိုင်နေသော ဤအသင်းကြီး၏ အပြောင်းအလဲများက
မြန်မာ့စီးပွားရေး ဖော်ဆောင်မှုနှင့် ချိတ်ဆက်လျက်ရှိသည်။ ဆန်စပါး၊
အဝတ်အထည်၊ ရေထွက်ပို့ကုန်၊ ရေနံနှင့် အခြားသယံဇာတများ အစရှိသည့် ကဏ္ဍအသီးသီး၌
လုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များက ဤအသင်းကြီးတွင် ပါဝင်နေကြသည်။
အသင်းချုပ်က
လုပ်ငန်းရှင် အသီးသီး၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မှုမှသည်
တိုင်းပြည် စီးပွားရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ရာ UMFCCI ၏
အပြောင်းအလဲများ မည်မျှ စစ်မှန်မည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။
"ခဲမှန်ဖူးတဲ့
စာသူငယ်လိုပဲ။ ပြောတဲ့ အတိုင်းလုပ်ပါစေလို့ ဆုတောင်းပါတယ်" ဟု ပြည်တွင်း
ဆန်စက်လုပ်ငန်းရှင် ဦးကျော်မျိုးဝင်းက ဆိုသည်။
ဈေးသည်ကြီးနှင့်သူ၏ရောင်းကုန်များ
ပြည်တွင်း၌
UMFCCI အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သကဲ့သို့ ပြည်ပမှ Sanction လွှတ်မည်ဟူသော
သတင်းစကားကြောင့် ပြည်တွင်း လုပ်ငန်းရှင်များကလည်း မျှော်တွေးကြပြန်သည်။
အဓိကမှာ ဈေးသည်ကြီးမြန်မာနှင့် သူ၏ ရောင်းကုန်များအကြောင်းပင် ဖြစ်သည်။
ပထမဆုံး ဖြစ်နိုင်ဖွယ် ရောင်းစရာမှာ အထည်ချုပ်ဖြစ်သည်။
အမေရိကန်ကို
မြန်မာတွေ ဘာရောင်းနိုင်မလဲဟူသည့် မေးခွန်းအတွက် လတ်တလော မျက်စိထဲ
ပြေးမြင်မိကြသည်မှာ အထည် ချုပ် ကဏ္ဍပင်ဖြစ်သည်ဟု မြန်မာ့စီးပွားရေး
စောင့်ကြည့်လေ့လာသူ အများစုက တညီတညွတ်တည်း ဆိုကြသည်။
၂၀၀၃
ခုနှစ် အမေရိကန်စီးပွားရေး ပိတ်ဆို့မှုကြောင့် အထည်ချုပ် ကဏ္ဍဖရိုဖရဲ
ဖြစ်ခဲ့ရသည်။ မကြာမီ ပြန်လည်အဖတ် ဆယ်နိုင်မည်ဟု အထည်ချုပ်
လုပ်ငန်းရှင်များက မျှော်လင့်လျက်ရှိသည်။
မြန်မာနိုင်ငံ
အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးကမူ အမေရိကန် အထူးအခွန်
ကင်းလွတ်ခွင့်လည်း ရရှိပြီး နောက်တွင် အထည်ချုပ် လုပ်ငန်းမှ ပို့ကုန်သည်
၅၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ကြောင်း
ခန့်မှန်းထားသည်။
အထည်ချုပ်လုပ်ငန်းများ၏
အားသာချက်မှာ သဘာဝ ပတ်ဝန်းကျင် မထိခိုက်ခြင်း၊အထူးသဖြင့် အမျိုးသမီးများ
အလုပ်အကိုင် ရရှိစေခြင်းနှင့် ယင်းအလုပ်အကိုင်ကြောင့်ပင် လူမှုရေး
တည်ငြိမ်မှုစသော အားသာချက်များရှိကြောင်း စီးပွားရေး မူဝါဒရေးရာ ပညာရှင်
ဒေါက်တာ အောင်ကိုကိုက ရှင်းပြသည်။
သို့သော် မြန်မာ့အထည်ချုပ် အင်ဂျင်ကြီးကို ရပ်တန့်နိုင်သည့် သံချေးများ ရှိနေသည်။
လုပ်ခလစာ
ပြဿနာများ၊ ချည်လုံးမှအစ ပိတ်အဆုံး ပြည်ပနိုင်ငံများမှ ဝယ်ယူ
တင်သွင်းနေရခြင်း၊ လျှပ်စစ်မီးကောင်းစွာ မရခြင်းစသည့် ပြဿနာများစွာ
ကျန်ရှိနေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်၊
ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ယှဉ်ရမည့် ပြဿနာကလည်း ရှိသေးသည်။
နံပါတ်နှစ် ဖြစ်နိုင်ဖွယ် ရောင်းစရာမှာ စိုက်ပျိုးရေး ထွက်ကုန်ဖြစ်သည်။
မြန်မာနိုင်ငံသည်
လယ်ယာ စိုက်ပျိုးရေး နိုင်ငံဟူ၍ အမည်ခံယူထားသည်။ သို့သော်လည်း
စိုက်ပျိုးရေး ထွက်ကုန်ကို ပြည်ပသို့ မည်မည်ရရ မတင်ပို့နိုင်။ တစ်ချိန်ကမူ
ကမ္ဘာ့ဆန် တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်ခဲ့သည်။ သို့သော် သရဖူကို
လက်လွှတ်ခဲ့ရသည်မှာ ကြာပြီ။
သမ္မတ ဦးသိန်းစိန်လက်ထက်မှ စ၍
မြန်မာ့ဆန်တင်ပို့က တဖြည်းဖြည်း မြင့်တက်လာသည်။ မြန်မာ့ဆန် တင်ပို့မှု
မြင့်လာသည် ဆိုသော်လည်း အများစုမှာ တရုတ်နိုင်ငံသို့ နယ်စပ်လမ်းကြောင်းမှ
တင်ပို့နေရခြင်း ဖြစ်သည်။ စီးပွားရေး ပိတ်ဆို့မှု ဖွင့်လှစ်ပြီး
နောက်ပိုင်းတွင်မူ မြန်မာ့ လယ်ယာထွက်ကုန် အမေရိကန်သို့ တင်ပို့ရေး
အိပ်မက်ကို မက်နိုင်ပြီဖြစ်သည်။
သို့သော်လည်း အမေရိကန် အိုင်အိုး ဝါးပြည်နယ်တွင် ဆန်ဖူလုံမှုရှိရာ ဈေးကွက် ထိုးဖောက်ရန် လတ်တလော ဖြစ်နိုင်ဦးမည် မဟုတ်ပေ။
"ကျွန်တော်တို့ဆီကလည်း
ပေါ်ဆန်းတို့ဘာတို့ ပို့လို့ရတာပေါ့။ ဆန်စပါးတစ်ခုတည်းအတွက် ပြောရင်တော့
ကျွန်တော့်တို့အတွက် အမေရိကန် ဈေးကွက်က အလားအလာ သိပ်မရှိဘူး" ဟု
မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က
ပြောကြားသည်။
လယ်ယာကဏ္ဍတွင်လည်း အခက်အခဲ
များစွာရှိနေသည်။ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ၊ တောင်သူလယ်သမား
အကျိုးစီးပွား ကာကွယ်ရေးနှင့် အခွင့်အရေး မြှင့်တင်ရေး ဥပဒေများကို
ရေးဆွဲခဲ့ပြီးသော်လည်း အသက်ဝင်အောင် မဆောင်ရွက်နိုင်သေးပေ။
အဓိကမှာ
လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် ပြဿနာများဖြစ်သည်။ အများစုမှာ
လုပ်ကွက်ငယ် လယ်သမားများ ဖြစ်ကြသည်။ နည်းပညာ၊ စပါးမျိုးရင်း ပြဿနာ၊
အရင်းအနှီး မလုံလောက်မှု၊ သိုလှောင်နည်းစနစ်၊ သယ်ယူပို့ဆောင်ရေး၊ လယ်ယာ
လုပ်သား ရှားပါးလာခြင်းနှင့် ရာသီဥတုမမှန်ခြင်း ကဲ့သို့သော ပြဿနာများက
မြန်မာ့ဆန် အမေရိကန်သို့ တင်ပို့ရန်အတွက် အတားအဆီးများ ဖြစ်လာသည်။
လယ်ယာကဏ္ဍ
ပြည်ပ ရင်းနှီးမြှုပ်နှံမှုကလည်း အားရစရာမရှိ။ သမ္မတဦးသိန်းစိန်
လက်ထက်တစ်လျှောက် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၁ ရာခိုင်နှုန်းသာ
ဝင်ရောက်ထားသည်။
နံပါတ်သုံး ရောင်းစရာမှာ ရေထွက်ကုန်လော။
အမေရိကန်သို့
တင်ပို့ရန် ကုန်ပစ္စည်း ရွေးချယ်ပါက ရေထွက်ပို့ကုန်ကဏ္ဍကို ချန်ခဲ့ရန်
မဖြစ်နိုင်ချေ။ အကြောင်းမှာ ရေထွက်ပို့ကုန်များသည် လက်ရှိတွင်လည်း
ဥရောပနိုင်ငံအချို့သို့ တင်ပို့နေခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း
သမ္မတဦးသိန်းစိန် တက်စက တက်ရိပ်ပြ မြန်မာ့ရေထွက်ပို့ကုန်
ပြည်ပတင်ပို့မှုသည် နောက်ဆုံးသုံးနှစ်တွင်မူ တဖြည်းဖြည်း ကျဆင်းသွားသည်။
ရေသယံဇာတ
ရှားပါးလာခြင်း၊ လျှပ်စစ်မီး မရရှိခြင်း၊ ကုန်ကြမ်းရှားပါးလာခြင်း၊
ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်းတို့က ရေထွက် ပို့ကုန်
လုပ်ငန်းရှင်များအတွက် အခက်အခဲ ဖြစ်စေသည်ဟု မြန်မာနိုင်ငံ
ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ဆိုသည်။
နာဂစ်ကာလအတွင်း
ပျက်စီးသွားခဲ့သော ဧရာဝတီတိုင်းရှိ မြန်မာ့ရေလုပ်ငန်းမှာ နာလန်
မထူနိုင်သေးသကဲ့သို့ ရခိုင်ပြည်နယ်ရှိ ရေငန်ပုစွန် မွေးမြူရေး
လုပ်ငန်းမှာလည်း ရပ်ဆိုင်းလု အခြေအနေဖြစ်သည်။
အမေရိကန်
ဈေးကွက်အတွက် ပင်လယ်စာများနှင့် တီလားဗီးယား ကဲ့သို့သော ရေထွက်ကုန်များက
အခွင့်အလမ်းကောင်းများ ရှိသည်။ သို့သော်လည်း စံချိန်စံညွှန်းပိုင်း
ဆိုင်ရာတွင် ဖောက်သည်နိုင်ငံ၏ စံချိန်စံညွှန်းအတိုင်း တိကျစွာ
လိုက်နာရန်လည်း လိုအပ်ဦးမည်ဖြစ်သည်။
အခြား ရောင်းစရာများကား အဘယ်နည်း။
ပို့ကုန်ကဏ္ဍအတွက်
အဆိုပါ ဆန်၊ ရေထွက်နှင့် အထည်ချုပ်မှ လွဲ၍ မည်သည့် ပို့ကုန်မျှ
အလားအလာကောင်းများ မမြင်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသူများက ဆိုသည်။
လက်ရှိတွင်
အမေရိကန်က အကူအညီ ပေးလျက်ရှိသော ပြင်ဦးလွင်နှင့် ရွာငံဘက်ရှိ
ကော်ဖီစိုက်ရေး၊ လက်ဖက်စိုက်ပျိုးရေးတို့သည် အမေရိကန် ဈေးကွက်ကို
အနည်းအကျဉ်း ရနိုင်သည်ဟု ၎င်းတို့က ဆိုသည်။ ထို့ပြင် မြန်မာ့ငရုတ်သည် အိန္ဒိယမှ
တစ်ဆင့် အမေရိကန်သို့ ရောက်ရှိနေပြီး နောင်အခါတွင် ဈေးကွက်ဝေစု အနည်းငယ်
ရရှိနိုင်သည်ဟုလည်း စီးပွားရေး လေ့လာသူတစ်ဦးက ဆိုသည်။ စိန်တလုံးမှာလည်း
စင်ကာပူ ဈေးကွက်သို့ ရောက်နေပြီ။
လက်ရှိတွင် ကုန်ပစ္စည်းတစ်မျိုးကို အမြောက်အမြား ထုတ်လုပ်ရန် မစွမ်းနိုင်သည့် အခြေအနေ။
ဈေးသည်ကြီး
မြန်မာ၏ ရောင်းကုန်အချို့ကို လေ့လာကြည့်ပြီးနောက် အဖြေက တစ်ခုတည်း။
'ရောင်းစရာ မယ်မယ်ရရမရှိ' ဟူ၍။ သို့သော် အခြားသော အကျိုးကျေးဇူးများကို
လေ့လာကြည့်နိုင်သေးသည်။
မျှော်တော်ယောင် ရင်းနှီးမြှုပ်နှံမှု
မြန်မာ့နိုင်ငံအတွင်း
အမေရိကန် ရင်းနှီးမြှုပ်နှံမှုမှာ လောက်လောက် လားလားမရှိပါ။ ၁၉၈၉
ခုနှစ်မှစ၍ အမေရိကန် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်
ဒေါ်လာလေးသန်းကျော်သာရှိသည်။
ကိုကာကိုလာကဲ့သို့
စင်ကာပူနိုင်ငံနှင့် အခြားနိုင်ငံများမှ လှည့်ဝင်သည့် ရင်းနှီး မြှုပ်နှံမှု
ပမာဏစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ နှစ်ဘီလီယံကျော်အထိ ရှိသည်ဟု
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ သိရသည်။
လက်ရှိတွင်ပင် အမေရိကန်၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ
နိုင်ငံအလိုက်၌ အဆင့် ၃၀ တွင် ရပ်တည်နေသည်။
သို့သော်လည်း
အမေရိကန် ရင်းနှီးမြှုပ်နှံမှုကို မြန်မာတွေ လိုလားကြသည်။ အကြောင်းမှာ
ကမ္ဘာ့အင်အားကြီးလည်းဖြစ်၊ ကိန်းကြီးခန်းကြီး အလွန်နိုင်လှသော အမေရိကန်ကပင်
စိတ်ချလက်ချ ရင်းနှီးမြှုပ်နှံပြီဆိုလျှင် အခြားနိုင်ငံများ
စိုးရွံ့နေမည်ကို စိတ်ပူရန် မလိုတော့ချေ။
"ဂျပန်က
လာမယ်ဆိုလည်း အမေရိကန် Sanction မရုပ်သေးလို့ ဆိုတာပြောတယ်။
တခြားနိုင်ငံကလည်း အမေရိကန် Sanction အပြည့်အဝ မရုပ်သေးလို့ဆိုပြီး
ပြောကြတယ်" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး
ဦးရဲမင်းအောင်က ပြောကြားသည်။
လက်ရှိတွင်
မြန်မာ့ဈေးကွက်အတွင်း ၀င်ရောက်လျှက်ရှိသည့် အမေရိကန် ကုမ္ပဏီများလည်း
ရှိပါသည်။ ကိုကာကိုလာ အဖျော် ယမကာလုပ်ငန်း၊ KFC အသင့်စား ကြက်ကြော်၊
Colgate-Palmolive Myanmar လူသုံးကုန်၊ Global Apparel Textile
အ၀တ်အထည်လုပ်ငန်း အစရှိသော ကုမ္ပဏီများမှာမူ ပြည်တွင်း၌ ဝင်ရောက်
လုပ်နေကိုင်ကြပြီဖြစ်သည်။
စီးပွားရေး
ပိတ်ဆို့မှုများ ရုပ်သိမ်းအပြီး မြန်မာ့စီးပွားရေး ကဏ္ဍတွင် အမေရိကန်
ကုမ္ပဏီများ ဝင်ရောက်မည်လား၊ မည်သည့် ကဏ္ဍတွင် ဝင်ရောက်နိုင်မည်နည်း။
"ငွေကြေး
ဝန်ဆောင်မှုကဏ္ဍနဲ့ အာမခံလုပ်ငန်းလို ဟာမျိုးတွေလည်း အမေရိကန် ကုမ္ပဏီတွေက
စိတ်ဝင်စားပါတယ်"ဟု အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က ပြောကြားသည်။
Google
နှင့် Facebook ကဲ့သို့ ကမ္ဘာ့ထိပ်သီး နည်းပညာကုမ္ပဏီများလည်း
မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လိုသည်ကို မြင်တွေ့လိုကြောင်း
သံအမတ်ကြီးက ထပ်လောင်း ပြောကြားထားသည်။
ပြီးခဲ့သည့်
ငါးနှစ်တာကာလအတွင်း UMFCCI သည် အမေရိကန် လုပ်ငန်းရှင်များနှင့်
တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ "ကုန်သွယ်မှုမှာလည်း စိတ်ဝင်စားတယ်။
စွမ်းအင်အပိုင်း၊ လျှပ်စစ် ထုတ်လုပ်တဲ့ ကဏ္ဍတွေမှာလည်း သူတို့
လုပ်ချင်တယ်ပေါ့" ဟု UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောပြသည်။
အမေရိကန်သာမက
နိုင်ငံစုံ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နိုင်ရန်အတွက်
ရင်းနှီးမြှုပ်နှံမှု ဥပဒေက အရေးကြီးကြောင်း၊ လေကြောင်းလိုင်းနှင့်
ပို့ဆောင်ရေးကဲ့သို့ ကဏ္ဍများတွင်လည်း အမေရိကန် ရင်းနှီးမြှုပ်နှံမှု
ဝင်ရောက်နိုင်ကြောင်း စီးပွားရေးမူဝါဒရေးရာ ပညာရှင် ဒေါက်တာ အောင်ကိုကိုက
မှတ်ချက်ပြုသည်။ "Invisible Opportunities (မမြင်နိုင်တဲ့အခွင့်အလမ်း)
တွေအတွက် ဘယ်လောက်ထိ ပြင်ဆင်ထားပြီးပြီလဲ ဆိုတာကလည်း အရေးကြီးတယ်"ဟု ၎င်းက
ဆိုသည်။
ရင်းနှီးမြှုပ်နှံမှုအတွက် လက်ရှိ
အခက်အခဲမှာ မြေ၊ လမ်း၊ တံတား၊ ရေ၊ လျှပ်စစ် ဟူသည် အခြေခံ အဆောက်အဦ
မပြည့်စုံမှုပင် ဖြစ်သည်ဟု ပြည်တွင်း စီးပွားရေး စောင့်ကြည့်သူများက
ဆိုပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန်
အမေရိကန် လုပ်ငန်းရှင်များကို ဝါရှင်တန်တွင် ပြုလုပ်သည့် အမေရိကန်
ကုန်သည်ကြီးများအသင်း၏ ညစာစားပွဲတွင် ဖိတ်ခေါ်ထားသည်။
ပိတ်ဆို့မှုစာရင်းက ဘယ်သူလွတ်မှာလဲ
အမေရိကန်
ဘဏ္ဍာရေးဝန်ကြီးဌာနက ပစ်မှတ်ထား ဒဏ်ခတ်ထားသည့် လူပုဂ္ဂိုလ်၊ လုပ်ငန်းနှင့်
အဖွဲ့အစည်း ၁၀၄ ခုကို နာမည်ပျက်စာရင်းက ဖယ်ရှားမည်ဖြစ်ကြောင်း ရန်ကုန်မြို့
အမေရိကန်သံရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ အမေရိကန်သံ
အမတ်ကြီး စကော့စီမာရယ်က ပြောကြားခဲ့သည်။
"ပိတ်ဆို့ထားတဲ့စာရင်းမှာ
စုစုပေါင်း ၁၀၄ ဦး ပါပါတယ်။ ပိတ်ဆို့မှု အခွင့်အာဏာကို
ရုပ်သိမ်းလိုက်တဲ့အခါ အဲဒီ ၁၀၄ ဦးလုံး လွတ်သွားမှာပါ။
ခြွင်းချက်မရှိပါဘူး။ သို့သော် မြန်မာစာရင်းမှာ မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ
ပိတ်ဆို့ခံထားရတဲ့ စာရင်းမှာ ပါနေသူတွေကတော့ ဆက်လက် ပိတ်ဆို့
ခံထားရနိုင်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ လက်နက်ကုန်သွယ်မှုလို ကိစ္စမျိုးတွေပါ"
ဟု ၎င်းကဆိုသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန
နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုထိန်းချုပ်ရုံး (OFAC) ၏
တစ်ဦးချင်းပစ်မှတ်ထားသော Special Designated Nationals List (SDN)
စာရင်းတွင် ပါဝင်သူများ အားလုံး စာရင်းမှ ပယ်ဖျက်မည်ဟု ဆိုထားပြီး
ကမ္ဘာ့စာရင်း ဝင်သူများက ကျန်ရှိမည်ဟု ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်။
မည်သူတွေကျန်၍
မည်သူတွေ လွတ်မည်ဆိုသည့် မေးခွန်းအတွက် The Voice က ထင်ရှားသည့်
လုပ်ငန်းရှင်များနှင့် မြန်မာ့စီးပွားရေး စောင့်ကြည်သူအချို့ထံ
မေးမြန်းခဲ့သော်လည်း ယတိပြတ် ဖြေရန်မှု ငြင်းဆန်ကြသည်။"အမေရိကန်တွေ
ပိုသိပါတယ်" ဟု UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆိုသည်။
အမေရိကန်
အမည်ပျက်စာရင်းဝင် MAX Myanmar ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော် ကလည်း
'အမည်ပျက်စာရင်းမှ လွတ်မြောက် ဖို့ မျှော်လင့်ပါသလား' ဟူသည့်
မေးမြန်းချက်အတွက် အဖြေမပေးလိုကြောင်း ပြောကြားခဲ့သည်။
၂၀၁၅
ခုနှစ် ဧပြီလက အမေရိကန် အမည်ပျက်စာရင်းမှ ပယ်ဖျက်ခံရသူ UMFCCI ဥက္ကဋ္ဌဟောင်း
ဦးဝင်းအောင်ကလည်း 'ပိတ်ဆို့မှု စာရင်းက ဘယ်လို အကြောင်းနဲ့
လွတ်မြောက်ခဲ့တာပါလဲ' ဟူသည့် မေးခွန်းအတွက် လာမည့်ကာလ အမည်ပျက်စာရင်း
လွတ်သူများကိုသာ မေးရန် ပြောကြားခဲ့သေးသည်။
SDN
စာရင်းတွင် လက်ရှိအချိန်ထိ ပါဝင်သူများမှာ ဦးတေဇ၊ ဦးဇော်ဇော်၊
ဦးထွန်းမြင့်နိုင်၊ ဦးခင်ရွှေ (ဇေကမ္ဘာ)၊ ဦးဌေးမြင့် တို့နှင့် ၎င်းတို့၏
လုပ်ငန်းမျိုးစုံ၊ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၊
ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဝန်ကြီးဟောင်း ဦးတင်နိုင်သိန်း၊
ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းဇော်၊ စီးပွားစီမံ ဝန်ကြီးဟောင်း
ဦးစိုးသာတို့ကဲ့သို့ အငြိမ်းစား စစ်ဘက်ပုဂ္ဂိုလ်များနှင့် ၎င်းတို့နှင့်
ဆက်နွယ်လျက်ရှိသော လုပ်ငန်းများလည်း ပါဝင်သည်။ ကွယ်လွန်သွားခဲ့ပြီဖြစ်သော
ဦးအောင်သောင်းပင် အမည်ပျက်စာရင်းက မလွတ်သေး။
သို့သော်လည်း
ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို တစ်ချိန်က အားမပေးသည့်
ပုဂ္ဂိုလ်များလည်း အခွင့်အရေး ရသွားနိုင်သည်ဟု အမေရိကန် သံအမတ်ကြီးက
ပြောကြားထားသည်။
လက်နက်အရောင်းအဝယ်လုပ်သည်ဟု
အများက သမုတ်ကြသည့် ဦးတေဇ၊ ဘိန်းဘုရင်ဟု အများက ကင်ပွန်းတပ်ကြသည့်
လော်စစ်ဟန်၏ သား ဦးထွန်းမြင့်နိုင် (Asia World) တို့မှာ အမေရိကန်
သံအမတ်ကြီး၏ ဆိုလိုသည့် 'ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့မှု' စာရင်းအရ ကြည့်လျှင်
SDN စာရင်းမှ လွတ်မြောက်ရန် အခွင့်အလမ်း နည်းပါးလျက်ရှိသည်။
မည်သို့ပင်ဖြစ်စေ
မြန်မာ့စီးပွားရေးအတွက် ခရိုနီဟု အများက သမုတ်ကြသူများကို
ချန်ထားခဲ့မည်လား၊ သို့မဟုတ် လက်တွဲ ခေါ်မည်လား ဆိုသည်မှာ ယခင်ကမူ မူဝါဒ
ချမှတ်သူများအတွက် ခေါင်းခဲစရာ ဖြစ်ခဲ့သည်။
"စီးပွားရေးမှာ
ဘယ်သူတော့ပါဝင်၊ ဘယ်သူတော့ မပါဝင်နဲ့လို့ ပြောလို့မရဘူး။ သူတို့ကို
ချန်ထားခဲ့လို့ မဖြစ်ဘူး။ အရင်ပုံစံနဲ့ ဆိုရင်လည်း မဖြစ်ဘူး" ဟု ဒေါက်တာ
အောင်ကိုကိုက ဆိုပါသည်။
အမေရိကန် အပါအ၀င်
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မည်ဆိုပါက ပြည်တွင်း
လုပ်ငန်းရှင်များနှင့် ဖက်စပ် လုပ်ကိုင်နိုင်ရန် ဘဏ္ဍာရေး
အင်အားတောင့်တင်းသည့် ကုမ္ပဏီကြီးများမှာ အမည်ပျက်စာရင်းထဲတွင်
ရောက်ရှိနေကြသည်ဟု မြန်မာ့စီးပွားရေး အသိုင်းအဝန်းက ဆိုသည်။
"ရာခိုင်နှုန်းအရ ပြောရင် မြန်မာ့စီးပွားရေးကို သူတို့က တော်တော်များများ ပိုင်ဆိုင်ထားတယ်" ဟု ဒေါက်တာအောင်ကိုကိုက ဆိုသည်။
ထို့ပြင်
မြန်မာ့စီးပွားရေးတွင် တပ်မတော်၏ ပါဝင်မှု အခန်းကဏ္ဍကိုလည်း လျှော့ချရန်
လိုအပ်ပြီး လက်ဝါးကြီး အုပ်ခြင်းကို ထိန်းချုပ်ရန် လိုသည်ဟု စီးပွားရေး
လုပ်ငန်းရှင်များက ဆိုသည်။
မြန်မာ့ စီးပွားရေး
ဦးပိုင်လီမိတက်နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းတို့တွင်
တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချ၍ ပြင်ညီကွင်းတွင် လွတ်လပ်စွာ
ယှဉ်ပြိုင်ခွင့်ပြုမှသာ ယှဉ်ပြိုင်နိုင် စွမ်းမြင့်မားသော ဈေးကွက်
စီးပွားရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဟု မြန်မာ့စီးပွားရေး
စောင့်ကြည့်သူများက ဆိုသည်။
အစိုးရ၏ စီးပွားရေးအပေါ် အာရုံစိုက်မှု
လက်ရှိအစိုးရက
စီးပွားရေးမူဝါဒ ၁၂ ချက်ကို ထုတ်ပြန်ထားသည်။ အနှစ်ချုပ်လျှင် အလုပ်အကိုင်
ရရှိရေး အဓိကထားသော စီးပွားရေး မူဝါဒဖြစ်သည်။ အမေရိကန်တွင်မူ သမ္မတ
အိုဘားမား တက်ခါစက ယိုယွင်းသည့် လမ်းတံတားများကို ပြင်ဆင်ခြင်းဖြင့်
အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့သည်။
အလုပ်အကိုင်
ဖန်တီးရေးအတွက် လက်ရှိ ပြင်ဆင် ရေးဆွဲလျက်ရှိသော ရင်းနှီးမြှုပ်နှံမှု
ဥပဒေက များစွာ အရေးကြီးလာသည်ဟု စီးပွားရေး မူဝါဒရေးရာ ပညာရှင်
ဒေါက်တာအောင်ကိုကိုက ဆိုသည်။
ရင်းနှီးမြှုပ်နှံသူများ
မက်လုံးပေး ဆွဲဆောင်မှု၊ ပြည်တွင်း၊ပြည်ပလုပ်ငန်းရှင်များ၏
အကျိုးစီးပွားကို သဟမျှတစွာ ဖော်ဆောင်နိုင်မှု၊ သဘာဝ ပတ်ဝန်းကျင်
မထိခိုက်ရေး စသည့် အချက်များ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် မည်မျှ
ပါဝင်သနည်း မေးခွန်းများလည်း ရှိလာသည်။
နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ ၂၀ ရာစုစီးပွားရေး ဖွံ့ဖြိုးမှု
ပုံစံတစ်ခုဖြစ်ခဲ့သော အလုပ်အကိုင် ပေးနိုင်သည့် အထည်ချုပ် လုပ်ငန်းကဲ့သို့
လုပ်ငန်းများကို ကျော်လွန်ကြည့်ရမည်ဟုလည်း အာဆီယံ အစည်းအဝေးတစ်ခုတွင်
ပြောကြားဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နှင့်
ဥရောပခရီးတွင်မူ ပြည်တွင်း လုပ်ငန်းရှင်များ ပါဝင်မသွားချေ။
လုပ်ငန်းရှင်များက လိုက်ပါလိုကြသည်။ နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုတွင်
စီးပွားရေးလုပ်ငန်းရှင်ချင်း တွေ့ဆုံမှုကိုပါ ဖော်ဆောင်ခြင်းဖြင့် စီးပွား
ရေး အခွင့်အလမ်းများ ဖြစ်ပေါ်လာမည်ဟု ၎င်းတို့က ဆိုသည်။ သမ္မတဟောင်း
ဦးသိန်းစိန် လက်ထက်ကမူ ဝန်ကြီးများနောက်တွင် လုပ်ငန်းရှင်များ
ပါဝင်သွားသည်ကို တွေ့မြင်ရစမြဲ။
ဥပဒေပိုင်း
ဆိုင်ရာတွင်လည်း အရေးကြီးသည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ယနေ့တိုင်
ပြန်ပြင်လျက်ပင် ရှိသေးသည်။ ယှဉ်ပြိုင်မှု ဥပဒေကလည်း အသက်မဝင်သေးပေ။
အငြင်းပွားဖွယ် ဖြစ်လာနိုင်သည့် ကိစ္စများအတွက်လည်း မူပိုင်ခွင့်
ဥပဒေကဲ့သို့ ဥပဒေများ လိုအပ်လျက် ရှိသေးသည်။
သို့သော်လည်း
လာမည့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်
မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံမည်ဖြစ်ရာ
မြန်မာ့စီးပွားရေးအတွက် မူဝါဒများ ချမှတ်နိုင်မည်ဟု မျှော်လင့်ရပေသည်။
အစိုးရ၏သုံးချက်
လုပ်ငန်းရှင်များက အကြံပြုသည့် အစိုးရအတွက် အချက်သုံးချက်ရှိသည်။ ယင်းမှာ
(၁) 'စီးပွားရေးမူဝါဒကို ပြည်ထောင်စု အဆင့်မှစ၍ ၀န်ကြီးဌာနအားလုံး နားလည်ရန် လိုအပ်သည်' ဟူ၍။
"ဟိုညစ်၊
ဒီညစ်၊ ဟိုလှည့်၊ ဒီလှည့်တွေ မလုပ်ပါနဲ့တော့" ဟု စီးပွားရေး
စောင့်ကြည့်လေ့လာသူလည်းဖြစ်၊ လုပ်ငန်းရှင်လည်းဖြစ်သူ ဦးလှမောင်က ဆိုသည်။
နံပါတ် (၂) 'နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ စီးပွားရေးကို အာရုံစိုက်ပါ'ဟူ၍။
"ငြိမ်းချမ်းရေးနဲ့
ဖက်ဒရယ် ပြည်ထောင်စုဖြစ်ရေး အာရုံစိုက်သလိုပဲ စီးပွားရေးကိုလည်း
တစ်ပြိုင်နက် အာရုံစိုက်ကြပါ"ဟူ၍ ဦးလှမောင်က ဆိုပြန်သည်။
နံပါတ် (၃) 'လုပ်ပိုင်ခွင့်ပေးပါ။ တကယ်လည်း လုပ်ကြပါ'ဟူ၍။
"အစ်မကြီးဆီ (ဒေါ်အောင်ဆန်းစုကြည်) တင်ရဦးမယ်။ အောက်မှာက ဘာမှဆုံးဖြတ်ခွင့်မရှိဘူး။ ဥပဒေနဲ့ညီရင် ခွင့်ပြုပေးလိုက်ပေါ့ဗျာ" ဟူ၍။
လက်ရှိ
မြန်မာ့စီးပွားရေးမှာ ဘရိတ်မိနေသည့် ကားတစ်စီးအလား။
တုံ့ဆိုင်းတုံ့ဆိုင်းနှင့် လိုရာမရောက်။ တစ်ခါတရံ ခုန်ပေါက်
ပြေးတော့မယောင်။ သို့သော် နေရာက မရွေ့။
"တော်တော်များများကို အားမရဘူးဗျာ" ဟူ၍ အစိုးရ၏ မြန်မာ့စီးပွားရေး ကိုင်တွယ်မှုအပေါ် ဦးလှမောင်က မှတ်ချက်ပြုလေသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။