Ads (728x90)

 Photo: ၁၉၆၁ ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ 

ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၁၁)ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်း၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ တတိယမြောက် သမ္မတဖြစ်သော ဦးဝင်းမောင် (မန်းဝင်းမောင်) ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ပထမဆုံးကျင်းပခဲ့သည့် အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသရှိ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ မလေးရှား၊ တောင်ဗီယက်နမ်၊ စင်ကာပူနှင့် အိမ်ရှင် မြန်မာတို့ဖြင့် စုစုပေါင်း ၇ နိုင်ငံစလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် ၁၉၅၉ ခုနှစ်တွင် စတင်ကျင်းပသည့် ကျွန်းဆွယ်ပြိုင်ပွဲတွင်မူ အိမ်ရှင်ထိုင်းနိုင်ငံနှင့် နိုင်ငံရေးမပြေလည်သောကြောင့် ကမ္ဘောဒီးယားနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့သောကြောင့် ဒုတိယအကြိမ်မှသာ ပါဝင်လာခဲ့သည်။

ရန်ကုန်ကျွန်းဆွယ်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပသည့် အားကစားနည်း ၁၃ မျိုးဖြစ်သည့် ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ စက်ဘီး၊ ဘောလုံး၊ သေနတ်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘော၊ အလေးမနှင့် ရွက်လှေတို့ ပါဝင်ပြီး၊ ထိုင်းနိုင်ငံမှ အားကစားသမား ၁၇၄ ဦး၊ မလေးရှားမှ ၁၁၂ ဦး၊ စင်ကာပူမှ ၇၁ ဦး၊ တောင်ဗီယက်နမ်မှ ၅၅ ဦး၊ လာအိုမှ ၉၂ ဦး၊ ကမ္ဘောဒီးယားမှ ၁၃၉ ဦးနှင့် အိမ်ရှင်မြန်မာနိုင်ငံမှ ၁၇၇ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံ အားကစားအဖွဲ့က ရွှေတံဆိပ် ၃၅ ခု၊ ငွေတံဆိပ် ၂၄ ခု၊ ကြေးတံဆိပ် ၂၂ ခု၊ စုစုပေါင်း ဆုံတံဆိပ် ၈၁ ဆုဖြင့် နိုင်ငံအလိုက် ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ မြန်မာနိုင်ငံက ဆုတံဆိပ်ဆွတ်ခူးခဲ့သည့် အားကစားနည်းများမှာ ပြေးခုန်ပစ် ရွှေ ၇ ခု၊ ငွေ ၁၂ ခု၊ ကြေး ၉ ခု၊ လက်ဝှေ့ ရွှေ ၇ ၊ ကြေး ၁၊ သေနပ်ပစ် ရွှေ ၁၊ ငွေ ၃၊ ရေကူး ရွှေ ၁၃၊ ငွေ ၇၊ ကြေး ၁၂၊ ဘော်လီဘော ရွှေ ၁ (ထိုစဉ်က အမျိုးသမီးပြိုင်ပွဲ မပါသေးပါ)၊ အလေးမ ရွှေ ၄ ၊ ငွေ ၂၊ ရွက်လှေ ရွှေ ၂ ဖြစ်သည်။

ရွှေတံဆိပ်မရဘဲ ငွေနှင့် ကြေးတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် အားကစားနည်းများမှာ ကြက်တောင် ကြေး ၄၊ စက်ဘီး ကြေး ၁၊ ဘောလုံး ငွေ ၁၊ တင်းနစ် ကြေး ၄ တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံက အားကစားနည်း ၁၃ မျိုးစလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်ရာ ဆုတံဆိပ် လုံးဝမဆွတ်ခူးနိုင်သည့် အားကစားနည်းများမှာ ဘတ်စကက်ဘော၊ စားပွဲတင် တင်းနစ် အားကစားနည်း ၂ မျိုးသာရှိသည်။

မြန်မာလက်ရွေးစင် ဘောလုံးအသင်းမှာ ဗိုလ်လုပွဲတွင် မလေးရှားအသင်းကို
၂-၀ ဖြင့်ရှုံးနိမ့်ခဲ့၍ ငွေတံဆိပ်သာ ရယူနိုင်ခဲ့သည်။
 ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၁၆)ရက်တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲကို
 မြန်မာနိုင်ငံမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်....။

ref: wikipedia.org & ကျွန်းဆွယ်ပွဲနှင့် မြန်မာ့အားကစား (ခင်မောင်ထွေး{ပျဉ်းမနား})

Admin #HM

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...