Ads (728x90)


မကွေးတိုင်း ပေါက်မြို့နယ်ရှိ စီးပွားရေး ကျွန်းစိုက်ခင်းတစ်ခုကို ၂၀၁၃ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
(၁) ပြာသိုလပြည့်နေ့ ကျော်ခဲ့တာ ကြာပေမယ့် အမေ့ကို သတိရနေတာတော့ ပျောက်မသွားခဲ့ပါဘူး။ အမေက စာသိပ်ဖတ်တယ်။ တောင်ငူကအိမ်မှာ အဖေနဲ့အမေ အသက်ထင်ရှားရှိစဉ်က နေ့စဉ် သတင်းစာ သုံးစောင်ယူပါတယ်။ လွန်ခဲ့တဲ့ နှစ်အစိတ် သုံးဆယ်ကာလမှာ ဖတ်စရာ သတင်းစာကလည်း သိပ်မှမရှိ၊ ပုဂ္ဂလိက သတင်းစာတွေဆိုတာ အိပ်မက်မှာတောင် မမြင်ရသေးချိန်ပေါ့။ ဒီတော့ထွက်တဲ့ မြန်မာသတင်းစာ နှစ်စောင်ရယ်၊ အင်္ဂလိပ် သတင်းစာ တစ်စောင်ရယ်ကို အမေနဲ့အဖေ ဖတ်ကြတယ်။

(၂) မြန်မာသတင်းစာ ထဲမှာပါတဲ့ မထော်မနန်း ဆောင်းပါးတွေ ဖတ်ပြီးရင် အမေ ဝေဖန် ပြောဆိုလေ့ ရှိတယ်။

"ခက်တာပဲ။ ဒီလူတွေ ဘာတွေလျှောက်ပြောနေ ရေးနေမှန်း မသိဘူး။ သူတို့ရေးတာတွေ ပြောတာတွေက သူတို့တင်မက သူတို့နောက်က လူတွေကိုပါ လူတွေက မုန်းစေတယ်။ သိက္ခာကျစေတယ်ဆို မသိကြဘူးလား။ လူကြီးတွေကရော နားမလည်ဘူးလား"

အဖေက နောက်ထပ် ထပ်ဖြည့်ပြီးပြောတာ သတိရနေတယ်။

"လူဆိုတာ ကိုယ့်ဘာသာ တစ်ယောက်တည်း ကြားရုံပြောတာက ပြဿနာ မရှိလှဘူး။ လူအများ ကြားအောင်ပြောတာဆိုရင် ဂရုစိုက်ရတော့မယ်။ ကိုယ့်နောက်မှာ အဖွဲ့အစည်း တစ်ခုရှိနေပြီဆို ပိုသတိထားရတယ်။ ကိုယ်ပြောတဲ့ စကားက ကိုယ့်တစ်ယောက်တည်း တင်မက ကိုယ့်အဖွဲ့အစည်းကိုပါ ကိုယ်စားပြုနေပြီကိုး။ အဖွဲ့အစည်းကြီးလေလေ အဲဒီအဖွဲ့အစည်းရဲ့ သြဇာကြီးလေလေ ပိုသတိထားရလေပဲ။"

(၃) အဖေက ဒုတိယကမ္ဘာစစ် မဖြစ်ခင်က ရန်ကုန်တက္ကသိုလ်မှာ ဥပစာ (ခ) တန်းအထိ တက်ခဲ့တယ်။ နောက်တော့ အဘွားက ပိုက်ဆံဆက် မထောက်နိုင်တော့တာနဲ့ ကျောင်းထွက်ပြီး ကျိုင်းတုံမှာ ကျောင်းဆရာ နှစ်အတော်ကြာ လုပ်ခဲ့သေးတယ်။ လွတ်လပ်ရေး မရခင်မှာ အမေနဲ့ အိမ်ထောင်ကျပြီး သစ်တောဌာနမှာ အလုပ်ဝင်ခဲ့တယ်။ သိပ်မကြာခင်မှာ ရုံးဝန်ထောက်ဖြစ်ခဲ့တယ်။ သစ်တောမင်းကြီးချုပ် ဦးချိန်ဟိုက အဖေ့ကို သဘောကျတော့၊ ချစ်ခင်လေးစားတော့ ရုံးအနေနဲ့ ရာထူးက ထပ်တက်စရာ မရှိတော့တဲ့အတွက် သစ်တော ပညာယူပြီး တက္ကသိုလ်ပြန်တက်၊ ဒါမှမဟုတ် မေမြို့ သစ်တောကျောင်းမှာ အကြီးတန်းတက်ဖို့ အကြံပေးခဲ့တယ်။ ဒါပေမဲ့ အဖေက ဘာမှဆက် မတက်တော့ဘဲ ရုံးထဲမှာပဲ ရုံးစာတွေ၊ စာရင်းဇယားတွေနဲ့ ပျော်မွေ့နေခဲ့တော့တယ်။

(၄) ငယ်စဉ်ကတည်းက သစ်တောရုံးတွေနဲ့ ရင်းနှီးခဲ့တယ်။ လက်လှည့် ဂဏန်းပေါင်းစက်တွေ၊ လက်နှိပ်စက်တွေ၊ စာကူးစက်တွေဟာ ကလေးဘ၀မှာ ရင်သပ်ရှုမော ကြည့်ခဲ့ရတဲ့ အရာတွေ။ ကြိုးဝိုင်းတော၊ ကြိုးပြင်တော၊ ကွက်စိပ်စီမံကိန်း၊ ဓမ္မတာ မျိုးဆက်ခြင်း၊ သင်းသတ်ခြင်း၊ ပင်ထောင်ရိုက်ခြင်း၊ ပင်ကျပ်နုတ်ခြင်း စတဲ့ ဝေါဟာရတွေဟာ ချင်းတွင်းတိုင်း သစ်တောရုံးက ကျောက်သင်ပုန်းကြီးမှာ မြင်ပြီး အစောကြီး ကတည်းက ရင်းနှီးခဲ့တဲ့ ဝေါဟာရတွေ။

အန်ကယ်ဦးဇော်အောင်တို့၊ အန်ကယ် ဦးသန်းဌေးတို့ဆိုတာ အဲဒီတုန်းက သဘောကျခဲ့တဲ့ သစ်တော မင်းကြီးတွေ၊ သစ်တောဝန်တွေပေါ့။ စစ်တုရင်ဆိုတာ ဘာမှန်းမသိသေးချိန်မှာ အန်ကယ် ဦးသန်းဌေးတို့ စစ်တုရင် ကစားတာကို ငယ်ငယ်တုန်းက ဝေးဝေးကနေ ငေးခဲ့ရတာကလား။

(၅) အမေ့ရဲ့ အဖေဖြစ်တဲ့ အဘိုးက အင်္ဂလိပ်ခေတ်က သစ်တောရုံးစာရေးကြီး။ အဖေ၊ ဘကြီး၊ ဦးလေး၊ အစ်ကိုဝမ်းကွဲတွေ စသဖြင့် ပါခဲ့တဲ့ သစ်တောရေစက်က ကိုယ့်ဆီကို ရောက်လာတယ်။ ၁၉၇၇ မှာ ဆယ်တန်းအောင်ပြီးတော့ မဟာဒေသ ကောလိပ်ပညာရေး စနစ်တော်ကြီးရဲ့ မဟာကျေးဇူးတော်ကြီးကြောင့် ရန်ကုန်တက္ကသိုလ်မှာ သစ်တောပညာ တက်ခွင့်ရခဲ့တယ်။

ပညာပြည့်ဝ နှလုံးလှပြီး အတွေ့အကြုံ ရင့်ကျက်တဲ့ ဆရာကြီးတွေရဲ့ အဆုံးအမအောက်မှာ တက္ကသိုလ်ပညာ ဆည်းပူးခဲ့ရတာ တစ်သက်တာ မမေ့နိုင်စရာပါ။ နှစ်စဉ် ဆောင်းကာလ ကျောင်းရက်ရှည် ပိတ်ချိန်တွေမှာ သူများတွေက အိမ်ပြန်နားကြရတယ်။ သစ်တောပညာ ကျောင်းသားတွေကတော့ နှစ်လတာ တောတွင်းလက်တွေ့ ကွင်းဆင်းပြီး အလုပ်သမားတွေလုပ်တဲ့ အလုပ်တွေ ကိုအောက်သက်ကျေအောင်၊ ခြေခြေမြစ်မြစ်သိအောင် ဆရာကြီးတွေရဲ့ ကြီးကြပ် သင်ကြားမှုအောက်မှာ ကိုယ်တိုင်လုပ်ကြရတယ်။

ပဉ္စမနဲ့ ဆဋ္ဌမ နှစ်တွေမှာတော့ ဆောင်းတွင်းနှစ်လတာ သာမက မိုးတွင်းမှာပါ လက်တွေ့ကွင်းဆင်း လုပ်ကိုင်ရတယ်။ မိုးလရာသီ မြေဆီစိုခိုက် သစ်ပင်စိုက် လက်တွေ့လုပ်ကြရတာပါ။ ရွှေရေခရားတွေ၊ ရွှေတူးရွင်းတွေနဲ့ ၀င့်ဝင့်ကြွားကြွား လှလှပပတော့ ဘယ်ဟုတ်ပါ့မလဲ။ တောထဲ တကယ်သွားပြီး မိုးတွေလေတွေကြား ရွှံ့တွေဗွက်တွေကြား စိုက်ကြပျိုးကြရတာ။ ကျောင်းသား အရေအတွက်ကလည်း တစ်နှစ်မှ ငါးဆယ်။ ဒီတော့ မသိသူမရှိ အားလုံးဟာ ညီရင်းအစ်ကိုပမာ အထက်အောက် ချစ်ခင်လေးစားကြတယ်။

(၆) ဘွဲ့ရပြီး အလုပ်ဝင်တော့ တောထဲသွားခဲ့ရတာပါပဲ။ စာတွေထဲမှာပါတဲ့ ငှက်တောခွေးတော တွေပေါ့။ ၂၇ မိုင်လောက်ခရီးကို ဘာယာဉ်မှ စီးစရာမရှိ၊ ခြေသာလျှင် ယာဉ်ဖြစ်ချေတော့၏လို့ စာစီခဲ့ကြဖူးတယ်။
စာပို့၊ တောကြပ်၊ တောခေါင်း စတဲ့ဝန်ထမ်းငယ်တွေဟာ မိသားစုဝင်တွေ ပမာဖြစ်ခဲ့တာပေါ့။ သစ်တောဆိုတာမြို့မှာ ကောင်းကောင်းနေရတာ ခြောက်လ၊ တောမှာအနေ ဆင်းရဲတာ ခြောက်လလို့ ဆိုကြပေမယ့် သစ်တောစိုက်ခင်း ၀န်ထမ်းတွေကျတော့ တောမှာပဲ နေရတာ များပါတယ်။

ဂိတ်ထိုင် ပိုက်ဆံတောင်းတာကို သစ်တော အလုပ်လို့ အမနာပ ပြောကြသူတွေဟာ ကျွန်းသင်းသတ်ချိန်၊ ပင်ထောင်ရိုက်ချိန်တွေမှာ ပင်ပန်းဆင်းရဲပုံတွေ မမြင်ဖူးကြပါဘူး။ ယောက်ျားက တောထဲမှာ လေးငါးခြောက်လ အလုပ်သွား လုပ်နေရချိန်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုအတွက် ဘယ်သူကမှ တာဝန်မယူ ကိုယ့်ဖာသာ ဖန်တီးကြရတာ၊ လစာတစ်ဝက်လောက်က ငှက်ဖျားကုရလို့ ဆေးဖိုးဝါးခနဲ့ ကုန်ကြရတာ လူသိပ်မသိကြပါဘူး။ ငှက်ဖျားကြောင့် အချိန်မတိုင်ခင် သေခဲ့ရ၊ ကြွေခဲ့ရတဲ့ ဘ၀တွေ အများကြီး ရှိတယ်။

လက်နက်မပါ ဘာမပါပေမယ့် တာဝန်အရ သစ်ခိုးတာ သွားဖမ်းချိန်မှာ ကျည်ဆန်ယူမလား၊ ပိုက်ဆံ ယူမလားဆိုတဲ့ အမေးကို အသက်နဲ့ ဖြေသွားခဲ့ကြရတဲ့ အရာရှိတွေ၊ ၀န်ထမ်းတွေ ရှိခဲ့တယ်။ သစ်ခိုးပြီး မီးသွေးဖို သွားဖမ်းရာကနေ မီးသွေးဘ၀ ပြောင်းသွားခဲ့ရတဲ့ ၀န်ထမ်းရှိဖူးတယ်။ ဖမ်းဆီးရေးအသွား ဓားခုတ်ခံရလို့ လူစဉ်မမီ ဖြစ်ခဲ့ရတာလည်း ရှိတယ်။ ခေတ်စနစ်ရဲ့ သားကောင်ဘ၀မှာ ခေတ်သစ်သော နုတ္ထိုအဖြစ်နဲ့ အလုပ်ပြုတ်ခဲ့၊ ထောင်ကျခဲ့ရတာတွေ ရှိတယ်။   

သစ်တောလုပ်ငန်းတွေ လုပ်နိုင်ဖို့အပြင် လူကိုတိုက်ရိုက်ခန့်ပြီး တန်းသုံးလို့ မရပါဘူး။ တော်ရုံဇွဲနဲ့လည်း မလုပ်နိုင်ကြပါဘူး။ မြေပြင်မှာ အချိန်ယူ လေ့ကျင့်ရပါတယ်။

(၇) သစ်လုပ်ငန်းအဖွဲ့ (STB - StateTimber Board)၊ သစ်လုပ်ငန်း ကော်ပိုရေးရှင်း (TC - Timber Corporation)၊ မြန်မာ့သစ်လုပ်ငန်း (MTE - Myanmar Timber Enterprise) ဆိုပြီး နာမည်တွေ ပြောင်းလဲခေါ်ဆိုခဲ့တဲ့ ဌာနကြီးက သစ်တောဌာနကပင် ထောင်ရိုက်ပေးထားတဲ့ သစ်မာနဲ့ သင်းသတ်ပေးထားတဲ့ သတ်မှတ်ရင်စို့ လုံးပတ် (GBH-Girth at Breast Height) ရှိတဲ့ ကျွန်းပင်တွေကို စနစ်တကျ ခုတ်လှဲဖြတ်တောက် ထုတ်ယူ ရောင်းချပေးပါတယ်။

သစ်တောဦးစီး ဌာနမှာလည်း လုပ်ခဲ့ဖူးပြီး ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေး စာမေးပွဲဖြေဆို အောင်မြင်ခဲ့ပြီးတဲ့နောက် မြန်မာ့သစ်လုပ်ငန်းက သစ်ထုတ်ရေး ဌာနခွဲမှာလည်း လစာ ၄၅၀ နဲ့ လုပ်ခဲ့ဖူးတော့ ဌာနကြီးနှစ်ခုလုံးက ၀န်ထမ်းတွေ၊ အရာရှိတွေရဲ့ ဘ၀အခြေအနေကို နားလည်ခံစားနိုင်ခဲ့တာ အဆန်းတော့ မဟုတ်ပါဘူး။ အခေါ်ကွဲတာ၊ လုပ်ငန်းသဘော ကွာတာကလွဲရင် တောထဲမှာ ဆင်းရဲဒုက္ခခံကြရတာ အတူတူပါပဲ။
နောက်ပြီးတော့ ဆုံစည်းခဲ့တဲ့ အထက်အရာရှိကြီးတွေ၊ ဆရာသမားတွေရဲ့ ခံယူချက်နဲ့ သဘောထားတွေကို မှတ်သားခဲ့ရတယ်။ ကျွန်းအတွက် သတ်မှတ်ရင်စို့ လုံးပတ်ကို ခုနစ်ပေ၊ ခြောက်လက်မကနေ ခြောက်ပေ၊ ခြောက်လက်မကို လျှော့ချပေးဖို့ ဖိအားပေးရာမှာ မလုပ်သင့် မဖြစ်သင့်တာမို့လို့ မလုပ်နိုင်တဲ့အတွက် ရာထူးက နုတ်ထွက်သွားခဲ့တဲ့ သစ်တောမင်းကြီးချုပ် (ညွှန်ကြားရေးမှူးချုပ်) ဦးမောင်ကလေးအတွက် ဂုဏ်ယူခဲ့ရတယ်။

တချို့သော ဌာနတွေက အခြားအဆင့်နဲ့ အရာရှိငယ်တွေတောင် ရန်ကုန်၊ ပြင်ဦးလွင် စတဲ့မြို့တွေက နေရာကောင်းတွေမှာ နန်းတော်ကြီးတမျှ ခံ့ညားလှပတဲ့ အိမ်ကြီးရခိုင်တွေ ဆောက်နိုင် နေနိုင်ချိန်မှာ သစ်တော ပညာဘွဲ့ရ ညွှန်ကြားရေးမှူးချုပ်တွေ ပင်စင်ယူပြီးချိန်မှာ ရွှေပြည်သာ၊ ဒဂုံမြို့သစ်၊ လှိုင်သာယာ စတဲ့ အစွန်အဖျားတွေမှာ သာမန် အိမ်ကလေးတွေနဲ့ ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို ရိုးရှင်းစွာ ဖြတ်သန်းနေကြတာ တွေ့ရတော့ စိတ်မကောင်းဖြစ်ရ၊ ဂုဏ်ယူရတယ်။

(၈) သစ်တော နောင်တော်ကြီးတွေ အငြိမ်းစား ယူပြီးတာတောင်မှ အငြိမ်မနေနိုင်အား ကြပါဘူး။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စေတနာ့ ၀န်ထမ်းလုပ်ပြီး နယ်လှည့်ဟောပြောပို့ချ ပညာပေးကြ၊ ဆွေးနွေးကြနဲ့ လုပ်နေကြတာ မြင်နိုင်တွေ့နိုင်ပါတယ်။ ဘာရာထူး ရာခံရရေး၊ နာမည်ရရေးအတွက်မှ မဟုတ်ကြပါဘူး။ မှားခဲ့ဖူးတာတွေ ဆက်မမှားကြရအောင်၊ ပိုပြီးဆိုးရွားတဲ့ ပျက်စီးထိခိုက်မှုတွေ မကြုံကြရလေအောင်၊ ထိန်းသိမ်းနိုင်သမျှ ထိန်းသိမ်းရင်း အခြေအနေတွေ တိုးတက်ကောင်းမွန် လာစေအောင် စတဲ့ စေတနာတွေနဲ့ လုပ်နေကြတာပါ။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောတွေ တည်ရှိမှုဟာ တိုက်ရိုက်အချိုးကျပါတယ်။ ဆက်စပ်ပတ်သက်မှု အကြီးကြီးကို ရှိပါတယ်။ ဒါကို လူတော်တော်များများ သိကြ၊ နားလည်ကြပါတယ်။

(၉) ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့ သစ်ထုတ်ရေး အထွေထွေ မန်နေဂျာ (ငြိမ်း) အန်ကယ် ဦးအောင်သင်း လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ပြောခဲ့ဖူးတယ်။
"ငါတို့ တိုင်းပြည်က မွဲနေလို့၊ ပိုက်ဆံလိုလို့သာ သစ်တွေထုတ်နေ ရောင်းနေရတာ။ ကိုယ့်အသား ကိုယ်လှီးပြီး ရောင်းစားနေရ သလိုပဲကွာ။ သစ်ပင်တစ်ပင် ဖြစ်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးကွ။ စနစ်တကျထုတ်မှ အလေအလွင့် မရှိမှဖြစ်မှာ" တဲ့။

(၁၀) အူမတောင့်ပါလျက်နဲ့ သီလမစောင့်ကြတဲ့သူတွေက လုပ်ပိုင်ခွင့် ကြီးမားစွာ ရယူနေကြ၊ ကိုယ်ကျိုးရှာပြီး ချမ်းသာကြီးခြင်းမက ချမ်းသာနေကြချိန်မှာ တောထဲမှာ စောင့်ကြပ်သူ မရှိပေမယ့် ရိုးသားမှုသာ အကောင်းဆုံးမူဆိုပြီး လေ့ကျင့်သင်ကြားမှု သက်သက်နဲ့ ဆောင်ရွက်ရတဲ့ သစ်တော လုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သစ်တောသမားတွေဟာ အင်မတန် ချီးကျူးစရာ ကောင်းပါတယ်။ ဂုဏ်ယူစရာ ကောင်းပါတယ်။
သစ်တောတွေကို ကောက်ရိုးနဲ့ ပမာနှိုင်းရင် သစ်တောသမားတွေဟာ ကောက်ရိုးကို စားမယ့် နွားမဟုတ်မှာတော့ သေချာပါတယ်။ ကောက်ရိုးပုံစောင့်တဲ့ ကျားသာ ဖြစ်ပါလိမ့်မယ်။
Writer: မောင်စံပေါ
 
Eleven

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...