Ads (728x90)


Thursday, August 15, 2013

ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများသည် နိုင်ငံတော် ဘဏ္ဍာငွေ ခွဲဝေ ရရှိမှုအရ လုပ်ဆောင်မည်ဟု လွှတ်တော်သို့ ကတိပေးထားသည့် လုပ်ငန်းများကို လုပ်ဆောင်ခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ က ပြည်သူ့လွှတ်တော် သို့ တင်သွင်းလိုက်သည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ အဆိုပါ ကော်မတီက အစီရင်ခံစာ တင်သွင်းရာတွင် ယင်းသို့ ထည့်သွင်း တင်ပြသွားခြင်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ ကတိပြု လုပ်ငန်းပေါင်း ၁၀၄၉ ကျန်ရှိနေသေးပြီး ပညာရေး ဝန်ကြီးဌာနက ၂၁၇ ခု၊ ကျန်းမာရေး ဝန်ကြီးဌာန က ၁၆၆ ခု၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ၁၄၈ ခုနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ၁၄၂ ခုတို့ ကျန်ရှိနေသေးကြောင်း အဆိုပါ ကော်မတီ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

“လုပ်ငန်း လက်ကျန်များဟာ ဘဏ္ဍာရေး အခက်အခဲကြောင့် မဟုတ်ဘဲ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများရဲ့ တာဝန်မကျေ မှု၊ ပေါ့လျော့မှု၊ ပေးထားတဲ့ ကတိကို အလေးအနက် မထားမှု တို့ကြောင့် ဖြစ်တယ်” ဟု အဆိုပါ ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းက ဆိုသည်။

လုပ်ငန်းလက်ကျန် အများဆုံး ဖြစ်သော ပညာရေး ဝန်ကြီးဌာန၏ ဘဏ္ဍာငွေ အချို့ကို လိုအပ်သော ပညာရေး ကဏ္ဍတွင် ပြောင်းလဲ သုံးစွဲရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ရာ ပညာရေးရုံးများ အစား ကျောင်းဆောင်များ ဆောက်လုပ်ရာတွင် ပြောင်းလဲ သုံးစွဲခဲ့ကြောင်း၊ သို့သော်လည်း အချို့ ကျောင်းများ ဆောက်လုပ်ရန် ပညာရေး ဌာနများ ထက် ဆောက်လုပ်ရေး ကုမ္ပဏီများ ကြိုတင် သိနေကြောင်း၊ ယင်းကြောင့် မသမာသောနည်းဖြင့် ပြည်သူပိုင် ပစ္စည်းများကို လိမ်လည်၍ ကိုယ်ကျိုးရှာ သူများအား စစ်ဆေး အရေးယူပေးရန် တိုင်ကြားမှုများ ဖြစ်ပေါ်နေဦး မည် ဖြစ်ကြောင်း ၎င်းက တင်ပြ ဆွေးနွေးခဲ့သည်။

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီသည် လွှတ်တော်တွင် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများက အခါအားလျော်စွာ ပေးထားသည့် အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များကို ထိရောက် မှန်ကန်စွာ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိကို လိုအပ်သည့် နေရာဒေသ များသို့ သွားရောက် စစ်ဆေးနိုင်သည် ဟု ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေတွင် ဖော်ပြထားသည်။

The Voice Weekly
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...