Ads (728x90)

ရိုးမ ချစ်သူ
about an hour ago

ဘင်္ဂါလီဒုက္ခသည်ဦးရေ ပမာဏတိုးလာမှု အမျိုးသားလုံခြုံရေးကို ထိခိုက်လာနိုင်
6:48 AM Htut Htut 
ရခိုင်ဒေသအတွင်း ဘင်္ဂါလီဒုက္ခသည်စခန်းများနှင့်မောင်တော၊ ဘူးသီးတောင်ဒေသမှာ တဖြည်းဖြည်းနဲ့ တိုးပွားလာ သည့် ဘင်္ဂါလီလူဦးရေ ပမာဏသည် ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးကိုသာမက မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကိုပါ ထိခိုက်လာနိုင်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် လုံခြုံရေးအရာရှိတွေက တစ်ညီတစ်ညွတ်တည်း ပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ပတ်ဝန်းကျင်မှာ ဖွင့်လှစ်ထားသည့် ဘင်္ဂါလီဒုက္ခသည် စခန်း ၁၁ ခုဟာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်လုံးမှာ ဖွင့်လှစ်ထားသည့်အတွက် မြန်မာနိုင်ငံရဲ့ အနောက်ဘက်က လူဦးရေပေါက်ကွဲမှုဖြစ်နေသည့် ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် အမြဲတစေကူးလူး ဆက်ဆံမှုရှိသည်။

ရေလမ်းခရီးဖြင့်သွားလျှင် အချိန်တစ်ရက်သာကြာမြင့်သည့် စစ်တွေနှင့်ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံကြား က လမ်းပန်း ဆက်သွယ်ရေးကြောင့် စစ်တွေမြို့ပတ်ဝန်းကျင်က သက္ကေပြင်၊ဒါးပိုင်၊ဘောဒူဖစသည့် ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းအချို့တွင် ဘင်္ဂလားဒေရှ့်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများကို တွေ့နိုင်ပေသည်။

"စစ်တွေကမ်းရိုးတန်းတစ်လျှောက်လုံးမှာက ဘင်္ဂါလီဒုက္ခသည်စခန်းတွေလေ။သူတို့မှာလှေရှိတယ်။ဒီတော့ ဘင်္ဂလားဒေရှ့်ကို သွားနိုင်တယ်။လာနိုင်တယ်။သူတို့ဒီလို သွားနေတာသိရက်နဲ့ ကျွန်တော်တို့ မဖမ်းနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ရေတပ်အင်အားနည်းတယ်လေ" ဟု စရဖ တပ်ဖွဲ့ဝင် ကိုဖိုးလုံးက ပင်လယ်လှိုင်းများ ရိုက်ခတ်နေသည့် စစ်တွေကမ်းရိုးတန်းတစ်လျှောက်လုံးကို ကြည့်ရင်း ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်မှစတင်ကာ စစ်တွေမြို့ကို တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင် ကိုဖိုးလုံးသည် စစ်တွေမြို့ဝန်းကျင်က ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် တစ်ဦးတည်း အခြေစိုက်လှုပ်ရှား နေရသည့် ထောက်လှမ်းရေးတစ်ဦး ဖြစ်သည်။

"သူတို့က ကျွန်တော့်ကိုယုံတယ်။စစ်တပ်ကိုယုံတယ်။ ရဲနဲ့နစကကိုမယုံဘူး။ ကျွန်တော့်သတင်းပေးတွေက ဘင်္ဂလားက ဘယ်နှစ်ယောက်ရောက်နေတယ် ပြောတယ်။ကျွန်တော် လိုက်ရှာတယ်။မတွေ့ဘူး။ သူတို့မှာကွန်ရက် ကောင်းကောင်း ရှိတယ်"ဟု ယင်းကဆိုသည်။

ပြီးခဲ့သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် လေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့၊ကမ္ဘာလှည့်ခရီးသွားများထိန်းသိမ်းစောင့်ရှောက်ကူညီရေးရဲတပ်ဖွဲ့နှင့်အဝေးပြေးလမ်းများ ထိန်းသိမ်း စောင့်ရှောက်ရေး ရဲတပ်ဖွဲ့များကို စစ်တပ်ထုံးစံအတိုင်း ဖွဲ့စည်းပုံများ တိုးမြှင့်ဖွဲ့စည်းလိုက်သော်လည်း မိုင် ၄၀၀ ကျော် ရှည်လျားသည့် မြန်မာ့အနောက်ဘက် ရခိုင်ပြည်နယ်ကမ်းရိုးတန်းလုံခြုံရေးအတွက် အကျိုးထူးလာခြင်း မရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်က ဆိုသည်။

"ပြဿနာက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ဆိုင်တယ်။ဒုက္ခသည်စခန်းတွေက ဘင်္ဂါလီတွေ ထွက်သွားရင်ပြီးရော ဆိုပြီး၊ကမ်းရိုးတန်းကို ဖွင့်ပေးထားတယ်။ ထွက်သွားတဲ့သူလည်း ရှိပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေရှ့်ကနေ ဝင်လာသူက ပိုများတဲ့ အပြင်၊ မရိုးမသား လုပ်ချင်သူတွေလည်း ပါကောင်းပါလာနိုင်တယ်လေ"ဟု ယင်းက သုံးသပ်ပြသည်။

ပြီးခဲ့သည့် ၂၀၁၂ အောက်တိုဘာလကစတင်ကာ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်မှုဥပဒေအရ လူဦးရေစစ်တမ်းကောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်နေရာတွင်လည်း လိုအပ်ချက်များစွာ ရှိနေကြောင်း သိရသည်။

"ကျွန်တော်တို့ အခေါ် ဆွဲ၊တင်၊စစ် ပေါ့လေ။လုပ်တာက ကောင်းတယ်။ဟနေတာက ဒီအိမ်မှာ ဘယ်သူနေတယ်။ အကုန်လူစေ့မတ်တပ်ရပ်ပြဆိုပြီး ကြည့်တာမဟုတ်ဘဲ၊ အဲဒီအိမ်က တစ်ယောက်လာ၊ဘယ်သူတွေနေလဲ စာရင်းပေးဆိုတော့ ငါးယောက်ပဲနေတာကို ဆယ်ယောက် စာရင်းပေးလို့ရတယ်လေ"ဟု စစ်တွေမြို့ နယ်စပ်ဒေသကွပ်ကဲရေးဌာနချုပ် -ကြားစခန်းတွင် တာဝန်ကျနေသသည့်လက်ထောက် လဝကမှုး တာဝန်ယူထားသူ ကိုတေဇာထွဋ်က ဆိုသည်။

ပေါက်တော၊မြေပုံ၊မင်းပြားနှင့်စစ်တွေမြို့များရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေအရ လူဦးရေစစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့သူ ကိုတေဇာထွဋ်က "ကျွန်တော်က ဒီလို ဆွဲ၊ တင်၊ စစ်ကို မကြိုက်ပေမယ့် ကျွန်တော်တို့မှာ နောက်တစ်နည်းရွေးစရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တေိာတို့မှာ လူအင်အားနည်းတယ်၊ ပိုက်ဆံ မရှိဘူး"ဟု ယင်းကဆိုသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များကာအာရှ အရှေ့အလယ်ပိုင်းတွင် အခြေစိုက်ပြီး တင်းကျပ်သည့် အစ္စလာမ် ဘာသာရေး စည်းကမ်းများပါဝင်သည့် ရှာရီယာဥပဒေကို ပြဌာန်းကာ အစွန်းရောက် လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်နေသူများသည် အမေရိကန်နိုင်ငံ၏ အကြမ်းဖက်နှိမ်နှင်းရေး မှုဝါဒကြောင့် ယင်းတို့၏ ခံကတုတ်များဖြစ်သည့် အာဖဂန်နစ္စတန်၊အီရတ်တို့လို နိုင်ငံများက စွန့်ခွာပြီး၊နယ်ပယ်သစ်ရှာနေချိန်တွင် လူဦးရေအင်အားပေါက်ကွဲနေသည့် ဘင်္ဂလားဒေရှ့်နှင့် တစ်ဆက်တည်း ဖြစ်သည့် ဘူသီးတောင်၊ မောင်တောဒေသသည် ယင်းတို့အတွက် တဖြည်းဖြည်း မျက်စိကျစရာ ဖြစ်လာကြောင်း ဘူးသီးတောင် အခြေစိုက် ခမရ ၃၅၂ ရဲ့တပ်ရင်းမှုး ဖြစ်သူ ဒု-ဗိုလ်မှုးကြီး ကျော်စိန်ဝင်းက ဆိုသည်။

"ပြီးခဲ့တဲ့ အရေးအခင်းအတွင်းက ဒီဘက်ဒေသတွေကနေ ထွက်ပြေးသွားသူတွေကို ဘင်္ဂလားအခြေစိုက် RSO နဲ့ ARNO အဖွဲ့တွေက ဘင်္ဂလားမြောက်ပိုင်းမှာ သင်တန်းပေးနေတယ်ဆိုတာ သေချာတယ်"ဟု ယင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က လာသည့် သတင်းအချက်အလက်များကို သုံးသပ်ရင်းပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကုန်ပိုင်းက ဘင်္ဂလားဒေရှ့်အခြေစိုက် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအသင်း (RSO)က ဘူးသီးတောင်၊မောင်တောဒေသက ဘင်္ဂလားဒေရှ့်သို့ ရောက်ရှိလာသည့် ဘင်္ဂါလီမွတ်စလင်များကို မောင်တောဒေသ မြောက်ပိုင်းရှိ ကျေးရွာများ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် အနှောင့်အယှက်ပေးမည့် ရိုဟင်ဂျာ ကလပ် ဟုအမည်ပေးထားသည့် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း မောင်တော အခြေစိုက် ထောက်လှမ်းရေး အဖွဲ့အစည်းများက ဆိုသည်။

"နယ်စပ်ခြံစည်းရိုးကာနေတဲ့ စစ်အင်ဂျင်နီယာတပ်ရင်းကို ဝင်တိုက်ပြီး၊လူဖမ်းသွားတာတွေ၊ရခိုင်ရွာတွေကို ဝင်တိုက်တာတွေက ဒီအဖွဲ့ရဲ့ လက်ချက်လို့ သုံးသပ်ထားကြတယ်"ဟု မောင်တောအခြေစိုက် ရဲထောက်လှမ်းရေး တစ်ဦးဖြစ်သူ ကိုညွှန့်ဝင်းကဆိုသည်။

ဘူးသီးတောင်၊မောင်တောဒေသ အတွင်းမှာရှိတဲ့ စုစုပေါင်း လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းပတ်ဝန်းကျင်ဟာ ဘင်္ဂါလီမှုစလင်တွေ ဖြစ်သည့်အတွက် ရခိုင်၊ဗမာ၊မြို၊သက်၊ဒိုင်းနက်စတဲ့ တိုင်းရင်းသား ကျေးရွာတွေ အခြေချနေထိုင်ကြသော မောင်တောဒေသမြောက်ပိုင်းသည် မိုးတွင်းကာလတွင် အုပ်ချုပ်၊ထောက်ပံ့မှု အခက်အခဲများစွာ ရှိခြင်းကြောင့် အဆိုပါ အဖွဲ့အစည်းရဲ့ တိုက်ခိုက်မှုများသည် မိုးတွင်းကာလတွင် ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ကိုညွှန့်ဝင်းက ဆက်လက် ပြောကြားသည်။

စစ်တွေမြို့တွင် ၁၁ ခု၊မင်းပြားမြို့နယ်တွင် ၂ ခု၊မြေပုံမြို့တွင် ၃ ခု၊ပေါက်တောမြို့တွင် ၄ မြောက်ဦးမြို့နယ်တွင် ၃ ခုစသည်ဖြင့် ဘင်္ဂါလီဒုက္ခသည်စခန်း ၂၀ ကျော်ရှိသည့် ရခိုင်ပြည်နယ်တွင် ယင်းတို့အတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ စိစစ်ရေး၊ထောက်ပံ့ရေးနှင့်ပြန်လည်နေရာချထားရေး စသည့် ကိစ္စရပ်များမှာ သက်တမ်းနှစ်နှစ်ကျော်သာရှိသေးသည့် ဒီမိုကရေစီ အစိုးရအတွက် စိန်ခေါ်ရပ်များ ဖြစ်ပေသည်။

မကြာခင်က ထုတ်ပြန်လိုက်သည့် ရခိုင်ပြည်နယ် ပဋိပက္ခလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ အကြံပြုချက် များတွင် ရခိုင်ပြည်နယ်အတွင်းရှိသည့် တပ်မတော်၊ရဲ၊လဝကနှင့်နစက တပ်ဖွဲ့များကို ခေတ်မှီလက်နက် တပ်ဆင်ရန် လိုကြောင်း၊တရားဥပဒေစိုးမိုးရေးကို အထူးအလေးပေးရန် လိုကြောင်း ဖော်ပြထားသည်ကို တွေ့ရသော်လည်း ယင်းကိစ္စရပ်များကို ပြည်ထောင်စု အစိုးရက အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခြင်း ရှိ/မရှိကိုလည်း စောင့်ကြည့်ရန်လိုအပ်ပေသည်။

မည်သို့ပင်ဆိုစေကာမှု မြန်မာနိုင်ငံ၏ အနောက်တံခါး ရခိုင်ပြည်နယ်မှာ မမြင်ရသေးသည့် အမှောင်ရိပ်များစွာ ဖုန်းနေသည်ကို မြင်ရပေသည်။စစ်တွေမြို့ပတ်ဝန်းကျင်က ဘင်္ဂါလီဒုက္ခသည်စခန်းများတွင်းသို့ သွားရောက် သတင်းထောက်လှမ်းရသည့် ကိုဖိုးလုံးက "ကျွန်တော်တို့ အတွက် စိန်ခေါ်မှုက ဟောဒီ ပင်လယ်ပြင်ကြီးပဲ"ဟု ဘင်္ဂလားဒေရှ့်တွင် တိုက်ခတ်နေသည့် မဟာစင် မုန်တိုင်းကြောင့် စစ်တွေကမ်းရိုးတန်းပေါ်က တိမ်တိုက်ကြီးကို ကြည့်ရင်းဆိုလိုက်သည်။

By :
U Khaing Aung Kyaw shared Black Angle's photo.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...