Ads (728x90)

ပြည်တွင်းငြိမ်းချမ်းရေး 
တွေးမိသည်များ (အပိုင်း - ၂)
ကျော်ဝင်း


၎။ လတ်တလောပြဿနာများ

ယခုအခါ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနီးပါးနှင့် ပဏာမ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်များ ရရှိပြီးဖြစ်ပါသည်။ သို့နှင့်တိုင်၊ အရေးကြီးသော နိုင်ငံရေးပြဿနာများကိုမူ ဆက်လက်ဆွေးနွေးနေကြဆဲဖြစ်သည်။ ‘ကချင်လွတ်လပ်ရေးအဖွဲ့’ (KIO)နှင့်မူ၊ အပစ်အခတ်ရပ်ဆဲ ရေး သဘောတူညီချက်မရသေးရုံမျှမက၊ တိုက်ပွဲများဆက်လက်ဖြစ်ပွားဆဲရှိနေသည်။

KIO နှင့် အမြန်ဆုံးအပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ရဖို့လိုသလို၊ KIO အပါအဝင်၊ လူ မျိုးစုလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့်လည်း၊ ရေရှည်တည်တန့်ခိုင်မြဲသော ငြိမ်းချမ်းရေးတည် ဆောက်နိုင်ရန်၊ နိုင်ငံရေးအရ အဖြေရှာကြဖို့ အထူးအရေးကြီးပါသည်။ ဤနေရာတွင်၊ စာရေးသူလို သာမန်ပြည်သူတစ်ယောက်အနေနှင့် “မည်သို့သောတိုးတက်မှုများရနေပြီ”၊  “မည်သို့သောအခက် အခဲနှင့် ပြဿနာများရှိနေသည်” - စသည်များကို သိလှသည်မဟုတ်ပါ။ သိခွင့်ရှိသည်လည်းမဟုတ် ပါ။ ဥာဏ်မီသလောက်၊ စဉ်းစားရသမျှ ပြဿနာအချို့ကိုသာ မှန်းဆဖော်ပြလိုက်ရပါသည်။

(က) ငြိမ်းချမ်းရေးလမ်းပြမြေပုံ

အစိုးရဘက်မှ၊ ပြည်တွင်းငြိမ်းချမ်းရေးကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဟု၊ တရား ဝင်ထုတ်ပြန်ကြေငြာထားပြီးဖြစ်သည်။

ပထမအဆင့်မှာ၊ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနှင့် သက်ဆိုင်ရာ၊ ပြည်နယ်၊ တိုင်းဒေသ ကြီး အစိုးရကြား အပစ်အခတ်ရပ်ဆဲရေးသဘောတူညီမှုရဖို့ဖြစ်သည်။ ဤအဆင့်တွင်၊ နှစ်ဘက်အ ပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးကို အရေးကြီးဆုံးအဖြစ်သဘောယူသည်။ ဒုတိယအဆင့်မှာ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနှင့် ပြည်တောင်စုအစိုးရ (ဗဟိုအစိုးရ) ကြား၊ ပိုမိုကျယ်ပြန့် သော ညှိနှိုင်းဆွေးနွေးမှုများဆောင်ရွက်ဖို့ ဖြစ်သည်။ ဤအဆင့်တွင် လူမှုစီးပွားရေး၊ ယဉ်ကျေးမှုရေး နှင့်၊ နိုင်ငံရေးပြဿနာများအပါအဝင်၊ အခြားဆက်စပ်နေသော၊ ပြဿနာရပ်များကို ကိုင်တွယ်ဖြေ ရှင်းကြမည်ဖြစ်သည်။ တတိယအဆင့်တွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးမှ ကိုယ်စားလှယ်များ နှင့် အခြားသော ‘အကျိုးရှင်များ’ (Stakeholder) စုစည်းပြီး၊ ရေရှည်တည်တံ့ခိုင်မြဲမည့် နိုင်ငံရေး သဘာတူညီချက်တရပ်၊ ဖော်ထုတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းကြဖို့ဖြစ်သည်။ ဤအဆင့်တွင် လိုအပ်ပါ က၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအထိပါ၊ ဆွေးနွေးညှိနှိုင်းကြဖို့ရှိပါသည်

အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှုရရှိပြီး၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်လျင်၊ ရေဘူယျအားဖြင့် ပထမအဆင့်ကို ကျော်လွန်ပြီး၊ ဒုတိယအဆင့်ကို စတင်နေပြီဟု နားလည်ရပါသည်။ KIO နှင့်မူ၊ အပစ်အခတ်ရပ်ဆဲရေးသဘောတူညီမှု မရသေးသည့်တိုင်၊ ဗဟိုအစိုး ရအဖွဲ့ကိုယ်စားလှယ်များနှင့်ပါ၊ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းနေပြီဖြစ်၍၊ ပထမနှင့်ဒုတိယအဆင့်ကို တစ်ပြိုင်နက်အကောင်အထည်ဖော်နေသည့်သဘောဟု ယူသော်ရမည်ထင်ပါသည်။ သို့နှင့်တိုင် ဘာ့ကြောင့် ရလဒ်ကောင်းများထွက်မလာဘဲ၊ စစ်ရေးအရှိန်မြင့်လာရသည်ကိုမူ စဉ်းစားစရာဖြစ်နေ တော့သည်။ KIO တွင်၊ ၎င်းတို့ကိုယ်ပိုင်၊ သီးခြားလမ်းပြမြေပုံရှိနေသလော။ အကယ်၍ ရှိခဲ့လျင်၊ ပွင့် ပွင့်လင်းလင်းဖော်ထုတ်ဆွေးနွေးကြဖို့လိုမည်ထင်သည်။ တတိယအဆင့်ဆွေးနွေးပွဲတွင်၊ KIO အပါအဝင်၊ လူမျိုးစု လက်နက်ကိုင် အားလုံးစုံစုံညီညီတက်ရောက်နိုင်ဖို့ အထူးအရေးကြီးသော ကြောင့် ဖြစ်ပါသည်။

(ခ) မူပိုင်းဆိုင်ရာပြဿနာ
(ပေါင်းစည်းရေး/ခွဲထွက်ရေး)

တိုင်းရင်းသား လူမျိုးများအရေး၏ မူပိုင်းဆိုင်ရာတွင် အရေးကြီးဆုံးဖြစ်ဖွယ်ရှိသည်မှာ၊ ‘ပြည် တောင်စုကြီးအဖြစ်၊ ဥမကွဲသိုက်မပျက်ပေါင်းစည်းနေထိုင်ကြမည်လော’ သို့မဟုတ် “လွတ်လပ် သောနိုင်ငံများအဖြစ် သီးခြားရပ်တည်ကြမည်လော” ဆိုသော ကိစ္စတွင်ရှိလိမ့်မည်ဟု သဘောရပါ သည်။ ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများတွင်၊ လူမျိုးစုလက်နက်ကိုင်အင်အားစု များနှင့် သဘောတူညီချက် မရခဲ့သည်မှာ၊ ဤပြဿနာအပေါ်အဖြေမရှာနိုင်သောကြောင့်ဟု ထင် သည်။ ယခုအခါ၊ လူမျိုးစုလက်နက်ကိုင်အင်အားစုတိုင်းက၊ ‘ခွဲထွက်ရေး’ ကိုစွန့်လွှတ်ခဲ့ကြပြီဖြစ်ရာ၊ ပြဿနာ၏အဖြေကို ရရှိပြီးဖြစ်သည်ဟု ယူဆရပါသည်။ ဆိုရလျင် မူပိုင်းဆိုင်ရာပြဿနာ၏ သော့ ချက်အကျဆုံးကိစ္စကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်၍၊ ရရှိပြီး၊ ပေါင်းစည်းရေးစိတ်ဓာတ် (တစ်နည်း- ပင်လုံ စိတ်ဓာတ်) ဖြင့် ကျန်ပြဿနာများကို ညှိနှိုင်းအဖြေရှာနိုင်လိမ့်မည်စု မျှော်လင့်ရပါသည်။ (ဤအပိုင်း ကို- ရှေ့အခန်း- ထင်မြင်ချက်များမှ ဆက်လက်ဆွေးနွေးပါမည်။)

(ဂ) လက်နက်ကိုင်တပ်ကိစ္စ
(စစ်ဘောင်သွင်းခြင်း/စစ်ဘောင်လျှော့ခြင်း)

စစ်ဖြစ်ပြီဆိုလျင် နိုင်ငံရေးကိုစစ်ဘောင်သွင်းကြရသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။  (militarization of politics) မြန်မာနိုင်ငံတွင်လည်း၊ ပြည်တွင်းစစ်ကို အကြောင်းခံပြီး၊ ဤအတိုင်းပင် ဖြစ်ခဲ့ရသည်။ နိုင်ငံရေးခေတ်တစ်ခေတ်ပင်ဆုံးခန်းတိုင်ခဲ့ပြီး၊ တပ်မတော်ကိုယ်တိုင်က၊ နိုင်ငံရေးကို တာဝန်ယူသည်အထိဖြစ်ခဲ့ရသည်။ အလားတူ၊ လူမျိုးစုနိုင်ငံရေးပါတီများမှာလည်း၊ စစ်အသွင်ဆောင် ၍၊ စစ်ဘောင်သွင်းလိုက်ရပါသည်။

ယခုငြိမ်းချမ်းရေး၊ ပြန်လည်တည်ဆောက်တော့မည်ဆိုသောအခါ၊ ဆိုခဲ့ပါ စစ်ဘောင်သွင်းထား သည့် အနေအထားးမှ ပြန်ဖြေလျော့ဖို့လိုလာသည်။ နိုင်ငံရေးမှ စစ်ဘောင်ပြန်လျှော့ဖို့ဖြစ်ပါသည်။ (Demilitarization of politics) တည့်တည့်ဆိုရလျှင်၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများကို၊ နိုင်ငံရေးပါတီများအဖြစ် အသွင်ပြောင်းဖို့ဖြစ်သည်။ ဤကိစ္စမှာ၊ မူပိုင်းဆိုင်ရာပြဿနာမဟုတ်သည့် တိုင်၊ ‘မူ’ နှင့်နက်နက်ရှိုင်းရှိုင်းဆက်စပ်နေသောပြဿနာဖြစ်လေရာ၊ ဂရုဓမ္မထား၍ ဖြေရှင်းဖို့လိုပါ သည်။
ယခုလောလောဆယ်တွင်၊ ဤပြဿနာနှင့် ပတ်သက်လျင်၊ လိပ်ခဲတည်းလည်း အခြေအနေ အ ချို့ကို၊ မကျော်လွှားနိုင်ဖြစ်နေဆဲဟုထင်သည်။ အစိုးရဘက်မှ၊ ‘နိုင်ငံတစ်ခုတွင် တပ်မတော်တစ်ခု သာရှိရမည်’ ဟု ရပ်တည်ထားရာ၊ သဘာဝကျသော ရပ်ခံမှုဟု ဆိုရပါလိမ့်မည်။ လူမျိုးစုအဖွဲ့အစည်း များဘက်မှလည်း၊ ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို စွန့်လွှတ်ဖို့၊ သို့မဟုတ် တစ်ခုတည်းသော စစ်ဦးစီးမှုအောက်တွင် ထည့်သွင်းဖို့ ဝန်လေးနေကြသည်မှာ၊ သူ့ဟာနှင့်သူသဘာဝကျသည်ဟု ဆို ရမည်သာဖြစ်သည်။ နှစ်ပေါင်းမြောက်များစွာ လက်နက်ကိုင်ခဲ့ကြသော အဖွဲ့အစည်းများအနေနှင့်၊ ယုံကြည်မှုအပြည့်အဝမရသေးခင်၊ လက်နက်စွန့်လိုက်လျင် - ၎င်းတို့ဆက်လက်ရပ်တည်ရှင်သန်နိုင် ပါ့မလား- စိုးရိမ်မကင်းတွေးမိကြမည်သည်ဖြစ်ပါသည်။

အကယ်၍သာ၊ နိုင်ငံရေးအရ၊ မူပိုင်းဆိုင်ရာပြဿနာများကိုဖြေရှင်းနိုင်လျင်မူ၊ ယခုထက် ယုံကြည် မှုပိုမိုခိုင်မာလာနိုင်စရာရှိပါလိမ့်မည်။ သည်တော့မှ၊ ဆိုခဲ့ပါ ပြဿနာကို ဆက်လက် ညှိနှိုင်းအဖြေရှာ ကြလျင် ပို၍ အဆင်ပြေလွယ်ကူလေမည်လား စဉ်းစားမိသည်။ သို့အတွက်၊ လက်နက်ကိုင်တပ်ကိစ္စ နှင့် မူပိုင်းဆိုင်ရာ နိုင်ငံရေးကိစ္စများကို ခွဲမစဉ်းစားဘဲ၊ ချိတ်ဆက်စဉ်းစားကြ လျင် လိပ်ခဲတည်းလည်း အခြေအနေ အချို့ကိုကျော်လွှားနိုင်လိမ့်မည်ဟုသဘောရ သည်။
ဤနေရာတွင်ထောက်ကွက် တစ်ခုရှိလာနိုင်သည်မှာ၊ အစိုးရ အနေနှင့်ရော၊ Demilitarize လုပ်ဖို့ မလိုပါသဘောဆိုသော ပုစ္စာဖြစ်သည်။ သီအိုရီသဘောအရဆိုလျင် ‘လိုသည်’ ဟုဖြေရပါလိမ့် မည်။ လက်တွေ့သဘောအရဆိုလျင်၊ ထည့်သွင်းစဉ်းစားဖွယ်ရာများစွာရှိနေပါသည်။ လက်ရှိဒီမိုက ရေစီအပြောင်းအလဲဖြစ်စဉ်သည်ပင်၊ မြန်မာ့နိုင်ငံရေးကို စစ်ဘောင်လျှော့ချလိုက်သည့်သဘော ဖြစ်ရာ၊ ဤဖြစ်စဉ်ကြီးကို တပ်မတော်ကိုယ်တိုင်က နားလည်မှုရှိရှိ ထောက်ခံအားပေးဖို့လိုပါသည်။ ဤသို့ ထောက်ခံအားပေးနေသရွေ့ မြန်မာ့နိုင်ငံရေးမှာ Demilitarization ဖြစ်စဉ်ထဲ ရောက်နေပြီဟု ယူဆနိုင်စရာရှိပါသည်။

(ဃ) အပစ်အခတ်ရပ်ဆဲရေး/ယုံကြည်မှုတည်ဆောက်ရေး

တစ်ဘက်နှင့်တစ်ဘက်၊ စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ကြသည်မှာ၊ ယုံကြည်မှုပြိုကွဲခြင်း၏ အဆုံး စွန်လက္ခဏာပင်ဖြစ်သည်။ စစ်ပွဲဖြင့် ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်သည်မျိုး- သမိုင်းတွင်၊ တစ်ခါမှ မရှိခဲ့ဖူးပါ။ ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ဖို့ဆိုလျင်၊ စစ်ပွဲတွေရပ်ဖို့လိုပါသည်။ အနိမ့် ဆုံးအားဖြင့် အပစ်အခတ်ရပ်ဆဲကြဖို့လိုပါသည်။ တစ်ဘက်နှင့်တစ်ဘက်သံသယများရှိနေကြသည့် အခြေအနေတွင်၊ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှုရဖို့ ခက်ခဲနိုင်သည်ကို သဘောပေါက်ပါ သည်။ သို့တစေ ဆက်လက်တိုက်ခိုက်နေကြမည်ဆိုလျင် ရှိပြီးသံသယတွေ လျှော့ပါးမသွားရုံမျှမက၊ ပို၍သာ ဆိုးဝါးလာဖို့များပါသည်။ အပစ်အခတ်ရပ်ဆဲရေးမှာ၊ မူပိုင်းဆိုင်ရာ ပြဿနာမဟုတ်ဘဲ၊ နည်း နာကိစ္စသာဖြစ်လေရာ၊ သိပ်တင်းခံမနေကြဖို့ အင်အားစု အသီးသီးကို မေတ္တာရပ်ခံလိုပါသည်။


၅။ ထင်မြင်ချက်အချို့

ရှေ့ပိုင်းတွင်ဆိုခဲ့ပြီးသည့်အတိုင်း၊ တိုင်းရင်းသားလူမျိုးများအရေးနှင့်ပတ်သက်လျင် သဘောတ ရားရေးအရှုပ်အထွေးများရှိသလို၊ စကားလုံးတစ္ဆေခြောက်မှုများလည်းရှိနေဆဲဖြစ်ပါသည်။ ဤသို့ဆို လျင်၊ ဘာလုပ်ကြမည်နည်း။ ရေရှည်တည်တန့်ခိုင်မြဲမည့် ပြည်ထာင်စုကြီးဖြစ်ပေါ်လာစေရန် ဘယ် လိုစနစ်၊ ဘယ်လို ပုံသဏ္ဍန်ဖြင့်စုစည်းကြမည်နည်း။ ပွင့်ပွင့်လင်းလင်းဝန်ခံရလျင်၊ အဆိုပါမေးခွန်းအ တွက်၊ စာရေးသူတွင်၊ တိတိပပအဖြေရှိသည်မဟုတ်ပါ။ အစိုးရရော၊ လူမျိုးစုအဖွဲ့အစည်းအသီးသီး ရှိပေါ်လစီမိတ်ကာများထည့်သွင်းစဉ်းစားနိုင်စေရန်၊ စာရေးသူဖတ်ဖူးသော အယူအဆတစ်ခုကိုသာ တင်ပြလိုပါသည်။ ခေတ်ပြိုင်ပညာရှင်တစ်ဦးဖြစ်သူ ‘လာရီဒိုင်းမွန်း’ ၏ အယူအဆဖြစ်ပါသည်။ ဤအယူအဆမှာလည်း- မြန်မာပြည်အတွက်၊ တစ်ခုတည်းသော အဖြေမှန်ဟု ဆုလိုသည်မဟုတ်ပါ။ မြန်မာ့ပကတိအရှိနှင့် ပေါင်းစပ်ကျင့်သုံးဖို့ဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစားကြဖို့တင်ပြရခြင်းသာဖြစ်ပါသည်။ အကယ်၍ အဆိုပါ အယူအဆကို၊ မြန်မာ့ပကတိအရှိနှင့် ပေါင်းစပ်ကျင့်သုံးတော့မည်ဆိုလျင် အသေး စိတ်ညှိနှိုင်း အဖြေရှာကြရမည့် ‘အာဂျင်ဒါ’ များလည်း မလွဲမသွေရှိပါလိမ့်ဦးမည်။ ဤ အာဂျင်ဒါ- များ ကိုလည်း စာရေးသူဥာဏ်မီသမျှတင်ပြအပ်ပါသည်။ ဆိုခဲ့ပါအတိုင်းညှိနှိုင်းအဖြေရှာကြရာတွင်၊ ပါဝင် ပတ်သက်သူတိုင်း၊ ထားရှိသင့်သည်ဟု၊ စာရေးသူမြင်သော၊ သဘောထားများကိုလည်း ဖော်ပြလိုက် ပါသည်။ အချုပ်ဆိုရလျင်- ‘စာရေးသူ၏ထင်မြင်ချက်အချို့’ ဆိုပါစို့ … ။

(က) လာရီဒိုင်းမွန်း၏အဆို
(Nation State/State Nation)

စတင်းဖို့(ဒ်) တက္ကသိုလ်မှ ပါမောက္ခလာရီဒိုင်းမွန်းက၊ မြန်မာနိုင်ငံလို၊ လူမျိုးစု တစ်ရာကျော် မှီတင်းနေထိုင်ကြသော၊ တိုင်းပြည်မျိုးအတွက်၊ သမားရိုးကျ Nation State ဆိုသည်ထက်၊ State Nation ပုံစံစုဖွဲ့မှုမျိုးက၊ ပို၍ရေရှည်တည်တန့်ခိုင်မြဲစရာရှိသည်ဟု အဆိုပြုပါသည်။ (The Need for a Political Pact- by Larry Diamond, Journal of Democracy Volume 23.2012)

Nation State ကို ‘အမျိုးသားနိုင်ငံ’ ဟူ၍ ဘာသာပြန်ရှိပြီး ဖြစ်ပါသည်။ ရေဘူယျအားဖြင့် အမျိုး သားတစ်ခု၊ လူမျိုးတစ်မျိုးက ဦးဆောင်သော နိုင်ငံတော်ပုံသဏ္ဍန်ပင်ဖြစ်သည်။ State Nation ကား ဤသို့မဟုတ်။ တစ်ခုမကသော အမျိုးသားများ၊ တစ်နည်းလူမျိုးပေါင်းစုံဖြင့် စုဖွဲ့ထားသော၊ နိုင်ငံတော်ပုံသဏ္ဍန်ဖြစ်သည်။ လာရီဒိုင်းမွန်း၏ ဖွင့်ဆိုချက်ကို အရင်းအတိုင်းဖော်ပြရလျင် “a state made up of many nationality groups in which the central state nonetheless still manages to engender strong identification and loyalty from (its) citizens”

ဤစာပိုဒ်ကိုပင်၊ အတတ်နိုင်ဆုံး- အတိအကျဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။ “တစ်မျိုးမက သော၊ လူမျိုးစုအုပ်စုများစွာဖြင့်၊ စုဖွဲ့ထားသော နိုင်ငံတော်တစ်ရပ်ဖြစ်ပါသည်။ သို့တစေ၊ နိုင်ငံသား အားလုံး (လူမျိုးစုအားလုံး) ၏သစ္စာခံမှုနှင့် ခိုင်မာသော ကိုယ်စားပြုမှုကို ဖန်တီးနိုင်ရန် ဗဟိုအစိုးရ ကပင် စီမံခန့်ခွဲရမည်ဖြစ်ပေသည်။”

အဆိုပါ State Nation စုဖွဲ့မှုတွင်၊ လူမျိုးတစ်ခုတည်း၏ အမှတ်အသားသရုပ် (single identity) ဖြင့်သွားလို့မဖြစ်။ လူမျိုးစုအားလုံးကို ကိုယ်စားပြုမည့် ‘ဗဟုသဘောဆောင်သည့်တိုင်၊ သဟဇာတမျှ သည့် အမှတ်အသားသရုပ်များ’ (multiple but complementary identities) ကို သိမှတ်လက်ခံရ မည်ဟု ဆိုသည်။ ဗဟိုအစိုးရတစ်ခုတည်းက၊ လုပ်ပိုင်ခွင့်အာဏာကို ချုပ်ကိုင်ထားရမည်မဟုတ်ဘဲ၊ အရေးကြီးသည့် လုပ်ပိုင်ခွင့်အချို့ကို ဗဟိုမှ ဒေသသို့ခွဲဝေပေးဖို့လိုလိမ့်မည်။ (devolution of power) ဟုလည်း ဆိုပါသည်။ တစ်ပြိုင်နက်တည်းမှာပင်- ဒေသအာဏာပိုင်များအနေနှင့်လည်း ‘ခွဲထွက်ရေး’ ဆိုသည်ကိုရာသက်ပန်စွန့်လွှတ်ဖို့လိုလိမ့်မည်ဟု ဖွင့်ဆိုရှင်းပြပါသည်။

စာရေးသူနားလည်သလောက်ဆိုရလျင်၊ ပါမောက္ခလာရီ၏ State Nation ဖွင့်ဆိုချက်မှာ၊ ဆိုဗီ ယက်ပုံစံ ‘ခွဲထွက်ရေးအပါအဝင်ကိုယ်ပိုင်ပြဌာန်းခွင့်’ နှင့်မတူပါ။ သို့တစေ ခွဲထွက်ရေးမှအပဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်သဘောများကားပါရှိပြီးဖြစ်သည်။ သို့တိုင်အောင် ပါမောက္ခလာရီက သူ၏ ဖွင့်ဆို ချက်တွင် ‘ကိုယ်ပိုင်ပြဌာန်းခွင့်’ (self-determination) ဆိုသော ဝေါဟာရကိုမူမသုံး။ ‘ပိုမိုကျယ်ပြန့် သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်’ (more autonomy) ဟူ၍သာသုံးသည်။ သို့အတွက် တရုတ်ပုံစံကညွှန်း သော ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့် ထက်၊ ပိုမြင့်သည်ဟု နားလည်ရပါသည်။’ (တရုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့် မှာ၊ လုပ်ပိုင်ခွင့်သဘောထက်၊ ပုဂ္ဂိုလ်သဘောဆောင်သည်။ ဥပမာ တရုတ်ကွန်မြူနစ်ပါတီမကြိုက် သော၊ ဒလိုင်းလားမားကိုပယ်၍၊ သူတို့လိုလားသော ပန်ချင်လားမားကိုသာ ခွင့်ပြုသလိုမျိုး။) တစ် ပြိုင်နက်တည်းမှာပင် အမေရိကန်ပုံစံလို၊ Bill of rights တစ်ခုတည်းနှင့်ဆွဲစုထားသည်လည်း မဟုတ်ပါ။ မြန်မာ့ ရေ-မြေ နှင့် ပိုနီးလေမည်လား စဉ်းစားမိသည်။ ထို့ထက်- ယူနီယံ၊ ဖက်ဒရယ် ပညတ်များကို ရှေ့တင်မထား၍၊ စကားလုံတစ္ဆေများကိုလည်း၊ ရှောင်နိုင်စရာရှိလိမ့်မည်ထင်သည်။

(ခ) အာဂျင်ဒါများ
(ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဇယား ၁၊၂၊ ၃)

လက်တွေ့အကောင်အထည်ဖော်ကြရမည့် အပိုင်းတွင်မူ အသေးစိတ်ညှိနှိုင်းအဖြေရှာစရာများ၊ မနည်းမနောရှိပါလိမ့်မည်။ ဤနေရာတွင်၊ ဗဟိုအစိုးရ (ပြည်တောင်စုအစိုးရ) နှင့်ဒေသအစိုးရ (တိုင်းဒေသကြီး/ပြည်နယ်အစိုးရ) တို့ကြား၊ မည်သို့မည်ပုံ လုပ်ပိုင်ခွင့်များ ခွဲဝေသတ်မှတ်ကြမည်ဆို သော ပြဿနာမှာ သော့ချက်အကျဆုံးဖြစ်ဖွယ် ရှိပါသည်။ ဤကိစ္စနှင့် ပတ်သက်လျင်၊ လက်ရှိ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဇယား ၁၊ ၂၊ နှင့် ၃ တို့တွင် တရားဝင် ဖော်ပြပြီးဖြစ်ပါသည်။ ဤသည်ပင် အစိုးရ၏ ရပ်တည်ချက်ဟု ယူဆရပါသည်။ တစ်နည်း၊ ပေးထားချက်ဟု နားလည်ရပါ သည်။ အဆိုပါပေးထားချက်များ (ဇယား ၁၊ ၂၊ ၃ - ပါ ပြဌာန်းချက်များ) ကိုအခြေခံပြီး၊ လူမျိုးစုများ၏ လိုလားချက်များကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ဆွေးနွေးကြလျင်၊ နှစ်ဘက်လက်ခံနိုင်မည့် ‘ကြားအ ဖြေ’ တစ်ခု ရလိမ့်မည်ဟု မျှော်လင့်ရပါသည်။

ဤသို့ဆွေးနွေးကြရာတွင် ရေဘူယျအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစသဖြင့် ဘက် ပေါင်းစုံ အာဂျင်ဒါများ ရှိပါလိမ့်မည်။ စာရေးသူစဉ်းစားမိသလောက်ဆိုရလျင် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းအားလုံးက ခွဲထွက်ရေးကို စွန့်လွှတ်ပြီးဖြစ်၍၊ နိုင်ငံရေးအာဂျင်ဒါတွင် တင်းတင်းမာမာ ဖြစ်စရာမရှိလှဟု ထင်ပါသည်။ ယဉ်ကျေးမှုအာဂျင်ဒါမှာလည်း၊ အနည်းငယ်မျှ သဘောထားကြီးရုံနှင့် အဖြေရနိုင်စရာရှိလိမ့်မည်ဟု သဘောရပါသည်။ စိတ်ရှည်လက်ရှည် ညှိနှိုင်း ဆွေးနွေးကြရမည်မှာ၊ စီးပွားရေးအာဂျင်ဒါတွင်ရှိလိမ့်မည်ထင်သည်။ အထူးသဖြင့် ‘အရင်းအမြစ်များ ခွဲဝေသုံးစွဲမှု’ (Resource allocation) ဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတအရင်းအမြစ်အ များစုမှာ၊ လူမျိုးစုများ အများဆုံးနေထိုင်ရာနယ်စပ်ဒေသများတွင် တည်ရှိနေရာ၊ ဤကိစ္စပြေလည် အောင် မဖြေရှင်းနိုင်လျင် ရေရှည်ခံမည့် ငြိမ်းချမ်းရေးဖြစ်ဖို့လွယ်မည်မထင်ပါ။ ခေတ်ပြိုင်ပညာရှင် တစ်ဦးဖြစ်သူ၊ ‘ပေါ(လ)ကိုလီယာ’ ၏ “အရင်းအမြစ်ခွဲဝေသုံးစွဲမှု ပြဿနာကြောင့် ပြည်တွင်းစစ်များ ဖြစ်တတ်သလို၊ ရှိပြီးပြည်တွင်းစစ်များကိုလည်း တာရှည်စေတတ်သည်” ဆိုသော သတိပေးချက်ကို အလေးအနက်စဉ်းစားကြဖို့ဖြစ်ပါသည်။

ဤနေရာတွင်၊ အထူးသတိချပ်ကြစေချင်သည်မှာ၊ ‘အန္တရာယ်အစွန်းများကို၊ သတိကြီးကြီးဖြင့် ရှောင်နိုင်ကြဖို့ဖြစ်ပါသည်။’ အထက်တစ်နေရာတွင်၊ ဆိုခဲ့ပြီးသည့်အတိုင်း၊ ဗဟိုအစိုးရလုပ်ပိုင်ခွင့်ကို အလွန်အကျွံ ချိန်ခွင်လျှာတင်းလိုက်လျင် တစ်ပြည်တောင်စနစ် ဖြစ်သွားနိုင်ပါသည်။ အလားတူ၊ ဒေသအစိုးရလုပ်ပိုင်ခွင့်လိုအပ်သည်ထက်များသွားပါကလည်း၊ ဖက်ဒရေးရှင်းကိုကျော်၍ ကွန်ဖက် ဒရေးရှင်းသို့ ဦးတည်သွားနိုင်သည်ကို အထူးဂရုဓမ္မထားကြဖို့ဖြစ်သည်။ အင်အားစုအားလုံးလက်ခံ ပြီးဖြစ်သော၊ ဘုံတူညီချက် (ပင်လုံစိတ်ဓာတ်) ဖြင့် အဆိုပါအစွန်းနှစ်ဘက်ကို ရှောင်နိုင်မှသာ၊ အများ ညီ ကြားအဖြေ တစ်ခု ထွက်ပေါ်နိုင်စရာရှိပါသည်။

(ဂ) သဘောထားများ
 (စာရေးသူ၏အတ္တနောမတိ)

၁။ ‘စစ်ပွဲသည်အဖြေမဟုတ်’ ဆိုသည်ကို၊ အင်အားစုအားလုံး နက်နက်ရှိုင်းရှိုင်းခံယူထားစေလိုသည်။ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားလူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လွတ်လပ်ပျော်ရွှင်မှုကို သာမက၊ တိုင်းပြည်၏ ကံကြမ္မာကိုပါ၊ စတေးခဲ့ရသည်မှာ၊ သမိုင်းသက်သေပင်ဖြစ်သည်။ သို့အတွက်၊ မည်သို့သော အခက်အခဲနှင့် မပြေလည်မှုများကြုံရသည်ဖြစ်စေ၊ စစ်ပွဲဖြင့်ဖြေရှင်းသည့်နည်းကို၊ အပြီးအပြတ်စွန့်လွှတ်ကြစေချင်သည်။

၂။ ပြည်တွင်းစစ်-ဆိုသည်မှာ၊ ညီအကိုချင်းစစ်ခင်းကြရသည်ဖြစ်ရာ၊ အရှုံးအနိုင်ပေါ်စေသော၊ ‘အကြွင်းသုညဂိမ်း’ (Zero-sum-game) မျိုး မဖြစ်သင့်ပါ။ မည်သည့်ဘက်က ရှုံးသည်ဖြစ်စေ၊ တိုင်းရင်းသားအားလုံး၏အရှုံး၊ တိုင်းပြည်၏အရှုံးပင်ဖြစ်သည်။ သို့အတွက်၊ ‘အကြွင်းသုည မဟုတ် သည့်ဂိမ်း’ (Non-zero-sum-game) ပို၍တိတိကျကျဆိုရလျင်- ‘နှစ်ဘက်လုံးအနိုင်ရစေမည့်ဖြေရှင်း နည်း’ (win-win solution) ဖြစ်ဖို့လိုပါသည်။

ဤသို့ဖြစ်ဖို့ဆိုလျင် ဘက်အသီးသီးအနေနှင့်၊ မိမိတို့နှစ်သက်ရာ “မျှော်လင့်တန်ဖိုးများ” (expected values) ကို အသေကိုင်ထား၍ မဖြစ်ပါ။ “လက်ရှိအခြေအနေထက်ပိုကောင်း” (better- off) လျင်ပင် မဆိုးလှဟု နှလုံးသွင်းပြီး၊ အပြန်အလှန် အပေးအယူလုပ်ကာ၊ ‘ကြားအဖြေ’ (compromise) တစ်ခုရှာကြရမည် ဖြစ်ပါသည်။ ဤသဘောထားမျိုး၊ အင်အားစုတိုင်းတွင် ရှိစေချင် ပါသည်။

၃။ သဘောကွဲလွဲမှုတစ်ခုခုကို၊ ညှိနှိုင်းအဖြေရှာကြရာတွင်၊ တစ်ကြိမ်နှင့်မရလျင်၊ အကြိမ်ကြိမ်အထပ် ထပ်ဆွေးနွေးကြမည်ဆိုသော၊ သဘောထားမျိုး၊ အာလုံးတွင်ရှိစေချင်သည်။ အကြိမ်ကြိမ်ညှိနှိုင်း သည့်တိုင်၊ အဖြေမရပါက၊ ကွဲလွဲချက်အတိုင်းအသာထားပြီး၊ ရရှိပြီး ‘ဘုံတူညီချက်များ’ (common ground)  ကိုပူးတွဲအကောင်အထည်ဖော်ကြရင်း အပြန်အလှန်ယုံကြည်မှုတည်ဆောက်ကြရပါလိမ့် မည်။ ပိုမိုအားကောင်းသောယုံကြည်မှုဖြင့်၊ နောက်တစ်ကြိမ် ဆွေးနွေးကြလျင်၊ နှစ်ဘက်အမြင် ပိုနီးလာနိုင်စရာရှိပါလိမ့်မည်။ ဤသဘောထားဖြင့်၊ အင်အားစု အားလုံး ဆွေးနွေးပွဲစားပွဲဝိုင်းတွင်၊ ခြေမြဲလက်မြဲရှိစေချင်သည်။

စာရေးသူအနေနှင့် အများကြီး မတောင်းဆိုပါ။ ဆိုခဲ့ပါ သဘောထားသုံးရပ်ကိုတော့၊ ခေါင်း ဆောင်အားလုံးတွင် ရှိစေချင်သည်။ စာရေးသူ၏ အတ္တနောမတိ သက်သက်ဖြစ်ပါသည်။

  • ပန်ကြားချက်

ယခုစာစုကို၊ မေတ္တာရပ်ခံပန်ကြားချက်ဖြင့် နိဂုံချုပ်ပါမည်။

စာရေးသူ၏ အသက် ၆၁ နှစ်ပြည့်ပါတော့မည်။ မြန်မာနိုင်ငံလူ့သက်တမ်းအရဆိုလျင်၊ သိပ်ကြာ ကြာနေရတော့မည်မထင်ပါ။ စာရေးသူတို့ နိုင်ငံကို၊ ဒုက္ခပင်လယ်ဝေစေခဲ့သော ပြည်တွင်းစစ်ကြီးဆို လျင်၊ စာရေးသူထက်ပင်၊ အသက်ကြီးပါသေးသည်။ စာရေးသူမမွေးခင်ကတည်းက လောင်မြိုက်နေ ခဲ့သော ပြည်တွင်းစစ်မီးကို၊ စာရေးသူသက်တမ်းအတွင်း အပြီးအပြတ်ငြိမ်းစေချင်ပါပြီ။ ဤသည်မှာ တစ်ဦးတစ်ယောက်တည်း၏ ဆန္ဒမဟုတ်ပါ။ စာရေးသူတို့ မျိုးဆက်တစ်ခုလုံး၏ တစ်သက်တာအိပ် မက်ဖြစ်ပါသည်။ နောင်အနာဂတ် မျိုးဆက်များအတွက် မျှော်လင့်ချက်လည်းဖြစ်ပါသည်။

ဤအိပ်မက်နှင့်ဤမျှော်လင့်ချက်ကို လက်တွေ့အကောင်အထည်ဖော်ပေးကြပါ- ဟု၊ အင်အား စုအသီးသီးမှ၊ ခေါင်းဆောင်အားလုံးကို မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။


ကျော်ဝင်း
၁၁၊ ဇန်နဝါရီ ၂၀၁၃

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...