Ads (728x90)


ရီယိုအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်ဘရာဇီးအသင်းသည် အီရတ်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်အတွက် ပရိသတ်များ၏လှောင်ပြောင်ခြင်းကိုခံခဲ့ရသည်။
အိုလံပစ်ရွှေတံဆိပ်ဆုကို တစ်ကြိမ်မှ မရခဲ့ဖူးသည့် ဘရာဇီးအသင်းသည် အိမ်ရှင်အားဖြင့် ယခုနှစ်တွင် ရွှေတံဆိပ်ရယူရန် အသေအချာပြင်ဆင်ထားသော်လည်း အုပ်စုအဖွင့်ပွဲစဉ်တွင် တောင်အာဖရိကအသင်းနှင့် ဂိုးမရှိသရေကျခဲ့ရသလို ယခုဒုတိယပွဲတွင် သရေထပ်ကျခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ဘရာဇီးအသင်းသည် ရမှတ် ၂ မှတ်ဖြင့် ဒိန်းမတ်အသင်း၏နောက် အုပ်စုဒုတိယနေရာတွင် ရပ်တည်နေသည်။ လက်ရှိတွင် ဒိန်းမတ်က လေးမှတ်၊ ဘရာဇီးက နှစ်မှတ်၊ အီရတ်က နှစ်မှတ်၊ တောင်အာဖရိကအသင်းက တစ်မှတ် ရရှိထားသည့်အတွက် ဘရာဇီးအသင်းအနေဖြင့် နောက်တစ်ဆင့်တက်ရန် ဒိန်းမတ်ကို မဖြစ်မနေ အနိုင်ကစားရမည်ဖြစ်သည်။
နေမာဦးဆောင်သည့် ဘရာဇီးအသင်းသည် အီရတ်အသင်းဘက်ကို ဂိုးသွင်းနိုင်ခဲ့သော်လည်း လူကျွံဘောသတ်မှတ်ခံခဲ့ရပြီး ဂိုးတိုင်ထိခဲ့သည့် ကန်ချက်များကြောင့် ဂိုးမရခဲ့ဘဲ သရေသာ ကျခဲ့ခြင်းဖြစ်သည်။
ဘရာဇီးနည်းပြ ရိုဂီရီယိုမီကာလီက သူတို့အသင်းအကောင်းဆုံးမကစားနိုင်ခဲ့ဘဲ ဘရာဇီးပရိသတ်များကို စိတ်ပျက်စေခဲ့သည့်အတွက် တောင်းပန်စကားဆိုသွားခဲ့သည်။
အီရတ်နည်းပြ အယ်ဟာဇာလီကတော့ ဘရာဇီးအသင်းကို ဘရာဇီးနိုင်ငံတွင် သရေကစားနိုင်ခဲ့သည့် ထိုနေ့သည် အီရတ်ဘောလုံးလောကအတွက် သမိုင်းဝင်နေ့ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မူရင်းတင်ထားသည့်နေရာ =>

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...