Ads (728x90)



ကမ္ဘာ့ဖလားတွင် အင်္ဂလန်ကို နှစ်ဂိုးသွင်းကာ ဥရုဂွေးအသင်း အနိုင်ရအောင် ကူညီပေးခဲ့ပြီးနောက် လူးဝစ်ဆွာရက်ဇ်က အဆုံးစွန်သော လက်စားချေမှုအတွက် မိမိအိပ်မက် အမှန်တကယ် အသက်ဝင် ဖြစ်မြောက်လာပြီဟု ပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် ကမ္ဘာ့ဖလား အကြိုတွင် ဒဏ်ရာခွဲစိတ်မှုတစ်ရပ် ခံယူခဲ့ရသဖြင့် အနားယူနေခဲ့ရပြီး ကော်စတာရီကာကို အရေးနိမ့်သည့် အုပ်စုအဖွင့် ပွဲစဉ်တွင်လည်း မပါဝင်နိုင်ခဲ့ချေ။ အင်္ဂလန်နှင့်ပွဲတွင် ၎င်းစတင် ပါဝင်လာပြီး ကိုယ်တိုင် ဂိုးများသွင်းကာ ဥရုဂွေးကို (၂-၁)ဖြင့် အနိုင်ရစေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အင်္ဂလန်သည် ကမ္ဘာ့ဖလား အုပ်စုအဆင့်မှ ထွက်ခွာရရန် အခြေအနေ အလွန်များသွားပြီဖြစ်ပြီး ဥရုဂွေးကမူ ရှုံးထွက်အဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်များ တစ်ကျော့ပြန် ရှင်သန်လာခဲ့သည်။

ဆွာရက်ဇ်သည် အင်္ဂလန်ကလပ် လီဗာပူးလ်တွင် ကစားနေစဉ်က ၎င်း၏ အပြုအမူပိုင်းအတွက် အင်္ဂလန် မီဒီယာများ၏ ပြင်းထန်သော ထိုးနှက် ဝေဖန်မှုများကို ကြုံခဲ့ရသူ ဖြစ်သည်။ အဆိုပါ နာကျင်စရာ အတွေ့အကြုံများကို ယခုအခါ အဆုံးစွန် တုံ့ပြန် ပေးဆပ်လိုက်ပြီဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။

“ဒါမျိုးကို ကျွန်တော် အိပ်မက်နေခဲ့တာ။ ကျွန်တော် ဒီလိုအခိုက်အတန့်မှာ အရမ်းပျော်ရွှင်နေမိတယ်။ ကျွန်တော် ထိခိုက်နာကျင်ခဲ့ရသမျှ အားလုံးအတွက်၊ ကျွန်တော့်ကို ဝေဖန်ရှုတ်ချခဲ့သမျှ အားလုံးအတွက် ကျွန်တော်ခုလို ပြန်တုံ့ပြန်နိုင်ခဲ့တာကို သိပ်ပျော်တယ်”ဟု ဆွာရက်ဇ်က ဆိုသည်။

၎င်းက “ဒီပွဲမတိုင်ခင်မှာ အင်္ဂလန်က လူတော်တော်များများဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတချို့က ကျွန်တော့် အပြုအမူတွေကို ပြန်ပြောပြီး လှောင်ပြောင် ရယ်သွမ်းသွေးခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ တကယ့် အချိန်ကောင်းပါပဲ။ အခုချိန်မှာ အဲဒီလူတွေစိတ်ထဲ ဘယ်လိုတွေးနေမလဲ ဆိုတာကို ကျွန်တော် သွားကြည့်ချင်လိုက်တာ”ဟုလည်း ပြောကြားခဲ့သည်။

ဆွာရက်ဇ်က “ကျွန်တော် ကစားဖူးသမျှ ဒီပွဲဟာ အကောင်းဆုံး အမှတ်တရ ပွဲတစ်ပွဲပါပဲ။ ကျွန်တော့်အတွက် အံ့မခန်း အတွေ့အကြုံမျိုးနဲ့ အခိုက်အတန့် တစ်ခုလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကဆို ဒီအခြေအနေမျိုးကို ကျွန်တော် စိတ်ကူးမျှော်လင့်နိုင်ခဲ့မှာ မဟုတ်ဘူး”ဟုလည်း ဝန်ခံခဲ့သည်။

ဆွာရက်ဇ်က ပွဲအပြီးတွင် ၎င်းသည် အင်္ဂလန် အသင်းမှ လီဗာပူးလ် အသင်းဖော် စတီဗင် ဂျရတ်ကို အားပေးခဲ့ကြောင်းလည်း ဆိုသည်။
“ကျွန်တော် စတီဗင်ဂျရတ်ကို ရှေ့ဆက် အားတင်းထားဖို့ ပြောခဲ့ပါတယ်။ သူဟာ ကျွန်တော် တွဲကစားဖူးသမျှ အကောင်းဆုံး ဘောလုံးသမားလည်း ဖြစ်ပါတယ်။ အခုချိန်ကတော့ သူ့အတွက် ကံမကောင်းဘူးပေါ့။ သူအရမ်းထိခိုက် နာကျင်နေတာကို မြင်ရတော့ ကျွန်တော် မပျော်ပါဘူး။ ရှေ့ဆက် ကြိုးစားဖို့ သူ့ကိုကျွန်တော် ပြောခဲ့ပါတယ်။ ဒီပွဲကို မေ့လိုက်ဖို့နဲ့ သူဟာ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်တယ် ဆိုတာကိုလည်း ကျွန်တော် ပြောခဲ့ပါသေးတယ်”ဟု ဆွာရက်ဇ်က ပြောကြားသွားသည်။

7daydaily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...