တစ်ရပ်ကွက်တည်းတွင်နေ သူငယ်ချင်း နှစ်ဦးစကားပြောနေစဉ် အရက်မူးပြီး ပြန်လာသည့် လူနှစ်ဦးက မချေမငံ စနောက်ရာမှ စကားများ ရန်ဖြစ်ခဲ့ကြပြီး ရှစ်လက်မခန့်ရှည်သည့် ၀က်အူလှည့်ဖြင့် အချက်ပေါင်း များစွာထိုးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန် ၁၇ ရက်၊ ည ၇ နာရီဝန်းကျင်က ကြည့်မြင်တိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်ပွားပုံမှာ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်း ရပ်ကွက်အတွင်းနေထိုင်သည့် မျိုးမင်းဦးနှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူ အဖိုးကြီး(ခ)၀င်းနွယ်တို့ စကားပြောနေစဉ် ကျော်ကြီး(ခ)ကျော်ကျော်နှင့် မျိုးလေး (ခ) မျိုးသန့်တို့နှစ်ဦးသည် အရက်မူးပြီး ရောက်ရှိလာကာ စနောက်ရာမှ စကားများရန်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းသို့ စကားများရန်ဖြစ်ခဲ့ကြပြီး အရက်မူးနေသည့် ကျော်ကြီး (ခ) ကျော်ကျော်က ရှစ်လက်မခန့်ရှိသည့် ၀က်အူလှည့်ဖြင့် မျိုးမင်းဦးကို ငါးချက်ခန့်ထိုးခဲ့ပြီး အဖိုးကြီး(ခ)၀င်းနွယ်၏မျက်နှာကို တစ်ချက်ထိုးခဲ့ကာ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ယင်းသို့ ၀က်အူလှည့်ဖြင့် ထိုးခံရသည့် မျိုးမင်းဦးတွင် ၀ဲနားထင် စုတ်ပြဲဒဏ်ရာ တစ်ချက်၊ ရင်ညွန့်တွင် ထိုး သွင်းဒဏ်ရာ သုံးချက်၊ ၀မ်းဗိုက်ချက်တိုင်တွင် ထိုးသွင်း ဒဏ်ရာတစ်ချက်၊ နောက်ကျောဘက်တွင် ထိုးသွင်း ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး အဖိုးကြီး (ခ)၀င်းနွယ်၏ ၀ဲပါးရိုးတွင် ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားသော်လည်း မျိုးမင်းဦးမှာ အသက်အန်္တရာယ်စိုးရိမ်ရသည့် အခြေ အနေတွင်ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ၀က်အူလှည့်ဖြင့် အချက်ပေါင်းများစွာ ထိုးနှက်ခဲ့သည့် ကျော်ကြီး(ခ)ကျော် ကျော်နှင့် မျိုးလေး (ခ)မျိုးသန့်တို့ကို အရေးယူပေးပါရန် မျိုးမင်းဦး၏မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်ဆွေ၏ တရားလို ပြုတိုင်တန်းချက်ကို စက်ဆန်းနယ် မြေရဲစခန်းက (ပ)၁၅၇/၂၀၁၄၊ ပြစ်မှုပုဒ် မ-၃၂၆ ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူများကို စုံစမ်းလျက် ရှိသည်။
Mizzima Burmese


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။