လူတစ်ရပ်ကျော်မျှ ကြီးမားသည့် မိကျောင်းကြီးများနှင့် ရေကူးရင်း နပန်းလုံးရမည့် ကိစ္စမျိုးမှာ သာမန်လူများအတွက် စိတ်ကူးကြည့်လျှင်ပင် ကျောချမ်းရမည့် အခြေအနေမျိုး ဖြစ်နိုင်သည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ မိကျောင်းကယ်တင်ရေး စခန်းတစ်ခုမှ သတ္တိခဲ အမျိုးသား၊ အမျိုးသမီးများ အတွက်ကမူ ယင်းကိစ္စသည် နိစ္စဓူဝ ဖြတ်သန်းနေကျ သမားရိုးကျ အလုပ်တစ်ခုသာ ဖြစ်သည်။
ဖလော်ရီဒါရှိ အဲဗားဂလိတ်စ် ရွှံ့နွံတောကြီးများတွင် မိကျောင်းခေါင်းတို (Alligator)ကြီးများ သဘာဝအတိုင်း ကျက်စားနေထိုင်လျှက် ရှိသည်။ သို့သော်လည်း မျက်စိလည် လမ်းမှားပြီး လူအများကို အနှောင့်အယှက် ဖြစ်လာနိုင်သည့် အခြေအနေမျိုး မကြာခဏ ကြုံရတတ်ပြီး ထိုအချိန်တွင် ၎င်းတို့ကို တရားဝင် သတ်ဖြတ်ခွင့် ပြုထားသည်။
ခရစ္စတိုဖာ ဂီလီယတ်နှင့် ၎င်း၏ ဝန်ထမ်းအမျိုးသမီး အက်ရှ်လေ လောရင့်စ်တို့သည် ထိုကဲ့သို့ အကျပ်အတည်း ကြုံတွေ့ရသည့် မိကျောင်းများကို အစွမ်းရှိသလောက် ကယ်တင်စောင့်ရှောက်ထားရန် ဆုံးဖြတ်ခဲ့သည်။ ဟုမ်းစတက်ဒ် မြို့လေးတွင် ဂီလီယတ်တို့ နှစ်ဦးက မိကျောင်းမွေးမြူရေး စခန်းတစ်ခုကို တည်ထောင်ပြီး မျက်စိလည် လမ်းမှားနေသည့် မိကျောင်းများကို တစ်နှစ်လျှင် ပျမ်းမျှကောင်ရေ (၂၀၀)မျှထိ ခေါ်ယူစောင့်ရှောက် ထားလေ့ရှိသည်။
သို့သော်လည်း ထိုမျှထိ များပြားသော မိကျောင်းများကို နေ့စဉ်ပုံမှန် အစာရေစာ ကျွေးမွေးရန် ဆိုသည်မှာ ဂီလီယတ်တို့အတွက် အခက်အခဲ ဖြစ်လာသည်။ ထို့ကြောင့်လည်း ၎င်းတို့နှစ်ဦးက ပေ(၅၀)မျှ ကျယ်ဝန်းသည့် ကန်ထဲသို့ ခုန်ဆင်းကာ မိကျောင်းများနှင့် ဖက်လှဲတကင်း နေထိုင်ခြင်း၊ နပန်းလုံးပြခြင်းတို့ဖြင့် လူအများကို ဖျော်ဖြေကာ ဝင်ငွေရှာဖွေခဲ့သည်။
မီယာမီမှ ဓာတ်ပုံဆရာ ဂျွန်ချာပါသည် ဂီလီယတ်တို့၏ ဖိတ်ကြားမှုဖြင့် အဆိုပါ ဖျော်ဖြေမှု အစီအစဉ်ကို ဓာတ်ပုံသွားရောက် ရိုက်ကူးခွင့် ရခဲ့သည်။ ၎င်းသည် ဂီလီယတ်၏ အာမခံချက်ဖြင့် ရေကန်ထဲထိဆင်းကာ မိကျောင်းများ၏ လှုပ်ရှားပုံကို အနီးကပ် မှတ်တမ်းတင်ခဲ့သည်။
“တကယ်တော့ ဂီလီယတ်နဲ့ လောရင့်စ်တို့က မိကျောင်းတွေကို သတ်ဖြတ်ခံရမယ့် အခြေအနေတွေကနေ ကယ်တင်ပေးနေတာပါ။ ဖလော်ရီဒါမှာ အိမ်တစ်အိမ်ရဲ့ နောက်ဖေးမှာ မိကျောင်းတစ်ကောင်ကောင် မြင်လိုက်တာနဲ့ လူတွေကို အနှောင့်အယှက် အန္တရာယ် ပေးနိုင်တယ်လို့ သတ်မှတ်ခံလိုက်ရနိုင်တယ်လေ”ဟု ချာပါက ဆိုသည်။
သဘာဝ သားရိုင်းတိရစ္ဆာန်များကို မှတ်တမ်းယူသည့် ဓာတ်ပုံဆရာ တစ်ဦးဖြစ်သော ချာပါက “ကျွန်တော် ငါးမန်းတွေကြားထဲမှာ ရေကူးရင်း ဓာတ်ပုံရိုက်ခဲ့တာ နှစ်ပေါင်းတော်တော်များများ ကြာခဲ့ပါပြီ။ တိရစ္ဆာန်ရိုင်းတွေကြားမှာ ခုလို အလုပ်လုပ်ရတာ တကယ့်ကို ထူးခြားတဲ့ အတွေ့အကြုံမှန်း သိပါတယ်။ မိကျောင်းတွေဟာ အေးဆေးတည်ငြိမ်တဲ့ တိရစ္ဆာန်တွေပါ။ သူတို့က တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ အစာစားလေ့ ရှိပါတယ်။ ပြီးတော့ ဘယ်အရာက အစာ၊ ဘယ်အရာက အစာမဟုတ်ဘူး ဆိုတာကိုလည်း သူတို့သိပါတယ်”ဟုလည်း ပြောကြားခဲ့သည်။
အသက်(၄၁)နှစ်ရှိ ဝါရင့် ဓာတ်ပုံဆရာက “ကန်ထဲဆင်းဆင်းချင်း ပထမဆုံး (၁၅)မိနစ်လောက်မှာတော့ ကျွန်တော် တော်တော်လေး ကြောက်ခဲ့မိပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော် ပိုပြီး ယုံကြည်မှု ရှိလာတယ်။ ဘာပဲဖြစ်ဖြစ် မိကျောင်းဆိုတာမျိုးက လူတွေနဲ့ ယဉ်ပါးတတ်တဲ့ သတ္တဝါမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဘယ်တော့မှ မိကျောင်းတွေကို ယဉ်ပါးလာအောင် မလုပ်နိုင်ပါဘူး”ဟုလည်း မှတ်ချက်ပြုခဲ့သည်။
ဖလော်ရီဒါတွင် လူ့ပတ်ဝန်းကျင်သို့ မိကျောင်းများ ရောက်ရှိနေသဖြင့် တိုင်ကြားမှုမျိုးသည် တစ်နှစ်လျှင် ပျမ်းမျှ အကြိမ်ပေါင်း (၇၀၀၀)မျှ ရှိတတ်သည်။ ယင်းတို့အနက် အများစုကို သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဌာန တာဝန်ရှိသူများက ရွှေ့ပြောင်းပေးခဲ့ပြီး အချို့မိကျောင်းများမှာလည်း ပစ်ခတ်သတ်ဖြတ် ခံရလေ့ရှိသည်။ မိကျောင်းခေါင်းတိုများသည် (၃)မီတာကျော် အရွယ်အစားမျှထိ ကြီးမားနိုင်ကြောင်းလည်း သိရှိရသည်။
_Ref: Dailymail
7day
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။