Ads (728x90)





ရန်ကုန်၊ ဇွန် ၁၉

မြန်မာတစ်နိုင်ငံလုံးတွင် တည်ဆောက်လျက်ရှိသော သုံးထပ် အပါအဝင် သုံးထပ်နှင့်အထက် အဆောက်အအုံနှင့် အလုပ်ရုံများ၌ မီးဘေးလုံခြုံရေးနှင့် နေထိုင်သူများ၏ အသက်အန္တရာယ် ကင်းရှင်းရေးအတွက် အကြံပြု စစ်ဆေးခြင်း ဝန်ဆောင်ခကို ဇွန်လမှ စတင်ကာ အဆ ၃၀ တိုးမြှင့် ကောက်ခံလျက် ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ စုံးစမ်းသိရှိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် တိုင်းရင်းသား ရင်းနှီးမြှုပ်နှံသူများ၏ ဝန်ဆောင်ခ နှုန်းထားများအတိုင်း တစ်ပြေးညီ ဖြစ်စေရန်၊ လက်ရှိ အခြေအနေနှင့် ကိုက်ညီမှု ရှိစေရန် တိုးမြှင့် သတ်မှတ်ခြင်း ဖြစ်ကြောင်း အဆိုပါဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

မီးဘေးလုံခြုံရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေး စစ်ဆေး ဆောင်ရွက်ခြင်း အတွက် ဝန်ဆောင်ခများကို ကြမ်းခင်းဧရိယာပေါ် မူတည်၍ လည်းကောင်း၊ တစ်စတုရန်း မီတာလျှင် ကျပ် တစ်ထောင်နှုန်းဖြင့် ပြည်နယ်၊ တိုင်းဒေသကြီးရှိ မြို့တွင်းမြို့ပြင်ပေါ် မူတည်၍ လည်းကောင်း၊ စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။

ယင်းဝန်ဆောင်ခများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ပေါ်တွင် ၁ စတုရန်းမီတာလျှင် ၁၀၀၀ ကျပ် ကောက်ခံပြီး မြို့ပြင်နယ်မြေတွင် ၅၀၀ ကျပ်၊ ကျန်တိုင်းဒေသကြီးများတွင် မြို့ပေါ်၌ ၁ စတုရန်း မီတာလျှင် ၅၀၀ ကျပ်၊ မြို့ပြင်တွင် ၂၀၀ ကျပ်၊ ပြည်နယ်များ၌ မြို့ပေါ်၂၀၀ ကျပ်နှင့် မြို့ပြင်တွင် ၁၀၀ ကျပ် ကောက်ခံကြောင်း အဆိုပါဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထို့ပြင် အဆောက်အအုံ အမျိုးအစားကို လိုက်၍ စီးပွားရေးလုပ်ငန်း ဆောင်ရွက်သော အဆောက်အအုံများကို တစ်စတုရန်းမီတာ ဝန်ဆောင်ခ သတ်မှတ်နှုန်း၏ ၁၀၀ ရာခိုင်နှုန်း၊ အများအသုံးပြုသည့် အဆောက်အအုံများကို ၅၀ ရာခိုင်နှုန်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများကို ၂၅ ရာခိုင်နှုန်း အသီးသီးကောက်ခံကြောင်း အဆိုပါဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းဝန်ဆောင်ခကို မြန်မာနိုင်ငံတွင် တိုးမြှင့်ကောက်ခံရန် အရှေ့တောင်အာရှ နိုင်ငံများ၏ ဝန်ဆောင်ခ ကောက်ခံမှုများကို လေ့လာ၍ ဆောင်ရွက်ခြင်း ဖြစ်ပြီး ဝန်ဆောင်ခများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှတစ်ဆင့် နိုင်ငံတော်သို့ ပေးသွင်းရကြောင်း ယင်းဌာနချုပ်ထံမှ သိရသည်။

“မီးဘေးလုံခြုံရေး အကြံပြု စစ်ဆေးတဲ့ ဆောင်ခတွေ မြင့်တက်သွားတာ အရမ်းများလွန်းတယ်။ အရင်က ကန်ထရိုက် တိုက်တစ်လုံးကို စစ်ဆေးတဲ့ ဝန်ဆောင်ခက ပျမ်းမျှ ၁၅,၀၀၀ ဝန်းကျင်ပဲ အခုတက်သွားတဲ့ နှုန်းအတိုင်း ပေးရမယ် ဆိုရင် ဝန်ဆောင်ခတင် နှစ်သိန်းကျော်၊ သုံးသိန်း ဝန်းကျင်လောက် ဖြစ်သွားနိုင်တယ်၊ ပေးလိုက်ရတဲ့ ဝန်ဆောင်ခကို မီးသတ်လုံခြုံရေး စနစ်တွေ တပ်ဆင်ပြီး၊ မီးသတ်ပစ္စည်းတွေ တပ်ဆင်တာကမှ လူတွေအတွက် ပိုအကျိုးရှိဦးမယ်” ဟု ဝေယံထွန်းလင်း ကန်ထရိုက်ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးထွန်းထွန်းလင်းက The Voice သို့ ပြောကြားသည်။

မီးဘေးလုံခြုံရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အကြံပြု စစ်ဆေးခြင်း ဝန်ဆောင်ခများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ၁၉၉၇ ဇန်နဝါရီတွင် ပြဌာန်းခဲ့သော မီးသတ်တပ်ဖွဲ့ ဥပဒေအရ သုံးထပ်နှင့်အထက် အဆောက်အဦးများကို တစ်စတုရန်း မီတာလျှင် ၅၀ ကျပ်နှုန်းဖြင့် ပြည်တွင်းရှိ အဆောက်အအုံ ဆောက်လုပ်သူများထံမှ ကောက်ခံပြီး နိုင်ငံခြားသား အဆောက်အအုံ ဆောက်လုပ်သူများကို အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှုန်းဖြင့် ကောက်ခံခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။

(ဇင်လင်းထက်)
The Voice Weekly

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...