Ads (728x90)




မိမိတို့ အသင်းကို (၄)ဂိုးပြတ်မျှဖြင့် ရှုံးနိမ့်ခြင်းမှာ ကင်မရွန်း ကံကောင်း၍ဖြစ်ကြောင်း ခရိုအေးရှားနည်းပြ နီကိုကိုဗက်က ကြွေးကြော်ခဲ့သည်။ တစ်ယောက်လျော့ အနေအထားဖြင့် ကစားခဲ့ရသည့် ကင်မရွန်းသည် ခရိုအေးရှားကို မည်သို့မျှ မယှဉ်နိုင်တော့ဘဲ မာရီယိုမန်ဇူကစ်၏ နှစ်ဂိုးနှင့် အိုင်ဗန်ပါရီဆစ်၊ အိုင်ဗီကာအိုလစ်တို့၏ ဂိုးများကြောင့် (၄-၀)ဖြင့် အရေးနိမ့်ခဲ့သည်။ ကင်မရွန်းသည် (၁-၀)ဖြင့် ရှုံးနိမ့်နေစဉ် ပွဲချိန်မိနစ်(၄၀)တွင် ကွင်းလယ်လူ အဲလက်စ်ဆောင်း အနီထိခဲ့ပြီးနောက် ဒုတိယပိုင်း တစ်လျှောက်လုံး (၁၀)ယောက်ကျန်ဖြင့် ကစားရပြီး နောက်ထပ် (၃)ဂိုးဆက်တိုက် ခွင့်ပြုခဲ့ရခြင်း ဖြစ်သည်။

ကိုဗက်က “ကျွန်တော်တို့ဟာ ပွဲအစ (၅)မိနစ်နဲ့ (၁၀)မိနစ် အတွင်းလောက်မှာတော့ ပုံစံကောင်း မရခဲ့ဘူး။ ကင်မရွန်းက အခွင့်အလမ်းတချို့ ဖန်တီးပြီး ဖိအားပေးနိုင်ခဲ့တယ်”ဟု ဆိုသည်။ ၎င်းက “ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အသင်းက စည်းချက်ပြန်မိလာတယ်။ အိုလစ်က စောစောစီးစီး ဂိုးသွင်းလိုက်တော့ ပွဲက ကျွန်တော်တို့အတွက် ဖြစ်သွားပြီ။ တကယ်ဆို ဒီထက်ကို ဂိုးတွေပိုရသင့်ပါတယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ကိုဗက်က “ကစားသမားတွေကို ဂုဏ်ပြုချီးကျူးရပါမယ်။ သူတို့ဟာ ခက်ခဲတဲ့ အခြေအနေတွေကနေ အနိုင်ရလဒ်ကို ဆောင်ယူပေးခဲ့တာပါ”ဟုလည်း ပြောကြားခဲ့သည်။

ခရိုအေးရှားသည် မက္ကဆီကို အသင်းနှင့် အုပ်စုအပိတ် ပွဲစဉ်တွင် အနိုင်ရခဲ့ပါက ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ယင်းပွဲတွင် မဖြစ်မနေ (၃)မှတ် ရရန်မူ လိုအပ်နေသည်။ “မက္ကဆီကိုနဲ့ ပွဲကတော့ ကျွန်တော်တို့အတွက် ဗိုလ်လုပွဲလို ဖြစ်နေလိမ့်မယ်။ လောလောဆယ်တော့ အသင်းကို ခဏအနားပေးထားပါမယ်။ ရှေ့မှာ အရမ်းအားကောင်းတဲ့ ပြိုင်ဘက်က စောင့်ကြိုနေပြီလေ။ မက္ကဆီကိုအား အသင်းကောင်း တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ခရိုအေးရှား ဖြစ်ပါတယ်”ဟု ကိုဗက်က ပြောကြားသွားသည်။

Planet Myanmar Network

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...