Ads (728x90)



အောင်သူရထွန်း

နေပြည်တော်၊ မဇ္ဈိမ။ ။ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လှုပ်ရှားမှုများကို ဆက်လက်ကူညီဆောင်ရွက်ပေးရန် ပန်းရဲ့လမ်း အဖွဲ့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းကြည်က ဇွန်လ ၁၉ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အပြီး၌ ပန်းရဲ့လမ်းအဖွဲ့နှင့် တွေ့ဆုံစဉ် အနုပညာရှင်များအနေဖြင့် ပိုမိုကူညီရန် တိုက်တွန်းပြောကြားခဲ့သည်။

“၄၃၆ ပြုပြင်ပြောင်းလဲရေးကို လက်မှတ်ထိုးပြီး ထောက်ခံတဲ့ လှုပ်ရှားမှုကို အောင်မြင်အောင်လို့ လုပ်ပေးပါ၊ တစ်လပဲကျန်တော့တယ်၊ ဒီတစ်လအတွင်းမှာ ထပ်ပြီးတော့ အရှိန်အဟုန်မြှင့် လုပ်ရမယ်၊ ဒါကိုလည်း ပြည်သူတွေက နားလည်ဖို့လိုတယ် ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် အဓိကကျသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လူထုဆန္ဒ လက်မှတ်ရေးထိုးခြင်းများကို ၁၉၉၀ ရွေးကောက်ပွဲ အောင်နိုင်သည့်နေ့ဖြစ်သည့် မေလ ၂၇ ရက်တွင် စတင်ခဲ့ပြီး ဇူလိုင်လ ၁၉ ရက်(အာဇာနည်နေ့)အထိ လုပ်ဆောင်မည်ဖြစ်သည်။

ပန်းရဲ့လမ်းအဖွဲ့သည် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေးများ ရရှိစေရန်နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ပြည်သူလူထု တစ်ရပ်လုံး လက်မှတ်ထိုးထောက်ခံနိုင်ရေးအတွက် ဂီတအနုပညာဖြင့် ကူညီ
ဆောင်ရွက်ပေးနေသော အဖွဲ့ဖြစ်ပြီး နေပြည်တော်သို့ ဇွန်လ ၁၈ ရက်က ရောက်ရှိကာ ဖျော်ဖြေမှုများ ဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် အချို့နေရာဒေသများ၌ အခက်အခဲ ပိတ်ဆို့တားဆီးမှုများ ကြုံတွေ့ခဲ့ရသော်လည်း ရောက်အောင်သွားပြီး ကြိုးစားဆောင်ရွက်ခဲ့ကြောင်း ပန်းရဲ့လမ်း အဖွဲ့ခေါင်းဆောင်
ဦးရဲလွင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က “ဒီမိုကရေစီ ပေါ်လွင်အောင်လုပ်နေတဲ့အခါမှာ ပြည်သူတစ်ရပ်လုံး ပါဝင်လာဖို့လိုတယ်၊ အနုပညာရှင်တွေက သိပ်အရေးပါတယ်၊ အနုပညာရှင်တွေက အများပြည်သူ
အပေါ်မှာ သြဇာရှိတယ်၊ အဲ့ဒီ သြဇာကို မှန်မှန်ကန်ကန် အသုံးချဖို့လိုတယ်၊ နံပါတ်နှစ်အချက်က ရည်ရှည် ဇွဲရှိရမယ်၊ တစ်ခုဆိုလို့ရှိရင် ဒါမရဘူးဆိုပြီးတော့ စိတ်ဓာတ်ကျတာတို့ အားလျော့တာတို့
လုံးဝ မဖြစ်သင့်ဘူး၊ ဒီလိုဆိုရင် ကျွန်မတို့နိုင်ငံ တိုးတက်မှာ မဟုတ်ဘူး” ဟု ထပ်လောင်း ပြောကြားခဲ့သည်။

ဦးရဲလွင် နေပြည်တော်သို့ ရောက်ရှိလာမှုအပေါ် “ပန်းရဲ့လမ်းကတော့ ပုဒ်မ ၄၃၆ ကိစ္စနဲ့ မြန်မာပြည်အနှံ သွားနေပါတယ်၊ ဒီအချိန်က လွှတ်တော်လည်းရှိတယ်၊ အမေ့မွေးနေ့လည်းရှိတယ်
ဆိုတော့ လုပ်ရတာပိုအားရှိတာပေါ့၊ နေရာတော်တော် များများကိုသွားပါတယ်၊ အခက်အခဲ အပိတ်အဆို့တွေ ရှိတောင် ကျွန်တော်တို့ ရောက်အောင်သွားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပုံစာ- ဒေါ်အောင်ဆန်းစုကြည်နှင့် ပန်းရဲ့လမ်းအဖွဲ့တို့ ဇွန်လ ၁၉ရက် ညနေက ပြည်သူ့လွှတ်တော်အပြီးတွင် တွေ့ဆုံနေစဉ်။(ဓာတ်ပုံ-၀င်းကိုကိုလတ်)

Mizzima Burmese

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...