Ads (728x90)

 

၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၃)ရက်နေ့ Daily Eleven နေ့စဉ် သတင်းစာက ဦးဇော်မင်း(မန္တလေး) ရေးထားတာလေးကို ဖတ်မိလို့ တင်လိုက်ပါတယ်။
လစ်ဘရယ်၊ ဒီမို၊ ဆိုရှယ်၊ ကွန်မြူ၊ လက်နက်ကိုင်နဲ့ စစ်အာဏာရှင် အစရှိတဲ့သူတွေ သူ့အုပ်စုနဲ့သူ ငါတို့အယူဝါဒသာ အမှန်ဆိုပြီး တစ်ဖက်နဲ့တစ်ဖက် ဝေဖန်အပုပ်ချနေတာတွေ ရပ်တဲ့နေ့၊ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်တဲ့နေ့ အဲ့ဒီနေ့မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ဒီမိုကရေစီ ရတဲ့နေ့ပါပဲ။
===========================================
ဦးဇော်မင်း(မန္တလေး)
============
ခရိုနီတွေအကြောင်း တော်တော်ရေးထားကြတာ။ ဝေဖန်ကြတာ။ ပြောဆိုကြတာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့လည်း ခရိုနီတွေအပေါ် မြင်မိတာလေးနဲ့ ကျွန်တော့်အယူအဆအပေါ် တွေးမိသမျှ ရေးမိပြောမိရတာ ဖြစ်ပါတယ်။

ကျွန်တော်သိချင်တာကတော့ ..

၁။ ခရိုနီတစ်ယောက်ဖြစ်ဖို့ အထူးအခွင့်အရေးရရုံနဲ့ ဖြစ်နိုင်ပါသလား။

၂။ ခရိုနီတွေကို တိုင်းပြည်အတွက် ဘယ်လိုထိန်းကျောင်း ကူညီပံ့ပိုးနိုင်မလဲ။

၃။ ခရိုနီတွေ အခွန်မရှောင်နိုင်အောင် ဘယ်လိုလုပ်ပေးရင်ရမလဲ ဆိုတာပါပဲ။

အတွေ့အကြုံ ဗဟုသုတစုံတဲ့သူတွေရဲ့ “ခရိုနီအသုံးချနည်း” ဆောင်းပါးတစ်ပုဒ်လောက်တော့ ဖတ်ချင်မိပါတယ်။

ကျွန်တော့်အမြင်ကတော့ …
၁။ ခရိုနီတစ်ယောက်ဖြစ်လာဖို့ အခွင့်ထူးရရုံနဲ့ မဖြစ်နိုင်ပါဘူး။ အခွင့်ထူးရခဲ့တဲ့ တိုင်းမှူးကြီးတွေ၊ ၀န်ကြီးတွေရဲ့ သားသမီးတွေထဲက တစ်ယောက်စ၊ နှစ်ယောက်စသာ ခရိုနီဖြစ်လာပြီး ကျန်တာတွေကတော့ ခရိုနီတွေရဲ့လက်အောက်ခံ၊ လက်ဝေခံတွေသာ ဖြစ်လာကြတာကို ကြည့်ရုံနဲ့ သိသာနိုင်မယ်ထင်ပါတယ်။

နံပတ်(၂) အချက်အနေနဲ့ တောင်ကိုရီးယားနိုင်ငံကိုကြည့်မိပါတယ်။ LG ၊ ဆမ်ဆောင်း၊ ဒေ၀ူး စတဲ့ ဈေးဖိုးကြီးတွေဟာလည်း ခရိုနီတွေပါပဲ။ စစ်အုပ်ချုပ်ရေးကာလမှ စစ်ဗိုလ်ကြီးတွေက အထူးအခွင့်အရေးသာမက အထူးနှစ်ရှည်ချေးငွေတွေနဲ့ ပံ့ပိုးမြေတောင်မြှောက် မွေးထုတ်ပေးခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ ဘယ်လိုလုပ်လဲဆိုတာ ဖတ်မိကြည့်မိသလောက်တော့ အခွင့်အရေးပေးသလို တိုင်းပြည်အတွက် အကျိုးရှိမယ်ထင်တဲ့ လမ်းကြောင်းရောက်အောင်လည်း ထိန်းချုပ်ကန့်သတ်ခဲ့ကြလို့ သူတို့ဆီကတဆင့် ကိုယ်ကျိုးစီးပွားရှာမှု နည်းခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ပထမအကြိမ် သမ္မတ ရွေးပွဲမှာ ဗိုလ်မှူးကြီးတစ်ဦး အရွေးခံခဲ့ရသလို အခုလည်း စစ်အာဏာရှင်ဟောင်း ပတ်ချုံဟီးရဲ့သမီးကို လက်ရှိသမ္မတအဖြစ် ပြည်သူတွေက ရွေးခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့နိုင်ငံမှာလည်း သူတို့လိုပဲ ကူညီပံ့ပိုးထိန်းချုပ် ကန့်သတ်တဲ့နည်းကို အတုယူလို့ မရနိုင်ဘူးလားခင်ဗျာ။ ကိုယ်ကျိုးရှာမှု နည်းဖို့တော့ လိုမှာပေါ့ခင်ဗျာ။ အသေးစိတ်ကတော့ ကျွမ်းကျင်တဲ့သူတို့က ပိုသိကြမှာပါ။

ကျွမ်းကျင်တဲ့သူတွေ ရေးပြမယ်။ သုံးသပ်ပြမယ်ဆိုရင်တော့ ဖတ်ချင်ပါတယ်ခင်ဗျာ။ ကျွန်တော်သိသလောက်ကတော့ အကျိုးအမြတ် များများရမယ့် ဆောက်လုပ်ရေးတို့ဘာတို့မှာ အခွင့်အရေးပေးသလို တစ်ရာရင်းလို့ တစ်ဆယ်လောက်မြတ်ဖို့ မလွယ်ပေမယ့် လူအမြောက်အများ အလုပ်ပေးနိုင်မယ့် ထုတ်လုပ်မှုလုပ်ငန်း၊ စက်ရုံအလုပ်ရုံတွေကိုလည်း အတင်အကျပ်လုပ်ခိုင်းပြီး မျှတအောင် စီမံသင့်တယ်လို့ တွေးမိပါတယ်ခင်ဗျား
ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံ ခရိုနီတွေကတော့ သစ်ထုတ်လုပ်ရေး၊ သယံဇာတထုတ်လုပ်ရေး၊ အမြတ်များများကျန်အောင် ဖန်တီးထားတဲ့ ဆောက်လုပ်ရေးနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေမှာပဲ ယှဉ်ပြိုင်မှုမရှိဘဲ ငွေကြေးတွေရခဲ့ကြတယ် ထင်ပါတယ်။ ဒါပေမယ့် အမြတ်နည်းပြီး (မသကာအရှုံးပေါ်ပြီး အလုပ်ရှုပ်တဲ့) ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကိုကျတော့ လက်ရှောင်နေတာ တွေ့နေရပါတယ်။ ဘိလပ်မြေ စက်ရုံလောက်တော့ သူတို့ လုပ်ကြပါတယ်။ ဒါကလည်း ဈေးကွက်သေချာပြီး အမြတ်များနိုင်လို့ပါ။

အဲဒါကြောင့် သူတို့တွေ နိုင်ငံတော်အတွက် အရှုံးပေါ်ပြီး ၀န်ထုတ်ဝန်ပိုး ဖြစ်ရုံမက သတ်မှတ်စက်စွမ်းအားရဲ့ တစ်ဝက်တောင် မထုတ်လုပ်နိုင်တဲ့ စက်ရုံတစ်ချို့ကို သူတို့လက်ကိုအပ်စေချင်ပါတယ်။ ဥပမာ ချည်မျှင်နှင့်အထည်စက်ရုံတို့ စက္ကူစက်ရုံတို့လိုမျိုးပေါ့ဆရာ။ သူတို့လက်ရောက်ရင် ခေတ်မီအုပ်ချုပ်မှု နည်းစနစ်တွေသုံးခြင်း၊ လဲလှယ်ရန်လိုအပ်တဲ့ စက်ပစ္စည်းတွေကို သူတို့စရိတ်နဲ့လည်းလှယ်စေခြင်း၊ ကုန်ကြမ်းလုံလောက်အောင် ရှာစေခြင်းစတဲ့ နည်းတွေနဲ့ မြတ်လည်းမြတ်အောင် စက်စွမ်းအာပြည့်နီးပါးလည်း ထုတ်နိုင်အောင်၊ ထုတ်သလောက်လည်း ရောင်းနိုင်အောင် လုပ်ခိုင်းကြည့်ရင် မကောင်းဘူးလားဗျာ။ အဲဒါဆိုရင် ဉာဏ်၊ ၀ိရိယ အမှန်ရှိတဲ့သူက အောင်မြင်ပြီး၊ မရှိတဲ့သူက ကျရှုံးသွားမှာပါပဲ။ အဲဒီကျမှ အောင်မြင်တဲ့သူကို အစွမ်းကုန်ပံ့ပိုးပေးပြီး မအောင်မြင်တဲ့သူကတော့ သူ့ထိုက်နဲ့သူ့ကံပေါ့ဆရာ။ ပန်နီထဲကရေတွေက ပန်နီထဲ ရောက်သွားပါလိမ့်မယ်။ ဒီနေရာမှအရင်ကလို သံမဏိစက်ရုံကြီးကို ထိုးအပ်ပြီး နှိပ်စက်သလိုမျိုးတော့ မဖြစ်သင့်ဘူပေါ့ဗျာ။ အသေးစိတ်ရေးရင်ရှည်မှာစိုးလို့ မရေးတော့ပါဘူး။

နံပါတ်(၃)အချက် အခွန်ရှောင်ခြင်းပေါ့။ အခွန်ရှောင်တာသူ့သဘောနဲ့ သူရှောင်လို့ မရပါဘူး။ သက်ဆိုင်ရာ အခွန်ဝန်ထမ်းတွေ၊ စာရင်းစစ်တွေနဲ့ပေါင်းမှ ရှောင်လို့ရတာပါ။ အဲဒါအတွက် နိုင်ငံတကာစံနှုန်းမီတဲ့ Audit Farm (ဥပမာဦးလှထွန်းအဖွဲ့လိုမျိုး) တွေကို စစ်ဆေးခိုင်း၊ တာဝန်ယူခိုင်းပြီး ထွက်လာတဲ့ အရှုံးအမြတ်အပေါ်မှာမှ အခွန်ဆောင်ခိုင်းရင်ရော မဖြစ်နိုင်ဘူးလားလို့ တွေးမိပါတယ်။ နောက်တစ်ခုကတော့ အများပိုင်ကုမ္ပဏီအဖြစ် သူတို့ကို အသွင်မပြောင်းချင်လည်း ပြောင်းလာအောင် သွယ်ဝိုက်၊ တိုက်ရိုက်နည်းတွေ သုံးရင်ကော။ ဒါဆိုရင် သူတို့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုနဲ့ အရှုံးအမြတ်တွေကို ချမပြဘဲနေလို့ မရတော့ဘူး မဟုတ်လား။

ကျွန်တော်ကခရိုနီနဲ့ ခရိုနီအကြောင်း ရေးမိလို့ ခရိုနီနဲ့ ဆွေမျိုးတော်စပ်တယ်လို့တော့ မထင်ပါနဲ့ဆရာ။ ကျွန်တော်က ယခင် စက်မှု(၁) အငြိမ်းစား အရာထမ်းတစ်ဦးမျှသာ ဖြစ်ပါတယ်ဆရာ။ သာမန်ပြည်သူတစ်ယောက် အနေနဲ့ပဲ စေတနာသန့်သန့်နဲ့ ကျွန်တော်တွေးမြင်မိတာတွေကို ရေးဖြစ်တာပါခင်ဗျာ။


မူရင်းလင့်  = https://www.facebook.com/photo.php?fbid=656983177680709&set=np.4097903.100006284528206&type=1

U Bo Htun

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...