Ads (728x90)



မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုများကြောင့် နိုင်ငံအပေါ် ရိုက်ခတ်မှုများနှင့် ပတ်သက်၍ သြဂုတ် ၂၃ ရက်နေ့တွင်  အမေရိကန်နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သည်။ စာမျက်နှာ ၁၀ မျက်နှာ ပါရှိသော အစီရင်ခံစာတွင် ကော်မရှင်မှ မြန်မာနိုင်ငံ ဒေသများသို့ သွားရောက်လေ့လာခဲ့ပြီး တွေ့ရှိသည့်အချက်များကို ဖော်ပြထားပြီး အဓိကအားဖြင့် ဘင်္ဂါလီအရေးနှင့် မွတ်စလင်များအား အကြမ်းဖက်မှုဆိုသည့် ကိစ္စများသာ လွှမ်းမိုးနေခဲ့သည်။

အစီရင်ခံစာကို ဘာသာရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်း၊ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ၊ ချင်းပြည်နယ်သို့ သွားရောက်ခြင်း၊ အကြောက်တရားဖြင့် နေထိုင်နေရသော ဘင်္ဂါလီများ၊ မွတ်စလင် ဆန့်ကျင်ရေးများ ဆက်လက်ဖြစ်ပွားနေသည့် မိတ္ထီလာမြို့ အခြေအနေ၊ ကချင်ပြည်နယ် အခြေအနေ၊ သုံးသပ်ချက် ခေါင်းစဉ်များဖြင့် ရေးသားထားခြင်း ဖြစ်သည်။

ကော်မရှင်၏ အစီရင်ခံစာ သုံးသပ်ချက်တွင် ဘာသာရေး၊ လူမျိုးရေးနှင့် ဘာသာရေး လွတ်လပ်ခွင့် အကာအကွယ် ပေးမှုတို့သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းသို့ သွားရာလမ်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုတို့အပေါ် အဓိကပုံဖော်မည့် အချက်များဖြစ်ကြောင်း သုံးသပ်ဖော်ပြထားခဲ့သည်။ မွတ်စလင်များအပေါ် အကြမ်းဖက်မှုများနှင့် တိုင်းရင်းသား ခရစ်ယာန် ဘာသာဝင်များအပေါ် စစ်တပ်မှ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေမည် ဆိုပါက ၂၀၁၅ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီ ပုံဖော်ရေးကို ထိခိုက်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ကော်မရှင်၏ သုံးသပ်ချက်တွင် ဖော်ပြခဲ့သည်။ ထို့နောက် မြန်မာအစိုးရအား ဖြေရှင်းရန် အကြံပေးရာတွင် ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့် ရှိမရှိ အဖြေရှာရန်၊ လူနည်းစု ဘာသာဝင်များအား အကြမ်းဖက်ခဲ့သူများကို ဥပဒေရှေ့မှောက် အရောက်ပို့ဆောင်ရန်၊ မွတ်စလင်များအား အကြမ်းဖက်မှုရန်မှ အကာအကွယ်ပေးနိုင်ရန် ရဲတပ်ဖွဲ့ကို မြှင့်တင်ရန်၊ မြန်မာနိုင်ငံကို လူမျိုးစုံ၊ ဘာသာစုံ နေထိုင်နိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရန်တို့ကို ထည့်သွင်းဖော်ပြခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတွင် ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လျက် ရှိနေသောကြောင့် အမေရိကန် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို စိုးရိမ်ပူပန်ရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ထားရှိသင့်ကြောင်း၊ အစိုးရ အနေဖြင့် နိုင်ငံရေး ဘာသာရေး အကျဉ်းသားများ လွှတ်ပေးရန်ကို ငြင်းဆန်လျှင်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် လူမျိုးစုများအား လေးစားရန် ပျက်ကွက်ခဲ့လျှင် ဘင်္ဂါလီများနှင့် ပတ်သက်၍ နိုင်ငံသား ဖြစ်ခွင့်နှင့် ပတ်သက်၍ မျှတသော အဖြေတစ်ခု မရရှိခဲ့လျှင်၊ ၂၀၁၅ ရွေးကောက်ပွဲကို မျှတအောင် မကျင်းပနိုင်ခဲ့လျှင် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နိုင်ရန် အဆင်သင့် ပြင်ထားသင့်ကြောင်းတို့ကို ထည့်သွင်းဖော်ပြခဲ့သည်။

ထို့ပြင် မွတ်စလင်များအား အကြမ်းဖက်နေမှုများ ရပ်တန့်ရန်အတွက် မြန်မာအစိုးရအား ဖိအားပေးရန်၊ အောင်မြင်သော ဖက်ဒရယ်စနစ်တစ်ခု အကောင်အထည်ဖော် ဆောင်နိုင်ရေး လုပ်ဆောင်ရန်၊ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများသို့ လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများ ၀င်ရောက်ခွင့်ပြုရန်၊ မွတ်ဆလင် ဆန့်ကျင်ရေး ပြုလုပ်ပြီး ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတချို့ အပါအ၀င် ၉၆၉ အဖွဲ့ ဖွဲ့စည်းသူများ၊ အစိုးရ တာဝန်ရှိသူများအား အမေရိကန်နိုင်ငံမှ နာမည်စာရင်း တစ်ခုဖြင့် မှတ်တမ်းတင်ထားရန် အစရှိသည့် အချက်များကိုလည်း ကော်မရှင်၏ အစီရင်ခံစာထဲတွင် ထည့်သွင်းဖော်ပြခဲ့သည်။

From: Eleven

Posted by drmyochit Sunday, August 25, 2013, under | No comments

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...