Ads (728x90)



ဗန်ပါစီ၏ လျို့ဝှက်ချက် ဒိုင်ယာရီ
ဗန်ပါစီ၏ လျို့ဝှက်ချက် ဒိုင်ယာရီ
၂၀၁၂ ခုနှစ် မေလ ၁၄ ရက်နေ့

ကျနော် မန်ချက်စတာစီးတီးဆိုတဲ့ ကောင်မလေး ကိုတော့ ချစ်မိသွားပါပြီ။ ကျနော်တကယ်ချစ်သွားတာထင်တယ်။ အရင်တုန်းကတော့ သူမကို ကျောင်းမှာရော အိမ်နားမှာရော သတိမထားမိခဲ့ပါဘူးဗျာ။ နည်းအနည်းငယ်အတွင်းမှာ သူမက အရမ်းလှလာတယ်လေ။ သူမရဲ့ အဖေက ကျနော့်ကို ကျနော့်ဒဏ်ရာတွေအတွက် ခွဲစိတ်ခတွေ ပေးပေးပါ့မလားတော့ မသိဘူးပေါ့လေ။ မပေးလဲဂရုမစိုက်ပါဘူး။ သူမက ကျနော့်ကို ခိုးခိုးကြည့်နေတယ်လို့ ထင်မိပြီ။ ကျနော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်က ကျနော့်ကိုပြောတယ်။ သူ သူမရဲ့ အိမ်ကို လွန်ခဲ့တဲ့ သုံးလ လောက်က ညစာစားဖို့ရောက်သွားတယ်တဲ့။ သူကကျနော့်ကို မပြောတာတော့ အံ့သြတယ်ဗျာ။ သူမများ ကျနော့်အကြောင်း ပြောခဲ့လေသလား။ အင်း သူမ က ကျနော့်ကို ဘယ်သူဆိုတော့ သိရောသိပါရဲ့လား။ အိုး...မဖြစ်သေးဘူး သူမနဲ့တော့ ကျနော် သေချာ တွေကြည့် ဦးမှပါပဲလေ။

၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့
ကျနော် အာဆင်နယ်ဆိုတဲ့ ကောင်မလေးကိုချစ်တယ်။ အမြဲတမ်းလဲ ချစ်ခဲ့တယ် လို့ထင်ပါတယ်ဗျာ။ ကျနော်သိတဲ့ လူတိုင်းက သူမဘယ်လောက်လှတယ် ဆိုတဲ့အကြောင်း ကျနော်ကလည်း သူမကို ဘယ်တော့မှ ခွဲသွားမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်း ကျနော့်ကို ပြောကြတာပေါ့ဗျာ။ ကျနော့်ရဲ့အဖေလိုပဲ ဖြစ်နေတဲ့ လူကြီးကကျနော့်ကို ပြောခဲ့တယ်လေ။ ကျနော့်အနေနဲ့ အင်္ဂလန်မှာဆိုရင် သူမက လွဲပြီး တခြားတစ်ယောက်နဲ့ တွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူးတဲ့။ ကျနော်လဲနားလည်ပါတယ်။ သူမရဲ့ လှပတဲ့ ကွင်းကြီးရယ် ဆွဲဆောင်မှုတွေရယ် ၊ လှပတဲ့ဘောလုံး အတွေးအခေါ်တွေနဲ့ ပြီးတော့ သူမက ကျနော့်ကို ချစ်စနိုးနဲ့ ကပ်ပတိန် ဆိုပြီး ခေါ်တယ်လေ။ ကျနော် သူမကို ဘယ်လို များ စွန့်ခွာနိုင်ပါ့မလဲဗျာ။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့။

ကျနော် အာဆင်နယ်ဆိုတဲ့ ကောင်မလေးကို ခွဲသွားမှဖြစ်မယ်။ မနေ့က အာဆင်ဝင်းဂါးက ပြောတယ်တဲ့ ဗန်ပါစီဆိုတဲ့ ကောင်ကို မရမက ဆွဲထားမယ်ဆိုပဲ။ အာဆင်နယ်ဟာ တကယ့်ကပ်သီးသပ်သက်ပါပဲလား။ ကျနော်နဲ့ တွဲလာတာ ကြာပြီဆိုတာ ကျနော်သိပါတယ်။ နားလည်းလည်တယ် ဒါပေမယ့် ကျနော့် အသက်က အခုမှ ၂၉ နှစ်ပဲ ရှိသေးတာ အဲလောက်ထိ မပေးဆပ်နိုင်ပေါင်။ အဲဒါပဲနေမှာ သူ့အရင် ရည်းစားဟောင်းတွေ ဘယ်သူလဲ ဟိုကောင်တွေ ဆက်စ် တို့ ဆာမီ တို့ကို ထွက်ပြေးအောင် လုပ်လိုက်တာ အဲဒါကြောင့်နေမယ်။ ကျနော့်အတွက်တော့ မှန်ကန်တဲ့ ဆက်ဆံပုံမျိုးဖြစ်မယ်လို့ မထင်တော့ဘူးဗျာ။ အိုး ဒါတင်ဘယ်ကမလဲ ဂျူဗင်တပ်စ်ဆိုတဲ့ အန်တိုနီရို ကွန်တီရဲ့ လေပြည်ထဲမှာ ၀ဲနေတဲ့ လှပတဲ့ ဆံနွယ်လေးတွေ က ကျနော့်ကို မှင်သတ်စေခဲ့ပြီပဲ။ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီ။ မြင်မြင်ချင်းပဲ ချစ်မိတယ်ဆိုတာ ဒါမျိုးကို ခေါ်တာဖြစ်မယ်နော်။ ဒါဟာ အချစ်စစ်များလား...?

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့။

အာဆင်နယ်က သူမနဲ့အတူ ကျနော့်ကို ကမ္ဘာ့ရဲ့ အရှေ့ပိုင်း အာရှကို ခရီးထွက်ရအောင်တဲ့ လာခေါ်တယ်။ အချစ်တွေ ဖုန်းလွမ်းတဲ့ နှစ်တစ်နှစ်ကို တူနှစ်ကိုယ်ဖြတ်သန်းဖို့ အစပြုတဲ့အနေနဲ့ ဒီနွေမှာ တို့တွေအတူတူ ပျော်စရာအချိန်တွေ ကုန်ဆုံးကြဖို့ သူမက လိုချင်တယ်ဆိုပဲ။ ပြီးတော့ ကျနော်တို့ရဲ့ အချစ်တွေကို အသစ်ထပ်မံပြီး ခိုင်မြဲစေကြမယ်တဲ့လေ။ ကျနော့်စိတ်ထဲမှာတော့ တမျိုးပဲ ထင်နေမိတယ်။ သူမက ကျနော့်ကိုအဝေးကိုခေါ်သွားမှာ။ ပြီးရင် ကျနော့်ခေါင်းကို တူရွင်းနဲ့ ရိုက်ခွဲမယ်။ ပြီးရင် ဘယ်သူမှ ကျနော့်ကို မရနိုင်အောင် ကျနော့်ကို အသက်ရှင်လျက်ကြီး မြေမြုပ်ပစ်လိုက်မှာထင်တယ်။ လိုက်လို့မဖြစ်ဘူး။ ကျနော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း ကျနော့ကို ပြောခဲ့တဲ့ မန်စီးတီး ဆိုတဲ့ ကောင်မလေးက ကျနော်ဘယ်သူဆိုတာ သိသွားပြီ ဆိုတဲ့ အကြောင်း ကျနော့်ကို အဲကောင်မလေးက တွေ့ချင်လွန်းနေပြီ ဆိုတဲ့ အကြောင်းကို သူမက သိသွားလို့ပဲဖြစ်ရမယ်။ ကျနော့်ဘ၀မှာ အခုလိုနေတာဘာလဲဆိုတာ ကျနော် သေချာစဉ်းစားရတော့မယ်။ ဟုတ်ပြီ ယုံကြည်မှုအပြည့်ရှိတဲ့ မိန်းမတစ်ယောက်ကို လိုနေတာပဲ။ တတိယနေရာအတွက် ယှဉ်ပြိုင်နေမယ့် မိန်းကလေးတစ်ယောက် မဟုတ်တော့ဘူး။ ကျနော်တို့ ကျောင်းမှာ အကျော်ကြားဆုံး မိန်းကလေးက ကျနော့်လို လူနဲ့ တွဲချင်နေပြီလေ။ ပြီးခဲ့တဲ့နှစ်တွေမှာ ကျနော့်ကျန်းမာရေးကြောင့် ခွဲစိတ်မှုတွေ လုပ်ခဲ့ရလို့ ကျနော် လူမမာပုံပေါက်နေတာတောင် သူမက ကျနော့်ကို ကြိုက်နေတယ်တဲ့။ သူမကို ကျနော်ချစ်လိုက်တာဗျာ။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့

မန်ချက်စတာ ယူနိုက်တတ်ဆိုတဲ့ ကောင်မလေးကို ချစ်တယ်ဗျာ။ တကယ်တော့ အမြဲတမ်းကျနော်ချစ်ခဲ့တယ် လို့ထင်ပါတယ်။ သူမမှာ နက်ရှိုင်းမှုတွေ တော်ယုံမိန်းကလေးမှာ မရှိတဲ့ စွမ်းအင်တွေ ရှိခဲ့တာကြာပြီပေါ့။ သူမဟာ ခေါင်းမာတဲ့ မိန်းကလေး တစ်ယောက် ဆက်ဆံဖို့ မလွယ်ကူတဲ့သူ လို့ ကျနော်အမြဲတမ်း ထင်ခဲ့ဖူးပါတယ်။ တကယ်တော့ အဲဒါဟာ အာဆင်နယ်နဲ့ သူမနဲ့ အဆင်မပြေတာကြောင့် ကျနော်အဲလိုထင်တာပဲဖြစ်မယ်။ အာဆင်နယ်ဆိုတဲ့ ကောင်မလေး က အမြဲတမ်း ယူနိုက်တတ်အကြောင်း မကြိုက်ဘူးဆိုတာချည်းပဲ ပြောနေတာကို ကျနော်က ကြားရတာကိုး။ တကယ်တမ်းကြတော့ ယူနိုက်တတ်ဆိုတဲ့ ကောင်မလေးက ဘာမှမမှားရှာပါဘူး။ သူမမှာ မှားယွင်းနေတာ ကျနော်တစ်ခုမှ မတွေ့ပါလား။ ဒီနေ့ သူမက ကျနော့်ကို စကားလာပြောတယ်။ သူမက ကျနော့်နောက် လိုက်လာပြီး အဲဒီလိုလုပ်ခဲ့တာပေါ့။ ကျနော် အာဆင်နယ် ဆိုတဲ့ ကောင်မလေးနဲ့ လမ်းမခွဲမခြင်း သူမနဲ့ အတူတူ မရှိနိုင်ဘူးဆိုတာ နှစ်ယောက်စလုံး နားလည်ကြပါတယ်။ ကျနော် ယူနိုက်တတ်နဲ့ သေချာဆွေးနွေးရရင်ကောင်းမှာပဲလေ။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့။

ဟင့်အင်း မဖြစ်ဘူး။ ကျနော်တကယ်ချစ်တာ အာဆင်နယ်ကိုပဲ။ ကျနော်မှားသွားတာ။ သူမက အရမ်း တော်ဝင် ဆန်တဲ့ မိန်းကလေးပါ။ ချစ်စရာ ဂျာမနီစတိုင်နဲ့ လူးကပ်စ်ဆိုတဲ့ ကောင်လေး တစ်ယောက် သူမရဲ့ ဘ၀ထဲကို ရောက်လာတယ်တဲ့။ အဲကောင်လေးကလည်း သူမနဲ့ သိကျွှမ်းခွင့်ရတာ စိတ်လှုပ်ရှားနေတယ်တဲ့။ ဒါပေမယ့် သူမက ကျနော့်ကို ကျနော်အကြိုက်ဆုံး နံပါတ် တစ်ဆယ်ကို ပေးထားဆဲပါ။ နှစ်သက်စရာကောင်းနေဆဲပဲပေါ့။ အာဆင်နယ်ကသာ ကျနော့်အတွက် မိန်းကလေးပါ။ အရင်တုန်းကတည်းက သူမ ကျနော့်ကို မကောင်းတာ မကြံစည် ဖူးဘူး။ အခုလဲ သူမ ကျနော့်ကို အဲလိုလုပ်မှာမဟုတ်ဘူးပဲ။ အာရှကို ခရီးသွားဖို့ ကျနော်လိုက်လို့မရတော့ဘူး နောက်ကျသွားပြီပဲ။ ဒါပေမယ့် ဂျာမနီသွားဖို့ ကျနော်လက်မှတ်တွေ ကြိုမှာထားပြီး သူမကို အံ့သြသွားအောင် လုပ်ရင်ကောင်းမလား....?

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်

ဟင့်အင်။ ကျနော် မန်စီးတီးကိုပဲချစ်တာ။ ကျနော် အာဆင်နယ်နဲ့အတူ ဂျာမနီကို လိုက်သွားခဲ့ပါတယ်ဗျာ။ ဒါပေမယ့် ကိုလုံး ဆိုတဲ့ ရည်းစား ဟောင်းရှေ့မှာတောင် အဲဒီ လူးကပ်စ် ဆိုတဲ့ကောင်ကို  ကျနော့်ကို အခွင့်အရေးပေးတာထက် သူမက ပိုပြီး အခွင့်အရေးပေးခဲ့တယ်လေ။ လူးကပ်စ် ကသူမနဲ့ မိနစ်တွေအကြာကြီးပဲ တွဲခဲ့တယ် ကျနော်ကြတော့ နောက်ဆုံးမှပဲ တွေ့ရတယ်။ ဒါပေမယ့် မန်စီးတီးကြတော့ ကျနော့်အပေါ်မှာပဲ တစ်ချိန်လုံး ငေးကြည့်နေခဲ့တယ်လေ။ "ဗန်ပါစီနဲ့အတူတူ တွဲကစားချင်တယ်လို့ ပြောဖို့ အရမ်းလွယ်ပါတယ်။ သူကစားတဲ့ အသင်းတိုင်းဟာ အင်အားကြီးလာမှာပဲ" ဆိုပြီး ကွန်ပနီက ပြောတယ်တဲ့။ မန်စီးတီး ကကျနော့်ကို နှစ်ခါတောင် ပြန်ပြီး အခွင့်အရေးပေးတာ ကျနော် အံ့သြလိုက်တာဗျာ။ ကျနော်သိပြီ ကျနော်နဲ့ မန်စီးတီးကြားထဲမှာ စစ်မှန်တဲ့ ဖူးစာတစ်ခုရှိရမယ်။ ဟုတ်တယ် ကျနော်တို့ဟာ ကံပါလာပြီးသားပဲ။ ဒါကို လက်လွတ်လို့မဖြစ်ဘူး...။

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့။

ကျနော် မန်ချက်စတာ ယူနိုက်တတ်ကိုချစ်တယ်။ ကျနော်တကယ်ချစ်တာပါ။ သောက်ရမ်းချစ်တာပါ။ ပိုစိုးပက်စက်ချစ်တာပါ။ ညတုန်းက ကျနော်တို့ တညလုံး ဖုန်းပြောခဲ့ကြတယ်။ ဆုံးဖြတ်ချက်လဲ ချလိုက်ပြီ။ ကျနော် ရှေ့ဆက်တော့မယ် သူမနဲ့အတူတူ အဝေးကို ထွက်သွားတော့မယ်။ ကျနော် မနေနိုင်တော့ဘူး။ ကျနော် အာဆင်နယ်ကိုလဲ ကျနော် ဆုံးဖြတ်ထားတာကို ပြောလိုက်ပြီ။ သူမကလည်း သဘောတူတယ်တဲ့။ ကျနော်အံ့သြမိတယ်ဗျာ။ ဘာကြောင့်လဲ အာဆင်နယ်က ဘာကြောင့် အဲဒါကို လွယ်လွယ်နဲ့ လက်ခံခဲ့ရတာလဲ။ ဘာဖြစ်လို့ ကျနော့်ကိုမချစ်တော့တာလဲဗျာ....။ထားပါတော့ ပြီးပြီ။ ပြီးဆုံးပြီ။ နောက်ဆုံးတော့ ကျနော် တကယ်အချစ်စစ်နဲ့ ချစ်တဲ့ မိန်းကလေးနဲ့ ကျနော် လက်တွဲပြီး အတူတူနေခွင့်ရပြီပဲလေ။....။



Goal.com မှ ဆောင်းပါးဆရာ George Ankers ၏ The Secret Diary of Robin Van Persie အား ဆီလျှော်အောင် မြန်မာမှု ပြုခြင်းသာ။
Translated by : ထာဝရ
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည်

Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...