ပညာရေးမူဝါဒကို ပြန်လည်ပြုပြင်ပေးမည်ဆိုလျှင်
ဒေါက်တာဓမ္မပိယ၊ ဇူလိုင် ၁၉၊ ၂၀၁၂
"ပညာရဲရင့် ပွဲလယ်တင့်" တဲ့။ မြန်မာတို့ရဲ့ ဆိုရိုးစကားပါ။ ဒီစကားနှင့်စပ်ပြီး စဉ်းစားစရာတွေက အများကြီး။ ပညာရဲရင့်လျှင် (သို့မဟုတ်) ပညာရှင်တစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင် ပွဲလယ်တင့်မည်လို့ ဆိုရိုးပြု ထားတဲ့စကားပါ။ ဒါပေမဲ့ မြန်မာလူမျိုးများ ကမ္ဘာ့အလယ်မှာ မတင့်တယ်နိုင်သေးတဲ့အဖြစ်၊ မ၀င့်ထယ်နိုင် သေးတဲ့အဖြစ်ပါ။ ပညာအရည်အချင်းများ နည်းပါးနေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများမှာ အလုပ်သမားဘ၀နဲ့ (များသောအားဖြင့်) ကျင်လည်နေကြရဆဲပါ။
ဒီလိုဖြစ်နေရတဲ့အကြောင်းရင်းကို ရှာကြည့်တော့ သင်ကြားပို့ချပေးတဲ့ ပညာရေးစနစ်ကပဲ စနစ်မမှန် လို့လား။ ပြဋ္ဌာန်းပေးထားတဲ့ ဘာသာရပ်တွေကပဲ လွဲချော်နေလို့လား။ သို့မဟုတ် သင်ကြားပို့ချပေးသူများကပဲ သင်ကြားနည်းစနစ်များ မမှန်လို့လား။ တစ်ခုခုတော့ လွဲမှားနေလို့ဖြစ်မှာပါ။ ဒါဆိုရင် ပညာရေးစနစ်ကို ပြန်လည်ပြုပြင်ဖို့ (Education Reform လုပ်ဖို့) ဘယ်သူမှာ တာဝန်ရှိသလဲ။ အဖြေကတော့ ရှင်းနေတာပါ။ နိုင်ငံသားတိုင်းမှာ တာဝန်ရှိနေတာပါ။
သို့သော် နိုင်ငံတော်က ပညာရေးစနစ်ကို ခေတ်နှင့်တန်းဝင်အောင် (သို့မဟုတ်) ခေတ်စနစ်နှင့်ညီအောင် ပြန်လည်ပြင်ဆင်ပေးခြင်းမျိုးကို ဥပဒေပြဋ္ဌာန်းပြီး ပြုလုပ်မပေးနိုင်သေးဘူး ဆိုလျှင် ("တောကြောင်တွေ လက်ခမောင်းခတ်"ဖို့ အခွင့်အရေးမျိုးသာ ဖြစ်နေဦးမှာပါ။ ဥပဒေနဲ့ပြဋ္ဌန်းပေး ထားတာမျိုးမဟုတ်သေးဘူးဆိုလျှင်) ပြည်သူတွေဖက်ကလည်း ဘာမှကူညီပေးနိုင်မည်မဟုတ်ပါ။ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကို တည်ထောင်နိုင်ရန် ပညာရေးအခန်းကဏ္ဍ၏ အရေးပါမှုကို နိုင်ငံတော်မှ လေးလေးနက်နက် စဉ်းစားနိုင်ဖို့ပါ။
မြန်မာပညာရေး နိမ့်ကျနေတာ လက်ခံနိုင်ရဲ့လား
မြန်မာလူမျိုးများရဲ့ ပညာရေးအဆင့်အတန်းများ ဘယ်လောက်များ နိမ့်ကျနေလို့လဲ မျိုးချစ်ဝါဒီများက ပြန်လည်ခြေပကောင်း ချေပကြမှာပါ။ ရှည်ရှည်ဝေးဝေး မပြောလိုပါ။ မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်း စာမေးပွဲကို အောင်မြင်ထားသူတစ်ယောက်က နိုင်ငံခြားတက္ကသိုလ်တစ်ခုခုသို့ တက်ရောက်ပညာသင်ကြား လိုလျှင် (ဘယ်ဝင်ခွင့် စာမေးပွဲကိုမှ မဖြေရပဲ) လက်ခံနိုင်သောတက္ကသိုလ် ဘယ်နိုင်ငံမှာရှိသလဲ ပြောကြားဖို့ပါ။
ချွင်းချက်ထား၍ ပြောရမည်ဆိုလျှင်တော့ စင်္ကာပူနိုင်ငံမှာရှိတဲ့ တက္ကသိုလ်အချို့က ပညာရေးထူးချွန်သော မြန်မာနိုင်ငံမှ ကျောင်းသားတစ်ယောက်စ၊ နှစ်ယောက်စကို (၀င်ခွင့်မဖြေရပဲ) လက်ခံတယ်ဆိုတာကိုတော့ ကြားဖူးပါရဲ့။ ဒါမျိုးကတော့ အဆန်းမဟုတ်ပါ။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ဆယ်တန်းစာမေးပွဲတွင် တော့ပ်တင်း (top ten)၀င်ထားတဲ့ ကျောင်းသားမျိုး၊ ငါးဘာသာ၊ ခြောက်ဘာသာဂုဏ်ထူးရှင်ကျောင်းသားမျိုးကို ရွေးကောက် ခေါ်ယူထားတာဖြစ်လို့ မဆန်းဘူးလို့ ပြောလိုက်ခြင်းပါ။ ဒီအချက်ကိုလဲ သိထားဖို့ပါ။
ပညာရေးဆိုတာ တစ်ဦးတစ်ယောက်တည်းဆိုင်တဲ့ကိစ္စ၊ မိသားစုတစ်စုတည်းဆိုင်တဲ့ကိစ္စမျိုး မဟုတ်ပါ။ ပညာရေးဆိုတာ နိုင်ငံသားအားလုံးအတွက်ပါ။ သို့သော် ပညာဆိုတာ ယူတတ်သူမှ ရတာပါ။ ရောင်းလို့၊ ၀ယ်လို့ရတဲ့ ရောင်းကုန်မျိုးမဟုတ်လေတော့ ပညာတန်ဖိုးကို တန်ဖိုးဖြတ်ပေးဖို့ မလွယ်ပါ။ ဒီလိုဆိုရင် ဘာ့ကြောင့် မြန်မာပြည်မှာ လူအချို့က "ပညာကို ငွေနဲ့ဝယ်မှ ရနိုင်တယ်" လို့ ပြောနေကြတာလဲ။ ပြောစရာပါ။ သူတို့စကားက ဘာကိုပြောချင်တာလဲ။ စဉ်းစားနိုင်ဖို့ပါ။ အဖြေကတော့ ရိုးရိုးစင်းစင်းလေး။ ပညာရေးမှာ ပြဋ္ဌာန်း ထားတဲ့ စနစ်မမှန်လို့ပါ။
ဂရိခေတ်က ပညာရေးစနစ်ကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ ဆိုကရေးတီးစ်က ပညာကို အရောင်း အ၀ယ်မျိုးမဖြစ်ရအောင် ကျောင်းသားများကို ပညာဒါနပြုပြီး ပညာကို စေတနာနဲ့သင်ပေးခဲ့သူပါ။ ဒီတော့ အခကြေးငွေယူပြီး ပညာသင်ပေးတဲ့ ဆရာများအုပ်စုက ဆိုကရေးတီးစ်ဟာ ကျောင်းသားများ ဘုရားသခင် အပေါ်မှာ ယုံကြည်မှုတွေကို ဖျက်ဆီးနေသူ၊ ကျောင်းသားများရဲ့ စိတ်ဓာတ်များကို ဖျက်ဆီးနေသူရယ်လို့ စွဲချက်တင်ပြီး ရုံးတော်မှာ အစစ်အဆေးခံရတဲ့အထိဖြစ်ခဲ့တာ။ ရုံးတော်ရဲ့ဆုံးဖြတ်ချက်အရ နောက်ဆုံးပြစ် ဒဏ်က တိုင်းပြည်က ထွက်ခွာသွားချင်ရင်လည်းသွား၊ သို့မဟုတ် အဆိပ်သောက်၍ သေနိုင်ရင်လည်းသေ။ အဖြေက ဒီနှစ်မျိုးပါ။
ဖေါက်ပြန်ရေးသမားမဟုတ်တဲ့ ဆိုကရေးတီးစ်က သူလုပ်နေတဲ့ အလုပ်ဟာ အမှားမဟုတ် ဘူးဆိုတာ ယုံကြည်ထားတာဖြစ်လို့ သူရဲ့စေတနာ၊ သူ့ရဲ့သစ္စာကို တိုင်းသူ၊ ပြည်သားတွေ တစ်နေ့နေ့တော့ သိလာမှာပါလို့ သက်သေထူပြထားခဲ့ချင်တဲ့အတွက် အဆိပ်သောက်ပြီး သေသွားခဲ့သူပါ။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။