အခုထောင်ထဲမှာ မြန်မာတွေ ၁ သောင်းလောက် အဖမ်းခံထားရတယ် တဲ့ ...
လာနေကျ ညိုညစ်ညစ် အညာသားလေးသည် လူနာထိုင်ခုံမှာ ထိုင်ရင်းလမ်းမဘက်ကို ငေးတွေတွေကြည့်နေလေသည်။သူက ကိုယ့်ဆေးးခန်းကိုလာနေကျလည်းဖြစ်သည်။ သူ့အပေါင်းအသင်း တရွာတည်းသားတွေကိုလည်း ဖျားတဲ့နာတဲ့အခါ သူကခေါ်ခေါ်လာတတ်သည်။ ဒီတခေါက်တော့ သူစကားနည်းပြီး နှုတ်ဆိတ်နေသည်။ ကိုယ်က အပြင်ထွက်လာတော့ သူသည် ထိုင်ရာမှထလာပြီး
'ဆရာ တခါတည်းနှုတ်ဆက်လိုက်တာ ကျွန်တော်တို့ ရွာပြန်တော့မယ်'
ဟုဆိုသည်။
ကိုယ်ကသူ့ကိုအံ့သွားသည်။ သူရွှေလီက ပန်းပုထုတဲ့ဆိုင်မှာ အလုပ်ဝင်နေတာ ၄နှစ်လောက်ရှိနေပြီ။တလကို ယွမ် ၁၂၀၀ (မြန်မာငွေ ၁သိန်းခွဲခန့်) ရသည်။ ပိုင်ရှင်သူဌေးက ထမင်းကျွေး နေဖို့နေရာပါပေးသည်။ သူက လူပျိုဖြစ်သော်လည်း အိမ်ထောင်သည်တွေအတွက်လည်း သူဌေးက နေစရာပေးသည်။ ဘာပဲဆိုဆိုသူတို့ အဆင်ပြေနေသည်ဟုပြောလို့ရသည်။ တလတလ ရွာကိုငွေပြန်ပို့ပေးနိုင်သည်။
အခုလိုအဆင်ပြေနေတာဘာလို့ရွာပြန်မလဲ ဟု ကိုယ်အံ့နေသည်။
"မင်းဘာလို့ပြန်မှာလဲ ဒီမှာ အဆင်ပြေနေသားပဲ "
ဟုမေးလိုက်တော့
"ဟုတ်တယ်ဆရာ အရင်ကတော့ဟုတ်တယ်။ အခုတလော အဆင်မပြေတော့ဘူးဆရာ။ သူဌေးကလည်း အရင်လိုမဟုတ်တော့ဖူး လခလည်းမပေးတာ ၃လရှိနေပြီ။ တလောက ကျွန်တော် ဒီမူဆယ်ကနေအပြန် ဂျယ်ဂေါင်မှာ တရုတ်ရဲဖမ်းတာခံရသည်။ တရုတ်ရဲက ပတ်စပုတ်အနီလေးပါလား စစ်တယ်။ ကျွန်တော့်မှာ ဘယ်ရှိမလဲ။ ကျွန်တော်က ရွှေလီထဲကို ၆ညအိပ် ၇ရက် တခါဖြတ် တခါသုံး ကဒ် အစိမ်းလေးလုပ်ထားတာ။ ဒီကဒ်လေးက မြန်မာဘက်ကနေလုပ်ပေးတယ်။ တခါ ဖြတ်ကဒ်ကငွေ ၁ထောင်ကျပ်ပေးရတယ် ။
တရုတ်ဘက်ကတော့ တပြားမှ မတောင်းပါဘူး။ ရယ်တော့ရယ်ရတယ် ဆရာ။ ကျွန်တော်တို့ မြန်မာပြည်ကထွက်ပြီး တရုတ်ပြည်ထဲ ၆ညသွားအိပ်တာ မြန်မာဘက်ကနေ ၁၀၀၀ တောင်းတယ်လေ။ မြန်မာပြည်ကနေထွက်ခပေါ့နော်။ ၆ည အအိပ်ခံရတဲ့ တရုတ်က တပြားမှ မတောင်းဘူး။ စဉ်းစားလို့မရဖူးဆရာ။ ကိုယ့်တိုင်းပြည်ကနေ သူများတိုင်းပြည်သွားကျွန်ခံအလုပ်လုပ်ကြရတဲ့ ကျွန်တော်တို့လို အလုပ်သမားတွေဆီကနေ မြန်မာပြည်က ထွက်ခငွေတောင်းရတယ်လို့လေ။ ဒီလိုတခါသုံး ကဒ်အစိမ်းက တပတ်တခါလုပ်ရင်တလ ၄၀၀၀ကျပ်ကုန်နေပြီ။ ကျွန်တော်တို့ ကထားပါတော့ အလုပ်ကြမ်းသမားတွေဆို မတတ်နိုင်ကြဘူးလေ။ ဒါကြောင့် ခြံစည်းရိုးကျော်ပြီး ခိုးဝင် ခိုးထွက်ကြတယ်။
တရုတ်ရဲနဲ့မိရင် အချုပ်ထဲရောက်တာပဲ။ကောင်မလေးတွေလည်းပါတယ်။ တလောက ဟိုးနမ့်ခမ်းနားက မန့်တပ်ဘက်ရွာကလာတဲ့ အသက်၈၀ကျော်အဖိုးကြီးနဲ့ ၆နှစ်အရွယ်ကောင်မလေး မြေးအဖိုးနှစ်ယောက်က အဖိုးကြီးရဲ့သားရှိတဲ့ ရွှေလီကစက်ရုံကိုသွားဖို့ ထွက်လာကြတာ။မြန်မာလ၀က ကသူတို့ကို ပတ်စပုတ်လုပ်မပေးဖူးတဲ့။ ဒါစာအုပ်အနီကိုပြောတာ ။ ဒီစာအုပ်အနီက တနှစ်သက်တမ်းရှိတယ်။ တနှစ်အတွင်း ရွှေလီထဲ ၀င်ထွက်လို့ရတယ်လေ။ ဒီအနီရောင်ပတ်စပုတ်ကလည်း ဟိုးအရင်လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတော့ လူတိုင်းနယ်တိုင်းကိုလုပ်ပေးတယ်လို့ ပြောတာပဲ။ အခုတော့ နမ့်ခမ်းကမို့ လုပ်မပေးဖူးတဲ့ ။ မူဆယ် ပုံစံ၁၀ရှိမှ လုပ်ပေးမှာတဲ့ လုပ်ရင်လည်း စာအုပ်ဖိုး ဓါတ်ပုံရိုက် သုံးလေးထာင်ကုန်တယ်။"
သူပြောတာကို ကိုယ်ကမရှင်းလို့
"နေပါဦး ။ အနီရောင်ပတ်စပုတ်ကို မူဆယ်ပုံစံ ၁၀ ရှိမှပဲလုပ်ပေးတယ်ဆိုတော့ မြန်မာပြည်ဘယ်ကပဲလာလာ မှတ်ပုံတင်ရှိနေရင် မြန်မာနိုင်ငံသားပဲလေ။ ရန်ကုန်ကနေ တခြားနိုင်ငံတွေထွက်ဖို့ ပတ်စပုတ်လုပ်ရင် မှတ်ပုံတင်နဲ့လုပ်ကြရတာပဲလေ။ တနိုင်ငံလုံးက ဘယ်မြို့ကဖြစ်ဖြစ် လုပ်လို့ရတာပဲ။ ပတ်စပုတ်ရရင် နိုင်ငံခြားထွက်လို့ရပြီလေ။ အခု မူဆယ်ပုံစံ၁၀မရှိတာနဲ တခြားမြို့ကနေလာတဲ့သူက ပတ်စပုတ်အနီလုပ်မပေးဖူးဆိုတာတော့ နည်းနည်း လွဲနေတယ်ထင်တာပဲ …"
ဟု ကိုယ်ပြောတော့
သူက
" ဒါပေမယ့်ဆရာ မူဆယ်ပုံစံ ၁၀ မရှိလဲ ပိုက်ဆံ မြန်မာငွေ၁သောင်း ၂သောင်းပေးရင်ရတယ်ဆရာ။ တရုတ်တွေဆို တရုတ်ငွေ ယွမ် ၁၀၀ ပေးရင်ရတယ်။ တခါတလေနည်းနည်းပိုပေးရတယ်။ အခု ၁ယွမ်ကို မြန်မာငွေ ၁၃၃ ကျပ်ပေါက်တယ်လေ။ ဒီလိုဆိုတော့ ဒါ "ဟ"ပေးထားတဲ့သဘောပေါ့။ အနီရောင်ပတ်စပုတ် လုပ်ချင်ရင် ငွေ၂သောင်းလောက်ကုန်မယ်ပေးရင်ရမယ်ဆိုဆဲ့သဘောပေါ့။ ဒါဘာလို့လဲလို့ ကျွန်တော် လ၀က ကလူတယောက်ကို မေးကြည့်ဖူးတယ်။ အရာရှိဖြေတာက ဒီလို"ဟ" ထားပေးရတဲ့အကြောင်းက လ၀က ၀န်ထမ်းတွေ ဒီမူဆယ်ဘက် လာချင်အောင်လို့ဆွယ်တာတဲ့လေ။ ဟုတ်မဟုတ်တော့ မသိပါဘူးဆဆရာရယ်။ …"
သူသက်ပြင်းချပြီး လမ်းမဘက်ငေးနေပြန်သည်။
"ဆက်ပါဦး …"
"အခုနက အဖိုးကြီးမြေးနှစ်ယောက် ကပိုက်ဆံမရှိဖူး ကဒ်စိမ်း ၁၀၀၀ လုပ်ဖို့လည်း မရှိဖူး ဒါနဲ့ ခြံစည်းရိုးပေါက်ကနေခိုးအ၀င် တရုတ်ရဲနဲ့တိုးတော့ အဖမ်းခံရတယ်။ ဒီအဖိုးကြီးနဲ့မြေးမလေးကို ရဲစခန်းမှာ ချုပ်ထားတယ်။ သူတို့လိုပဲ ပတ်စပုတ်မပြနိုင်လို့ ရဲကဖမ်းလို့ အချုပ်ခန်းပို့လိုက်ရင် ၂နာရီအတွင်း အမြန်လုပ်ရတယ်။ တရုတ်စကားပြန်နဲ့ ရဲစခန်းမှာ ယွန် ၅၀၀ ပေးပြီးရွေးရတယ် မရွေးနိုင်ရင် အခု ရထားလမ်းဖောက်နေတဲ့ဆီကို အလုပ်ကြမ်းလုပ်ဖို့ ပို့တယ်။ ရွှေလီက ဆေးဖြတ်စခန်းကိုပို့တယ်။ ယောကျာ်းလေးဆို ကိစ္စမရှိပေမယ့် ဆိုးတာက မြန်မာမလေးတွေဆို တကိုယ်လုံးရှိသမျှ အ၀တ်အစားတွေ ချွတ်ရတယ်။ ကောင်မလေးတွေကရှက်တော့ ဆောင့်ကြောင့်ထိုင်ချတယ်။ တရုတ်ရဲက မရဖူး။ ပေါင်ဖြဲခိုင်းတယ် ၊ သူတို့ပြောတာက မူးယစ်ဆေးဝါးတွေ အင်္ဂါစပ်ထဲဝှက်ထားမလားလို့ရှာတာတဲ့ ။ ဒါ လူ့အခွင့်အရေးခြိုးဖောက်တာလို့ ပြောသံကြားဖူးတယ်။ တရုတ်ရဲတွေဟာ မသင်္ကာလို့စစ်ဆေးရင် တရားခံလို ဆောင့်ကြောင့်ထိုင်ခိုင်းတယ်။ လက်ကိုခေါင်းပေါ်တင်ခိုင်းထားတယ် ခြေနဲ့ကန်၊ နံပါတ်ဒုတ်နဲ့ရိုက်တယ်။ အဖမ်းခံရရင် ထမင်းမစားရတော့ဘူး။ လိုက်ကျွေးတဲ့သူရှိရင်တောင် ရဲစခန်းနားကပ်လို့မရဖူး။ တလောက မူဆယ်ဘက်ကနေ နာရေးကူညီမှုအသင်းကရုဏာက လာပြီးကျွေးဖူးတယ်။ ကိုမြမောင်တို့ လာကျွေးဖူးတယ်။ အသိမရှိရင်တော့ ငတ်တာပဲ။ အခုထောင်ထဲမှာ မြန်မာတွေ ၁သောင်းလောက် အဖမ်းခံထားရတယ်တဲ့။ ဆေးဖြတ်စခန်းမှာ ရက်ရက်စက်စက်စစ်ဆေးတယ် ပြီးရင် ၀က်ကျွေးတဲ့ဆန်နဲ့ ပြုတ်တဲ့ ဆန်ပြုတ်တိုက်တယ်။သူဌေးကလည်း လိုက်မရွေးဘူးလေ။ လခမပေးရသေးတဲ့ အလုပ်သမားဆို သူဌေးတွေက ရဲနဲ့ပေါင်းပြီး အဖမ်းခိုင်းတာ ပေါင်းစားတာလည်း လုပ်တယ်လေ။ ကျွန်တော်အဖမ်းခံရတော့ အသိမြန်မာက ယွမ် ၅၀၀ နဲ့လိုက်ရွေးပေးလို့ လွတ်လာတာ။ အခု တယွမ် ၁၃၃ ဆိုတော့ ၅၀၀x ၁၃၃= ၆၆၅၀၀ ကျပ်ပေါ့။ ဒါကြောင့် ကျွန်တော် ဒီမှာ မလုပ်ချင်တော့ဘူး လစာ ၃ လစာလည်းမရဖူး။ ရွာပြန်ပြီး လယ်ပဲ စိုက်စားတော့မယ် ။ …"
သူ့အသံကတိုးတိမ်နေသည်။
သူက …
" ဒါနဲ့ … ဆရာ၊ ဒါတွေကို ကျွန်တော်တို့ ဘယ်သူ့ဆီသွားတိုင်လို့ရလဲဆရာ။ မြန်မာရဲလား၊ လ၀ကလား၊ မယကလား၊ မြို့နယ်ရုံးလား၊ စသုံးလုံးလား၊ အက်စ်ဘီလား၊ ကျားဖြူပါတီလား၊ ရှမ်းအမျိုးသား ဒီမိုကရေစီပါတီလား၊ ကြံ့ခိုင်ရေးပါတီလား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလား။ လူ့အခွင့်အရေးရုံးလား၊ ပီအယ်လ်အိုလား။ နိုင်ငံတော်သမတကြီးဆီကိုလား။ တိုင်လို့ကောရလားဆရာ။ တိုင်ချင်တယ်ဆရာ။ အခု ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီနိုင်ငံဆို။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ရင်ရလား။ မင်းကိုနိုင်ကို တိုင်ရမလား။ … … … … "
ကိုယ်လည်း သူ့ကို ဘာပြန်ဖြေရမှန်းမသိ။
"ဒါ …တရုတ်ရဲက သူ့နိုင်ငံဥပဒေအတိုင်း လုပ်နေတာပေါ့လေ။ ဒါပေမယ့် လူ့အခွင့်အရေး ဆိုတာတော့ရှိတယ်။ လူ့ဂုဏ်သိက္ခာဆိုတာရှိတယ်။ ငါတို့တွေက အဖေမရှိတဲ့ သားသမီးတွေလို မိဘမဲ့တွေလိုဖြစ်နေတယ်။ ငါတို့နောက်ကနေ မားမားမတ်မတ် ရပ်ပေးမယ့်လူ မရှိဖူး ဖြစ်နေတယ်။ ဟုတ်တယ်ကွ ဘယ်သူ့သွားတိုင်ရမှန်းငါလည်းမသိဖူး။တခုတော့ရှိတယ် မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ထားတဲ့သူတိုင်းကို တပြည်လုံးကလူတွေကို အနီရောင် ပတ်စပုတ် တနှစ်ခံတဲ့ စာအုပ် လုပ်ပေးလိုက်ရင် ဒီပြဿနာ မရှိတော့ဘူးပေါ့ ဘာလို့ လ၀က က လုပ်မပေးချင်တာပါလိမ့် ၊ ထုံးစံအတိုင်း အပေါ်ကချထားတဲ့မူလို့ ပြောဦးမှာပါ။ ကိုယ့်နိုင်ငံသား ဒုက္ခရောက်တဲ့မူ ကိုဘာလို့ မပြင်ချင်ရတာလဲ တွေးလို့ကိုမရဖူးဖြစ်နေတယ်။ ဒီမူက မြန်မာအလုပ်သမားတွေကို သေတွင်းပို့နေတာကွ …"
ဟု ရှက်ရှက်ဖြင့်ဖြေလိုက်သံက အားမရှိတာသေချာသည်။
သူက မျှော်လင့်ချက်မရှိမှန်း အဖြေကိုသိပြီးသော ကျောင်းသားလို မျက်နှာပြင်က အပြောင်းအလဲမရှိ။ ထုံတေတေ ဝေေ၀ရီရီ။
"ရွာပြန်တာာပဲ ကောင်းပါတယ်၊ ဆရာရာနော …"
ဟုသူပြောရင်း ဆေးခန်းထဲမှ လေးပင်လေးကန်ထွက်သွားခဲ့လေသည်။
ထိုစဉ် တရုတ်နံပါတ်တပ်ထားသော ပရာဒိုပုံ ကားတစီး ဆေးခန်းရှေ့တွင်ထိုးရပ်လိုက်ပြီး ကားပေါ်မှ မောက်ကြွကြွ မာန်ထထ စိနငနဲတကောင် ဆေးခန်းထဲဝင်လာသည်။
ဆေးခန်းနံရံပေါ်က ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ သားအဖနှစ်ယောက်က စိုက်ကြည့်နေသည်။
(Photo – Bo Han, Facebook, Migrant Workers ar Burma-China border)
ဘယ်သူ့ကို သွားတိုင်ရပါ့ မလဲ
ပြေ၊ဆေး၂
ဇူလိုင် ၁၉၊ ၂၀၁၂
ပြေ၊ဆေး၂
ဇူလိုင် ၁၉၊ ၂၀၁၂
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။