▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
တတိယနည်းလမ်း သို့မဟုတ် သမ္မတလက်မှတ်ရေးထိုးခြင်း မပြုသော
ထုတ်ပြန်ကြေညာချက်
The Third Way: The Presidential Non-signing Statement
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
...
နိဒါန်း
------
အမေရိကန်ပြည်ထောင်စု၌ ဥပဒေများ ထုတ်ပြန်ကြေညာရာတွင် အမေရိကန် သမ္မတများသည် Signing Statement နှင့် Non-signing Statement တို့ကိုပါ ကျင့်သုံးဆောင်ရွက်လေ့ ရှိကြောင်း တွေ့ရှိရသည်။ Signing Statement ဟူသည်မှာ ဥပဒေကြမ်းတစ်ခုအား လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ချိန်တွင် ယင်းဥပဒေနှင့် စပ်လျဉ်း၍ သမ္မတ၏ သဘောထားအား စာဖြင့်ရေးသား ကြေညာချက် ဖြစ်သည်။ Non-signing Statement ဟူသည်မှာ ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်ကို ဗီတိုကျင့်သုံးခြင်း၊ လက်မှတ်ရေးထိုးခြင်း မပြုဘဲ ဥပဒေ ဖြစ်လာသည့်အခါ ယင်းဥပဒေကြမ်းအား သမ္မတက လက်မှတ်ရေးထိုးရန် ငြင်းဆိုရသည့် အကြောင်းရင်းကို ဖော်ပြသည့် ကြေညာချက် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် Signing Statement များကို သမ္မတဂျိန်းမွန်ရိုး လက်ထက်မှစတင်၍ ထုတ်ပြန်ခဲ့ကြောင်းလည်း တွေ့ရှိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘုရင်စနစ် ကျင့်သုံးသည့် ဗြိတိန်နိုင်ငံတွင် ဥပဒေပြုခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်ကို ပါလီမန်နှင့် တော်ဝင်မျိုးနွယ်ဘုရင်၊ ဘုရင်မ Royal တို့ထံတွင် အပ်နှင်းထားပြီး ပါလီမန်က အတည်ပြုလိုက်သည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဘုရင်/ဘုရင်မသည် အငြင်းပွားဖွယ်ရာ အခြေအနေမှလွဲ၍ ဆန္ဒသဘော ထားပေးလေ့ မရှိကြောင်း တွေ့ရှိရသည်။ ၁၉၉၉ ခုနှစ်တွင် ဘုရင်မအဲလိဇဘက်သည် Military Action Against Iraq Bill ကို လက်မှတ်ရေးထိုးရန် ငြင်းပယ်ခဲ့ကြောင်း ပြန်ပြောင်း တွေ့ရှိနိုင်သည်။ အိန္ဒိယနိုင်ငံတွင် ဥပဒေကြမ်း အတည်ပြုရန် သမ္မတထံ တင်ပြရမည် ဖြစ်ပြီး သမ္မတက ယင်းဥပဒေကြမ်းကို သဘောတူကြောင်း သို့မဟုတ် သဘောမတူကြောင်း ကြေညာရသည်။ အိန္ဒိယ အခြေခံဥပဒေတွင် သမ္မတအား အိတ်ဆောင်ဗီတို အပ်နှင်းထားခြင်း မရှိသော်လည်း စာတိုက်ဥပဒေကို သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုခဲ့သဖြင့် ယင်းဥပဒေကို ၁၉၉၀ ပြည့်နှစ်တွင် အစိုးရက ရုပ်သိမ်းခဲ့ကြောင်း တွေ့ရှိရသည်။
Signing Statement တို့၏ ရာဇဝင်
-----------------------------------
သမ္မတဂျော့ဒဗလျူဘုရှ် လက်ထက်တွင် ၂၀၀၅ ခုနှစ်က Signing Statement ထုတ်ပြန်ခဲ့ရာ၌ အမေရိကန် စစ်သေနာပတိချုပ် တာဝန်၊ ပြည်ထောင်စု၏ အထွတ်အထိပ်စသည့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖော်ပြလျက် လက်မှတ်ရေးထိုးခြင်း သက်သက်သာ ဖြစ်သည်ဟူ၍ ထည့်သွင်း ဖော်ပြခဲ့သည်။ အိုဘားမား၏ ပထမသက်တမ်း အစောပိုင်းကာလများတွင် သမ္မတ ဂျူနီယာဘုရှ်ကဲ့သို့ ဆောင်ရွက်မည် မဟုတ်ဘဲ ဥပဒေပြုရေးတွင် ပါတီကြီးနှစ်ရပ်စလုံး၏ သဘောတူညီချက်၊ သမ္မတ၏ ထောက်ခံမှုတို့ဖြင့် ဆောင်ရွက်သွားရန် ထုတ်ဖော် ပြောကြားခဲ့သည်။ သို့သော်လည်း အိုဘားမား သည် Signing Statement အား ၂၀၀၉ ခုနှစ်တွင် ခုနစ်ကြိမ်၊ ၂၀၁၀ ပြည့်နှစ်တွင် ငါးကြိမ်၊ ၂၀၁၁ ခုနှစ်တွင် ခြောက်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် နှစ်ကြိမ် ထုတ်ပြန်ခဲ့ရာ စုစုပေါင်း ၂၁ ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း တွေ့ရှိရသည်။ ဤနေရာတွင် သမ္မတအိုဘားမားသည် အမေ ရိကန် သမ္မတများတွင် Signing Statement ထုတ်ပြန်မှု အကြိမ်ရေ အနည်းဆုံး ဖြစ်နေသည်မှာ ယင်း၏ကတိပေးထားမှုကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည်။
အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် Signing Statement ကို အသုံးပြုရန် သမ္မတအား လုပ်ပိုင်ခွင့် ပေးထားခြင်း မရှိသလို သမ္မတ လက်မှတ်ရေးထိုးခြင်း မရှိသောဥပဒေ Non-Signing Law သို့မဟုတ် ယင်းဥပဒေ၏ အစိတ်အပိုင်းကို လိုက်နာခြင်း ပြုမည်မဟုတ်ဟု ကြေညာခွင့်လည်း ပေးထားခြင်း မရှိပါ။ သမ္မတ၏ Signing Statement ကို ပြည်ထောင်စု မှတ်ပုံတင် Federal Register တွင် ပုံနှိပ်ဖော်ပြသော်လည်း ယင်းတို့မှာ ဥပဒေအရ စည်းနှောင်မှု မရှိပါ။ သို့သော် လက်တွေ့နယ်ပယ်တွင် Signing Statement သည် သမ္မတက ဥပဒေတစ်ရပ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ရည်ရွယ်သည့် လမ်းစဉ်ကို အသိပေးခြင်းဖြစ်၍ ဥပဒေထက် ပိုမိုအရေးပါသော အချက်လည်း ဖြစ်လာနိုင်သည်။
အမေရိကန်ပြည်ထောင်စု၏ Signing Statement ရော Non-Signing Statement ပါ လေ့လာကြည့်လျှင် ယင်းကြေညာချက်များ ထုတ်ပြန်ရခြင်း၏ အရင်းခံ အကြောင်းတရားမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်သည့် ပြဋ္ဌာန်းချက်များ ပါဝင်နေခြင်းကြောင့်သာ ဖြစ်ကြောင်း တွေ့ရှိရသည်။ အမေရိကန်သမ္မတများသည် အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် ကျမ်းသစ္စာ ပြုထားကြသူများဖြစ်၍ လက်မှတ်ရေးထိုးရန် ကွန်ဂရက်မှ တင်ပြလာသော ဥပဒေကြမ်းများကို စိစစ်ရာ၌ အခြေခံဥပဒေနှင့် မညီညွတ်ဟု ထင်မြင်ယူဆနိုင်သော ပြဋ္ဌာန်းချက်များ ပါဝင်လာခဲ့ပါက မညီမှန်း သိလျက်နှင့် လက်မှတ်ရေးထိုးခဲ့လျှင် ကျမ်းသစ္စာ ကျိန်ဆိုထားချက်ကို ဖောက်ဖျက်ရာ ရောက်စေမည် ဖြစ်သည်။ ထို့ကြောင့် ကျမ်းကျိန်ထားသော ကတိသစ္စာပြုချက်အရ အခြေခံဥပဒေနှင့် မညီဟု ယူဆထားသော ဥပဒေကြမ်းများကို လက်မှတ်ရေးထိုးရာတွင် များစွာစဉ်းစား သုံးသပ်ပြီး Signing Statement နှင့် Non-Signing Statement များ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ ဤသည်ကို အမေရိကန် ဥပဒေပညာရှင်များက တတိယနည်းလမ်း The Third Way ဟု အမည်ပေး ခေါ်တွင်ထားကြောင်း တွေ့ရှိရသည်။
ဥပဒေကြောင်းအရ ကြည့်မည်ဆိုလျှင် သမ္မတသည် အခြေခံဥပဒေနှင့် မညီညွတ်သော ဥပဒေကြမ်းများကို လက်မှတ်ရေးထိုးခဲ့ပါက အခြေခံဥပဒေကို မလိုက်နာဘဲ ချိုးဖောက်သည့် အနေအထားသို့ ရောက်ရှိစေမည် ဖြစ်ရာ လက်မှတ်မထိုးဘဲ Statement ထုတ်ပြန်ခြင်းက သင့်လျော်သည်ဟူ၍ ဥပဒေပညာရှင်အချို့က ဆိုသည်။ အခြားသော ဥပဒေပညာရှင်များကလည်း သမ္မတ၏ ရပ်တည်ချက်များဖြစ်၍ ကွန်ဂရက်က အလေးထား စဉ်းစားသင့်သည်။ သမ္မတ၏ ထုတ်ပြန် ကြေညာချက်သည် ဥပဒေ၏ အစိတ်အပိုင်းအဖြစ် ထည့်သွင်းသင့်သည် စသည်ဖြင့် ရပ်တည်ခဲ့ကြကြောင်း တွေ့ရှိရသည်။ အခြားသော ဥပဒေပညာရှင်များကလည်း ဥပဒေပြုရေး အာဏာသည် ကွန်ဂရက်၌သာ တည်၍ Separation of Power သဘောတရားအရ ဥပဒေ၏ အစိတ်အပိုင်း မဖြစ်သင့်ဟု ဆိုကြပြန်သည်။ အဆိုပါ အငြင်းအခုံသည် သမ္မတဘုရှ် လက်ထက်တွင် ပိုမိုပြင်းထန်လာခဲ့ရာ American Bar Association က အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ သုတေသန ပြုလုပ်ရသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ရသည်။
အပြန်အလှန် လေးစားမှုသည်သာ
----------------------------------
American Bar Association က ဖွဲ့စည်းပေးသော လေ့လာသုံးသပ်ရေး အထူးလုပ်ငန်းအဖွဲ့သည် သမ္မတနှင့် ကွန်ဂရက်အကြား ဥပဒေပြုရေးနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်ခဲ့သော သဘောထား ကွဲလွဲမှုများ၊ အငြင်းပွားမှုများအား လေ့လာဆန်းစစ်ခဲ့ကြသည်။ ယင်းအထူးအဖွဲ့၏ အစီရင်ခံစာနှင့် အကြံပြုချက် များကို ၂၀၀၆ ခုနှစ် သြဂုတ်လအတွင်းက ကျင်းပပြုလုပ်ခဲ့သော ကွန်ဂရက်၌ တညီတညွတ်တည်း ထောက်ခံခဲ့ကြောင်း တွေ့ရှိရသည်။
အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဟု သမ္မတက ထင်မြင်ယူသော ဥပဒေကြမ်းကို လက်မှတ်ရေးထိုးခြင်း အားဖြင့် သမ္မတသည် အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်-မရောက်၊ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဟု ထင်မြင်ယူဆနိုင်ဖွယ်ရာရှိသော ဥပဒေကြမ်းကို ကွန်ဂရက်က အတည်ပြုခြင်းအားဖြင့် ကွန်ဂရက်သည် အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်-မရောက် (ကွန်ဂရက်သည်လည်း အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် လေးစားလိုက်နာရန် ကျိန်ဆိုထားသူများ ဖြစ်သည်) စသည်တို့ကို အသေးစိတ် လေ့လာသုံးသပ်ခဲ့ကြခြင်း ဖြစ်သည်။ ဥပဒေများကို အနက်အဓိပ္ပာယ် ဖွင့်ဆိုကြရာတွင် Letters of Law ကိုသာမက Spirit of Law ကိုပါ ထည့်သွင်း စဉ်းစားသုံးသပ်မှ ပြည့်စုံနိုင်သည် ဖြစ်သလို ကွန်ဂရက်က အခြေခံဥပဒေနှင့် ညီညွတ်သည်ဟု ဆုံးဖြတ်လက်ခံရုံမျှဖြင့် အခြေခံဥပဒေနှင့် ညီသည်ဟု မှတ်ယူ၍ မရနိုင်ကြောင်းလည်း တွေ့ရှိခဲ့ကြသည်။ ဘားကောင်စီမှ ဥပဒေပညာရှင်များသည် သမ္မတဘက်တွင် လည်းကောင်း၊ ကွန်ဂရက်ဘက်တွင် လည်းကောင်း အလေးသာ လိုက်ပါခြင်းမရှိဘဲ အခြေခံ ဥပဒေအပေါ်တွင်သာ ရပ်တည်၍ ဆောင်ရွက်ခဲ့ကြသည်။
နောက်ဆုံးတွင် ဥပဒေပညာရှင်များသည် အမေရိကန်သမ္မတအား အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြသည် -
(၁) ကွန်ဂရက်၌ တင်ထားသော ဥပဒေကြမ်း သို့မဟုတ် ယင်းဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်တစ်ခုသည် ဥပဒေအဖြစ် ထုတ်ပြန်လျှင် အခြေခံဥပဒေနှင့် ကိုက်ညီမည် မဟုတ်ဟု သမ္မတက ယုံကြည်လျှင် ဥပဒေမပြဋ္ဌာန်းမီ ကွန်ဂရက်နှင့် ဆက်သွယ်၍ အသိပေးရန်၊
(၂) ဥပဒေကြမ်း၏ အဓိပ္ပာယ်၊ ရည်ရွယ်ချက်၊ အရေးပါမှုနှင့် သက်ဆိုင်သော သမ္မတ၏အမြင်ကို ဖော်ပြပြီး ကန့်ကွက်ချက်နှင့်အတူ ကွန်ဂရက်သို့ ပြန်လည် ပေးပို့သည့် ဗီတိုအာဏာကို အသုံးပြုရန်၊
အထက်ပါ နည်းလမ်းအတိုင်း မဟုတ်ဘဲ Signing Statement နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း သမ္မတက ဆောင်ရွက်ခဲ့ပါက သမ္မတ လိုလားသည့်အတိုင်း ဥပဒေ ပြဋ္ဌာန်းပေးရန် ကွန်ဂရက်သို့ တိုက်တွန်းခဲ့ကြောင်း တွေ့ရှိရသည် -
(၁) Signing Statement ၏ တရားဝင်မိတ္တူကို ကွန်ဂရက်သို့ သမ္မတက ချက်ချင်းတင်ပြခြင်း၊
(၂) Signing Statement ပါ ရည်ရွယ်ချက်အတွက် အကြောင်းပြချက်နှင့် ကိုးကားသည့် ဥပဒေတို့ကို သမ္မတက ကွန်ဂရက်သို့ တင်ပြလာခြင်း၊
(၃) ကွန်ဂရက်၏ ရှင်းလင်းသော ရည်ရွယ်ချက်နှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် ဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊
(၄) အထက်ပါ ဆောင်ရွက်ချက်ကို ပြည်သူအများ အလွယ်တကူ သိရှိနိုင်ရန် ဆောင်ရွက်ခြင်း။
ဆိုလိုသည့် သဘောမှာ သမ္မတက အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိဟု ထင်မြင်ယူဆချက်ကို ကြိုတင် အသိပေးလာလျှင်၊ ဗီတိုအာဏာကို အသုံးပြုလျှင်၊ Signing Statement အား ချက်ချင်း တင်ပြလာလျှင် သမ္မတ၏ လိုလားချက်အတိုင်း ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း တွေ့ရှိရသည်။
Rule of Law နှင့် အခြေခံဥပဒေ
--------------------------------
ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ကြရာတွင် နိုင်ငံတိုင်းရှိ ဥပဒေအားလုံး၏ အခြေခံဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလေးအမြတ် ထားကြရသလို နိုင်ငံတော်သမ္မတနှင့် ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ်များ အားလုံးသည် အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် ကတိသစ္စာ ပြုထားကြသူများ ဖြစ်ကြသည်။ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိဟု ထင်မြင်ယူဆကြသော ဥပဒေကြမ်းများကို ဥပဒေအဖြစ် ထုတ်ပြန်ခဲ့လျှင် အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက် မရောက်ဟူသော အချက်မှာလည်း ဥပဒေပညာရှင်များ ဒီဘိတ်ပြုလုပ်ရမည့် အချက်တစ်ချက် ဖြစ်ကြောင်း တွေ့ရှိရသည်။ တစ်ဖန် မိမိတို့နိုင်ငံ၏ အခြေခံဥပဒေအရ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိဟူသော အပြီးအပြတ် အတည်ဖြစ်သော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည်မှာ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဖြစ်နေကြောင်း တွေ့ရှိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လက်ရှိနိုင်ငံတော်၏ အခြေခံအုတ်မြစ် အင်စတီကျူးရှင်းတစ်ခုဖြစ်ပြီး ယင်းအင်စတီကျူးရှင်းကို ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်ကို ခုံရုံးအား သီးသန့် တာဝန် ပေးအပ်ထားခြင်း ဖြစ်သည်။ အထက်ပါအတိုင်း ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကြီး နှစ်ရပ်အကြား -
(၁) အခြေခံဥပဒေဆိုင်ရာ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်လာခဲ့လျှင်ဖြစ်စေ သို့မဟုတ် မပေါ်ပေါက်ခဲ့လျှင် ဖြစ်စေ၊
(၂) Signing Statement နှင့် Non-Signing Statement များ ထွက်ပေါ်လာခဲ့လျှင်ဖြစ်စေ သို့မဟုတ် ထွက်ပေါ်လာခြင်း မရှိလျှင်ဖြစ်စေ၊
(၃) အဆုံးအဖြတ် ခံယူရန်၊ အနက်အဓိပ္ပာယ် ဖွင့်ဆိုရန် ခုံရုံးသို့ တင်သွင်းလာလျှင် ဖြစ်စေ၊ မတင်သွင်းဘဲနေသည် ဖြစ်စေ၊
အခြေခံဥပဒေ ပုဒ်မ ၃၂၂၊ ပုဒ်မခွဲ (ခ) အရ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် မိမိအလုပ်ကို မိမိ လုပ်နေရမည်သာ ဖြစ်သည်။ ဥပဒေစိုးမိုးရေး၏ အခြေခံအုတ်မြစ်မှာ ဥပဒေအားလုံး၏ အခြေခံဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာရေးမှ အစပြုသည်ဖြစ်၍ အာဏာတည်ပြီး ဖြစ်သော အခြေခံဥပဒေသည် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း မပြုသေးသမျှ နိုင်ငံသားအားလုံး ခြွင်းချက်မရှိ လေးစားလိုက်နာရမည် ဖြစ်သည်။ အလားတူ ရှင်းရှင်းလင်းလင်း ဖော်ပြထားသော လုပ်ငန်းတာဝန်များအား အခြေခံဥပဒေဆိုင်ရာ ခုံရုံးက မိမိအလုပ် မိမိလုပ်ကြသည့်အခါ မဏ္ဍိုင်ကြီးအားလုံးနှင့် Stlakeholder အပေါင်းမှလည်း သူ့အလုပ်သူလုပ်သော ခုံရုံး၏ စိစစ်ချက်များကို အခြေခံဥပဒေနှင့်အညီ လေးစားလိုက်နာကြပါမှသာ Rule of Law ခိုင်မာစေမည် ဖြစ်ကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။
(မှူးဇော်)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Source : https://www.facebook.com/photo.php?fbid=614669771886619&set=a.164790403541227.32157.158797964140471&type=1&relevant_count=1]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬See More

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။