Ads (728x90)

အခုအခန်း(၁) ကို စပြောပါ့မယ် ။ သုည တွေ အရှေ့မှာရှိနေရင်ဘယ်လောက် များများ တန်ဖိုးမရှိပါဘူး လက်ယားလို့ထဲ့ထားတာပါ ။

ကျောက်ခေတ်မှဆောက်ခေတ်အုပ်ချုပ်ရေး
ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းတော်တော်များများက ( ဘယ်နှယ်သန်းတို့ဘာတို့ မမှတ်မိလို့ပါ ) လူတွေ စကားကောင်းကောင်းမပြောတတ်ဘူး ။ အိမ်မဆောက် တတ်ကြဘူး ။ ဘာသာစကားဆိုတာမရှိဘူး ဒီတော့ ကလေးတွေအနေနဲ့ စပီကင် တက်စရာမလိုတော့ဘူးပေါ့ ။ (သက်သာလိုက်တာ )
အိမ်မဆောက်တတ်တော့ မိုးရွာရင် မိုးစိုတာပေါ့ ။ ညဘက်မှာ အကောင်တွေ လာဖဲ့မှာလည်းကြောက်နေရတော့တာပေါ့ ။ ဒါပေမဲ့ လူဆိုတဲ့အကောင်ဟာ အချဉ်မှမဟုတ်ဘဲ သဘာဝကျောက်ဂူတွေ ရှာပြီး အထဲမှာနေတဲ့မြွေတို့ကင်းတို့ကို မောင်းထုတ်ပြီး အပိုင်စီးနေကြသပေါ့ ။
အခုခေတ်လို လေဆာရောင်ခြည်တွေ သေနတ်တွေ အမြောက်တွေ မပြောနဲ့ ဓါးဆိုတာတောင်မလုပ်တတ်ကြသေးဘူးလေ ။ ခက်တာက ဓါးမလုပ်တတ်တော့ တုတ်ကောင်းကောင်းလဲ ခုတ်ထစ်လို့မရတော့ဘူးပေါ့ ။ ဒါနဲ့ဘဲ နီးစပ်ရာ အုတ်နီခဲ အဲလေ ယောင်လို့ အုတ်လဲမဖုတ်တတ်ကြသေးဘူးဆိုတော့ကာ ကျောက်တုံး ကျောက်ခဲတွေကိုဘဲ လက်နက်အဖြစ်သုံးနေကြတော့တာပေါ့ ။
အဲဒါကို အစွဲပြုပြီး ကျောက်ခေတ်လို့ခေါ်ကြတယ် ( ဟဲဟဲ ငါကွ ) ။
လူတွေဟာစုပြီးနေကြတဲ့အကျင့်တော့ရှိတယ် ။
ဒါဟာ လူ ဆိုပြီး လူတစ် လုံး သူတစ်လုံး ဖြစ်ဖို့
အရေးကြီးဆုံး အချက် ဘဲဖြစ်သပေါ့ကွာ ။
အင်း ကျောက်ခေတ်လူတွေ စုပြီးနေကြတဲ့အခါမှာ လူများရင် ချီးများ တတ်တဲ့သဘောရှိလေတော့ စည်းမရှိ ကမ်းမရှိ ချီးပါတတ်တဲ့ကောင်တွေကြောင့် ကျောက်ဂူကြီးတစ်ခုလုံးဟာ အော့အော့စော်တွေ နံနေတော့တာပေါ့ ။
အဲဒီလိုနံနေတာဟာ တနေ့တစ်ခြားပိုပိုဆိုးရွားလာတော့ နေရာပြောင်းပြီး နေကြရတယ် ။ ခက်တာက အစပိုင်းတော့ နေရာက ပြောင်းစရာ ရှိသေးတယ်လေ နောက်တော့ အခြားဂူတွေမှာလည်း အခြားလူတွေနေကြတော့ နေရာဂူက ရှားလာတယ် ။

ဒီနိုင်ငံအလုပ်မကောင်းလို့ဟိုနိုင်ငံသွားတာမျိုးဟာ
တစ်နေ့တော့ ခက်လာနိုင်တယ်ဆိုတာမျိုးပေါ့

ဒီတော့ ချီးစော်နံတဲ့အကြောင်း နေရာပြောင်းဖို့အကြောင်း ဂူရှားပါးတဲ့ အကြောင်း ကို ဂူအောင်းလူတွေ ပြောကြဆိုကြရတော့တာပေါ့ ။ ( အဲဒါဟာ ကျောက်ခေတ်ရဲ့ပထမဆုံးနိုင်ငံရေးကိစ်္စဖြစ်နိုင်တယ် ) ဒီကြားထဲ သားရဲ တွေက ဂူနေလူတွေကို လာရောက်တိုက်ခိုက်နှာက်ယှက်သတ် ဖြတ်ကြ သေးတယ် လေ ။
အဲဒီလိုအချိန်တွေမှာ ဗလကောင်းကောင်းနဲ့ အသံဗြဲကြီးအော်တတ်တဲ့ ဂူဗြဲကြီး ဆိုတဲ့ လူကြီးကို အားကိုးကြရတာပေါ့ ။ ဂူဗြဲကြီးက ဘေးရန်တွေ ကို ကာကွယ်ပေးတတ်တော့ နဲနဲအရေးပါလာတယ် အဖိုးကြီးဖြစ်နေတဲ့ ဂူအိုကြီးကတောင် သူ့သမီး မီးမီးဂူ နဲ့ ဂူဗြဲကြီးကို သဘောတူသတဲ့ ။
အဒီလိုနဲ့ ဂူဗြဲကြီးဟာ အရေးပါလာပြီး ဘာပဲဖြစ်ဖြစ် တခြားလူတွေက သူ့ကိုဘဲ မေးကြမြန်းကြ တိုင်ပင်ပြီးအလုပ်လုပ်ကြတော့တယ်
နောက်ဆုံး ဂူထဲမှာ အော့အော့စော်တွေ နံနေတဲ့ကိစ်္စကိုလည်း ဂူဗြဲကြီး ကို ဖြေရှင်းခိုင်းသတဲ့ ။ ဂူဗြဲကြီးက အမိန့်ထုတ်တယ် ဂူထဲမှာ ချီးမပါရပေါ့ ။ သေးမပေါက်ရပေါ့ ။

ဒါဟာ ကျောက်ခေတ်ရဲ့
အစောဆုံး အုပ်ချုပ်ရေးဖြစ်လာပြီဆိုတာဘဲ ။
အမိန့်တော့ထုတ်တယ် - ပြစ်ဒဏ်မပါတဲ့အတွက် ကျင့်ဝတ်သာဖြစ်နေတယ်

ဒါပေမဲ့လစ်ရင်လစ်သလို ဂူမျောက်ရှုံးတွေက ချီးပါသေးပေါက် လုပ်ကြတုံး ဘဲ ။ ဂူဗြဲကြီးက ထပ်ပြီးအမိန့်ပေးရပြန်တယ် ။

ဂူထဲမှာ ချီးပါသေးပေါက်မလုပ်ရ လုပ်တဲ့ကောင် တင်းပုတ်စာကြွေးမည်
- ပုံ ဂူဗြဲ ။

ဒါကတော့ -
ကျောက်ခေတ်က ပေါ်ပေါက်လာတဲ့ ပထမဆုံး တရားဥပဒေပေါ့
တရားဥပဒေဟာ ကျင့်ဝတ်နဲ့မတူတော့ဘူး
ပြစ်ဒဏ်ပါလာပြီ

ဒီနေရာမှာထူးတာက -
အုပ်ချုပ်ရေးမှူးဖြစ်တတ်တဲ့သူဟာ -
ဘေးအန်္တရာယ် ပေါများပြီးဥာဏ်ထုံတဲ့ကာလတွေမှာ
ဗလကောင်းတဲ့ကောင် လူကြီးဖြစ်တတ်တယ်ဆိုတာရယ်
အုပ်ချုပ်ရေးနဲ့ တွဲပါလာတာက တရားဥပဒေ ဆိုတာရယ်
တရားဥပဒေတစ်ခုဖြစ်ဖို့ ပြစ်မှုနဲ့ပြစ်ဒဏ်လိုတယ်ဆိုတာရယ်
အစောဆုံးအုပ်ချုပ်ရေးတွေဟာ ဥပဒေပြုရေးရော တရားစီရင်ရေးပါလုပ်ကြတယ်ဆိုတာ
ဟာ ---- ကလေးတို့ မှတ်ထားရမဲ့ ဟာတွေပဲ
( မမှတ်ချင်လဲနေပေါ့ကွာ )

အုပ်ချုပ်ရေးက အလုပ်တော့ဖြစ်တယ် ။ ကျောက်ဂူကြီးနဲနဲသန့်သွား တယ် ။ မသန့်လို့လဲမဖြစ်ဘူး ဂူမျောက်ရှုံးအုပ်စုက ““ဂူဆိုး ””ဆိုတဲ့ကောင်ကို ဂူဗြဲကြီးက ကျောက်တင်းပုတ်နဲ့ ရောသမမွှေလိုက်တာ ရှေ့သွား နှစ်ချောင်းကျွတ်သွား သေးတယ်လေ ။ ဒီကတည်းက ဂူဗြဲကြီးရဲ့စကားကို အားလုံးက ပိုမိုလေးစား သွားတော့တယ် ။

ဒါဟာ အုပ်ချုပ်ရေးတိုင်းမှာရှိတတ်တဲ့
ပြစ်ဒဏ်ခေတ်ရခြင်းဆိုတဲ့
ရောဂါဘဲ

အဲဒီတော့ရှေးဟောင်းအုပ်ချုပ်ရေး ၊ ရှေးဟောင်း တရားဥပဒေ ၊ ရှေးဟောင်း တရားစီရင်ရေး(ပြစ်မှုပြစ်ဒဏ်)တွေကို မြင်ကြည့်လို့ရပြီပေါ့ ။

အနှစ်ချုပ်ရရင် -
- လူတွေ စုပြီးနေတတ်လာတယ်
- လူစုတွေအတွက် အုပ်ချုပ်သူပေါ်လာတယ်
- အုပ်ချုပ်သူက စည်းမျဉ်းစည်းကမ်းတွေချမှတ်တယ်
- မလိုက်နာရင် အပြစ်ပေးဖို့ သတ်မှတ်ချက်ဟာ ဥပဒေ
- အပြစ်ပေးတဲ့သူက အုပ်ချုပ်သူနဲ့ သူ့တပည့်တွေဖြစ်တယ်
- ဘေးအန်္တရာယ်များပြီးဥာဏ်ထုံတဲ့ကာလတွေမှာ ဗလကောင်း တဲ့ကောင်အုပ်ချုပ်သူဖြစ်တတ်တယ်
- ဘေးအန်္တရာယ်ဆိုတာ ပုံစုံမျိုးစုံဖြစ်နိုင်တယ်
- ဗလ ဆိုတာဟာလည်းပုံစံမျိုးစုံဖြစ်နိုင်တယ် (ဥပမာစစ်လက်နက်) ( ၀မ်းသာအားရထောက်ခံကန့်ကွက်မလုပ်နဲ့ဦး ကောင်ကလေး - ဒါအစဘဲ ရှိသေးတယ် နောက်ပိုင်းကို အဆုံးထိဖတ်ပြီးမှ စောဒကတက်ဖို့ စဉ်းစား )
အဲဒီလိုဂူဗြဲကြီးတို့ မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ပြောင်းသွားကြတယ်။
ဂူဗြဲကြီးနေရာကိုလည်း သူ့လိုဗလကောင်းတဲ့ ဂူအော်တို့ ကျောက်ဗြဲတို့ ဆိုတဲ့ ကောင်တွေ တစ်ကောင်ပြီးတစ်ကောင် နေရာဝင်ယူပြီး အုပ်ချုပ်ကြတော့တာပေါ့ ။
( အဲဒီရှေးလူတွေကို ကောင် / ကောင် နဲ့ သုံးနှုန်းပြောဆိုနေတဲ့ စာရေးသူဟာ အလွန်းရိုင်းတဲ့သူဖြစ်တယ် အမှန်က သူတို့ဟာစာရေးသူ အဘိုးတွေရဲ့ ၁၇၃၂၆၇၃ ဆက်မြောက် အဘေးတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ် ။ ဘာလို့ လည်းဆိုတော့ တို့သွေးထဲမှာ ဗြဲချင်တဲ့စိတ်တွေ ၊ ကျောက်ချင်တဲ့စိတ်တွေ ၊ အော်ချင် တဲ့စိတ်တွေ ရှိနေတုံးမို့ဘဲပေါ့ )
ဒီလိုနဲ့ မျိုးဆက်တွေဟာ ဘာကုန်ထုတ်လုပ်မှုမှ မလုပ်ဘဲ တောတောင်ထဲမှာ သဘာဝအလျောက် ရှိနေတဲ့ သားကောင်တွေဖမ်းတာ ၊ ငါးဖမ်းတာ ၊ အသီးအနှံတွေ ခူးဆွတ် စားသောက်တာ နဲ့ဘဲ အသက်ရှင်နေထိုင်ခဲ့တယ် ။
ဒါပေမဲ့ ၁၃၂၄ မျိုးဆက်မြောက် ရောက်တဲ့အခါမှာတော့ ( အဲဒီကိန်းဂဏန်းက ဖြီးတာနော် ) ကျောက်တွေကို ဆောက်ပုံသဏ္ဍန်လုပ်တတ်အောင်ဥာဏ်ကောင်းပြီး တခြား ကောင်တွေထက် နဲနဲသာပြီး မနက်အစောကြီးအိပ်ယာကနိုးတတ်တဲ့ ကျောက်ဆောက်သာနိုး ဆိုတဲ့ ရှေးဟောင်းလူကြီးတယောက်ကတော့ သစ်ပင်စိုက် တာကို ရှာဖွေတွေ့ရှိတော့တယ် ။
ဆောက်ခေတ် မှ သိုင်းခေတ် အုပ်ချုပ်ရေး
(မှတ်ချက် ။ ဘယ်သမိုင်းစာအုပ်မှာမှမရှိပါ လိုက်မရှာပါနဲ့ ရှာမယ်လည်း မထင်ပါဘူး )
စားပြီးသား အသီးအနှံတွေရဲ့ အစေ့ကနေ အပင်လေးပေါက်လာ တာက နေစလို့ စိုက်ပျိုးရေးကို တွေ့ရှိပြီး စိုက်ပျိုးရေးခေတ်ကြီးကို ရောက်လာတော့ တယ် ။
စိုက်ပျိုးရေးခေတ်ကြီးက ပြဿနာတွေကို စတင်ဖန်တီးတော့တယ် ။ ကိုယ်စိုက်ထားတဲ့ အပင်တွေက သီးတာကို တောထဲမှာ ခူးစားသလိုမျိုး အခြားသူ တွေကခူးယူစားသောက်လို့ မရတော့ဘူးပေါ့ ။ စိုက်တဲ့သူက တကူးတက စိုက်ထား ရတာကိုး ။
ဒါနဲ့ဘဲ ပိုင်ဆိုင်မှုဆိုတာပေါ်ပေါက်လာတော့တယ် ။ အဲဒီတော့ အဲဒီမျိုးဆက် တွေမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေဟာ တိုးချဲ့လာရတော့တယ် ။ ပထမဆုံး တိုးချဲ့ရတဲ့ အမှုအခင်းကတော့ စိုက်ပျိုးမြေပိုင်ဆိုင်မှုဖြစ်တော့တာပေါ့ ။
ပိုင်ဆိုင်မှုပေါ်လာတာဟာ လူ့သမိုင်းရဲ့ ခေတ်တခေတ်ပြောင်းတာပါဘဲ ။
ကုန်ထုတ်လုပ်မှုရဲ့ အစပိုင်းဟာ စိုက်ပျိုးရေး ဖြစ်ပြီး အခိုင်အမာပိုင်ဆိုင်မှုရဲ့ အစဟာ မြေယာဖြစ်တယ်ပေါ့ ။ ဒါဟာ သမိုင်းဦးဘုံမြေစနစ်ကို နိဂုံးချုပ်လိုက်တာပါဘဲ ။
အဲဒီကိစ်္စက ဒီမှာတင်မရပ်တော့ဘူး အပင်တွေစိုက်ထားရတော့ အပင်တွေရဲ့ အသီးအပွင့်တွေ ဆိုတာ ချက်ချင်းစိုက် ချက်ချင်း သီးတာမဟုတ်ဘူး ။ ဒီတော့ ရွှေ့ပြောင်းသွားလာဖို့မှာ အခက်အခဲတွေ ရှိလာတော့တာပေါ့ ။ ကိုယ်စိုက်ထားတဲ့ အပင်တွေနားမှာ တွယ်ကပ်နေရတော့ အခြေချ နေထိုင်ခြင်းဟာ စတင်လာ တော့ တယ် ။
ဒါ့ကြောင့် လွတ်လပ်မှုကို ပိုင်ဆိုင်မှုက ချုပ်နှောင်တတ်တယ်လို့
ဆာဒူးကြီး တွေက ပြောတာပေါ့နော်
အဲဒီလို ပိုင်ဆိုင်မှုနဲ့ အခြေချ နေထိုင်မှုကနေပြီး ၊ အနေကြာ ၊ အနေကြာ တဲ့အပြင် လျှပ်စစ်မီးကလည်း မပေါ်သေးတော့ ညအခါမှောင်ကြတယ်လေ ၊ ကြောက်ကြောက်နဲ့ ပူးကပ်အိပ်ကြရင်း လူဦးရေတွေလည်း တိုးပွါးလာရတော့တာ ပေါ့ ။ လူအုပ်စုကြီးတောင့်တင်းများပြားလာပြီး အဆောက်အဦးတွေပါ ဆောက်လုပ် နေထိုင်တတ်လာ တော့ ခပ်တည်တည်နဲ့ နိုင်ငံတို့ ၊ မြို့ပြတို့ ခေါ်ကြတော့တာပါ ဘဲ ။
ခေါင်းဆောင်လုပ်တဲ့သူကလည်း ဟိုလူ့ဟောက်လိုက် ဒီလူ့ဟောက်လိုက်နဲ့ လျှောက်ပြီး မန်နေရတော့တာပေါ့ ။ တခါတလေ မန်နေရင် ကြာမှာဆိုးလို့ ကိုယ်တိုင်ထလုပ်ရတဲ့အခါလည်းရှိတယ် ။ ( ဒီနေ့ခေတ် မန်နေဂျာ ဆိုတာ အဲဒီက စပြီး ဆင်းသက်လာတာပါဘဲ )အဲဒါကို ဗမာလိုတော့ စီမံခန့်ခွဲတယ်လို့ခေါ်တယ် လေ ။
စီမံခန့်ခွဲတယ်ဆိုတာက ကိုယ်က တိုက်ရိုက် ဘာမှမလုပ်ဘဲ သူများကို ခိုင်းနေတာမျိုးဖြစ်လေတော့ ကိုယ်စားဖို့ မန်မန်က တူတူပုန်းတော့တာပေါ့ ။ ဒါကို ဖြေရှင်းဖို့ အုပ်ချုပ်သူတွေကို ၀ါးတီးအတွက် စားနပ်ရိက်္ခာတွေ ပံ့ပိုးပေးကြရ တယ် ။ ဒါဟာ ပထမဆုံးဖြစ်လာတဲ့ အခွန်စနစ်တမျိုးပေါ့ ။
ခက်တာက ကိုယ်တိုင် ပင်ပင်ပန်းပန်းစိုက်ဟယ်ပျိုးဟယ် မွေးဟယ် အစာ ကြွေးဟယ် လုပ်ရတာထက် သူများကို ခိုင်းပြီး ၀ါးတီးအတွက် လာပေး တာလေး ကြိတ်ရတာဟာ အတော်သက်သာတာကို ရှာဖွေတွေ့ရှိ လာတော့တယ်။
အဲဒါပြဿနာဘဲပေါ့ ။ ( အဲဒီပြဿနာဟာ ဒီနေ့ခေတ်အထိ သယ်ဆောင်လာ လိုက်တာ နောင်ဘယ်တော့များမှ ပျောက်ကွယ်ကုန်မယ် ဆိုတာတောင် မခန့်မှန်းနိုင် တော့ဘူးလေ )
( မှတ်ချက် ။ စာေ၇းသူလည်း အဲသလို ကြိတ်ချင်ပါသည် )
အဲဒီလိုနဲ့ အုပ်ချုပ်တဲ့နေရာကို သူလိုချင်ငါလိုချင်ဖြစ်လာတော့တာပါဘဲ ။ ဒါပေမဲ့လဲ ဘယ်လွယ်ပါ့မလဲ ။ သူ့ထက်ငါ လူစွမ်းကောင်းတွေဘဲမဟုတ်လား ။ ပုံမှန် ဗလကောင်းယုံနဲ့မရတော့ သိုင်းတတ်ဖို့ပါလိုလာတော့တယ် ။
ဒီနေရာမှာ အထူးမှတ်ဖို့က ဗလဆိုတာပုံစံပြောင်းပြီဆိုတာပါဘဲ ။
ဗလဆိုတာ - အကောင်ကြီးတာ မဟုတ်တော့ဘူး ၊ သန်မာတာ မဟုတ်တော့ဘူး အခြားတစ်ယောက်ကို တိုက်ခိုက်အနိုင်ယူဖို့ အကွက်ဆန်းတွေပါ ပါလာပြီလေ ။ အဲဒီခေတ်ကို ကမ်္ဘာ့သမိုင်းပညာရှင်တွေက ကိုယ်ခံပညာ ခေတ်လို့ ခေါ်တယ် ။
( ဘယ်ပညာရှင်က ဘယ်စာအုပ်မှာ ခေါ်သလဲဆိုတာကို
စာရေးသူမကြားဘူးပါ )
ဒါပေမဲ့ ကွန်ဖူးတို့ ကရာတေးတို့ သိုင်းပြောင်းပြန်တို့ အာကီဒိုတို့ ဗန်ဒိုတို့ မပေါ်သေးဘူး အဲဒီတုံးကခေတ်စားတဲ့သိုင်းကတော့ မျောက်အုံးသီးလု ဆိုတဲ့ သိုင်းပညာပါဘဲ ။
ကလေးတို့ကိုအသိပေးချင်တာက
အုပ်ချုပ်သူတွေဟာ ဘယ်လိုမျိုးနဲ့ ခေတ်အဆက်ဆက်
နေရာ ရလာသလဲ ဆိုတာကို မီးမောင်းထိုးချင်တာပါဘဲ ။
အဲဒီအချိန်မှာတော့ စီမံခန့်ခွဲမှုနဲ့ တစ်ကိုယ်ရေတိုက်ရေခိုက်ရေစွမ်းမှုဟာ အုပ်ချုပ်သူ အဖြစ်နေရာရစေတော့တာပေါ့ ။ ဂူဗြဲကြီးတို့ခေတ်တုံးကလို အကောင် ထွားထွား ဗလကြီးကြီး အသံကျယ်ကျယ် ဆိုတိုင်း အုပ်ချုပ်သူမဖြစ်တော့ဘူးပေါ့ ။
ဒီလိုနဲ့ မျိုးဆက်တွေ တစ်ဆက် နှစ်ဆက်လောက်ဘဲ နေရဦးမယ် လှည့်လည် သွားလာတဲ့ အခြားမျိုးနွယ်စုတွေရဲ့ အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုကြောင့် သိုင်းသမားအုပ်ချုပ်တဲ့နိုင်ငံဟာ နလံမထူအောင် နှိပ်ကွပ်ခံလိုက်ရတယ် ။
ဒါဟာ အုပ်စုလိုက် တိုက်ခိုက်ခြင်းနဲ့
စစ်တပ်ဆိုတာကို
မွေးထုတ်ဖို့ လက်ယပ် ခေါ်နေတယ်ဆိုတာပဲ ။
ဒီနောက်ပိုင်းကတော့ စစ်တပ်နဲ့ စစ်တပ်ကို စေခိုင်းနိုင်သူ ဘုရင်ဖြစ်တဲ့ခေတ် ပါဘဲ ။ ဒီခေတ်စတင်တာနဲ့ မျောက်အုံးသီးလုသိုင်းသမားခေတ်ဟာကုန်ဆုံးသွားတော့ တယ် ။
စစ်တပ်ပိုင်သူအုပ်ချုပ်ရေး
အခုပြောနေတဲ့ အဓိက ချက်ပတာဟာ အုပ်ချုပ်ရေးဘဲဖြစ်တယ် ။ ခေါင်းစဉ်ကွဲ ကတော့ -
စစ်တပ်ပိုင်သူ အုပ်ချုပ်ရေးပေါ့ ။
လူစုကို တစ်ကိုယ်ရေလူစွမ်းကောင်းက ဦးဆောင်ယုံနဲ့မရတော့ဘူး ။
လူစွမ်းကောင်းဟာ ဗလ ကနေ တိုက်ရည်ခိုက်ရည်
တိုက်ရည်ခိုက်ရည်ကနေ စစ်ဆင်စစ်တက်
စသဖြင့် ပုံစံပြောင်းလာပြီပေါ့ ။
အဲဒီပုံစံဟာ အတော်ကို မဖွံ့ဖြိုးဘူးဖြစ်နေတယ် ။ ဆိုလိုတာက စိုက်ပျိုးရေး နှောင်းခေတ်ကနေ ယနေ့အထိ အချို့နေရာတွေမှာခေတ်စားနေတုံးဘဲ ။ ဒီကြားထဲမှာ တိုးတက်ပြောင်းလဲ လာတာကတော့ စစ်လက်နက်အမျိုးမျိုးဘဲဖြစ်နေတယ် ။ စစ်ဆင်စစ်တက်ကနေ -
စစ်လက်နက်ဘက်ကို အခြေပြောင်းသွားပေမဲ့ -
စစ်တပ်ကို ကွန်မန့်ပေးနိုင်သူတွေ အုပ်ချုပ်နေကြတုံးဘဲဆိုတာ
အုပ်ချုပ်ရေးပိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်နေတာကို ပြဆိုတယ် ။
အဲဒီရပ်တန့်မှုဟာ ဒီကနေ့အထိပါဘဲ ။
ဒီကနေ့အထိ နိုင်ငံတော်တော်များများမှာ ကျန်ရှိနေသေးတယ် ။
ဒါဟာ အုပ်ချုပ်ရေးပိုင်းဖွံ့ဖြိုးတိုး တက်မှုဟာလူ့သမိုင်းနဲ့ချီပြီး
သေနေတယ်ဆိုတာပါဘဲ ။
အချို့နိုင်ငံများမှာတော့ဒီမိုး က ရေစီးတယ် ဆိုတဲ့ အုပ်ချုပ်ပုံအုပ်ချုပ်နည်း ဟာတိုးတက်ခဲ့ပါသေးတယ် ။

ကြားဖောက်တိုးတက်ဖွံ့ဖြိုးခြင်း
ဒီကာလတွေမှာ ကြားဖောက်ပြီးတိုးတက်လာတာကတော့ လူထုအုပ်ချုပ် ရေးဆိုတာဘဲ ။ လူထုတွေက ရွေးချယ်ပေးတဲ့သူ ။ လူထုတွေရဲ့ထောက်ခံ မဲအများစုကို ရရှိသူတွေ အုပ်ချုပ်ရတဲ့ခေတ်ကို ဘီစီ ၆၀၀ လောက်မှာ အရှေ့ တိုင်း ၊ ဘီစီ ၄၀၀ လောက်မှာ အနောက်တိုင်းမြို့ပြအချို့ - ကျင့်သုံးခဲ့ဘူးတယ် ။
ဒါဟာလည်း တောက်လျှောက် ဖွံ့ဖြိုးလာတာမရှိဘူး စစ်ဘုရင်တွေက မကြာခဏ ဆက်ခံအုပ်ချုပ်သွားလေ့ရှိတယ် ။
ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ လူထု၇ဲ့ ထောက်ခံရွေးချယ်ပေးသူသာ
အုပ်ချုပ်ရမယ်ဆိုတဲ့ အတွေးအခေါ်ကို မကြားဘူးသူမရှိတော့ဘူး ။
ဒီအတွေးအ ခေါ်မှားတယ်လို့ ငြင်းဆန်ဝံ့သူမရှိတော့ပါဘူး ။

ဒီမိုး က ရေစီးခြင်း (သို့မဟုတ်) ဒီမိုကရေစီ
ဒီမိုကရေစီဆိုတာကတော့ ပြည်သူအုပ်စိုးခြင်းပါဘဲ ။ ခက်တာက ပြည်သူတွေက အားကြတာမဟုတ်ဘူး လေ ချဲတွက်တဲ့သူကတွက် ၊ နှစ်လုံးတွက်သူ ကတွက် ၊ ဘောပွဲလောင်းသူကလောင်း ၊ ဘီယာသောက်သူကသောက် ၊ မုန်တိုင်းကနှိပ်စက်လို့ နလံမထူသူက မထူ ဖြစ်နေတယ်လေ ။ ဒီတော့ နဲနဲ အားအားယားယား ရှိနေပြီး တောင်လုပ်မြောက်လုပ် လုပ်တတ်တဲ့သူတွေကို အငှားချထားရတော့မယ်လေ ။
ကိုယ်က စပြီး ကိုယ်စားလှယ်ငှားမှာဆိုတော့ သူတို့ကို လစာတော့ပေးရမှာ ပေါ့ ။ အဲ မအားပါဘူးဆိုပြန်ပါမှ အားနေတဲ့သူတွေက လည်း အတော်များများ ရှိသေးတယ် ။
နေပူထဲမှာ အလုပ်မလုပ်ဘဲ လေအေးပေးခန်းထဲမှာ တော်ကီတွေ ပစ်နေယုံနဲ့
လစာရမယ်ဆိုတော့ လုပ်ချင်တဲ့သူ က ပေါ်လာပြန်တယ် ။ ဒီတော့မှ ပြည်သူက (အပ်ပါးဟမ်း) အထက်စီးပြန်ရတယ် ။
အေး - - မင်းတို့ ကို ငါတို့ ငှားရင် ဘာတွေကို ဘယ်လို လုပ်မလဲ ပြောကြစမ်းကွာ ကြိုက်တဲ့ကောင် ငှားမယ်ပေါ့ ။
ဒီလိုနဲ့ဘဲ အငှားလိုက်လုပ်ချင်သူတွေက လက်ညှိုးထောင်ပြီး ကျနော်ကျမတို့ ကို မဲပေးရင် ဘာတွေ လုပ်ပါ့မယ်လို့ ကတိတွေ ဒလဟောပေးကြပြန်တယ် ။
ဒါကိုဘဲမဲဆွယ်စည်းရုံးရေးလို့ခေါ်ကြပြန်တယ်
ဘာပဲဖြစ်ဖြစ် လူထုအများစု ထောက်ခံမဲရတဲ့သူတွေကို အုပ်ချုပ်သူ အဖြစ်ခန့်ထားကြတော့တာပဲ ။
ဒီလို လုပ်ပုံကိုင်ပုံတွေကို ဒီမိုးကရေစီးတယ်လို့ ပြောတာပါဘဲ ။ အုပ်ချုပ်သူ ကိုရွေးတဲ့ ကိစ်္စ ၊ တရားဥပဒေတွေရေးဆွဲပြဌာန်းသတ်မှတ်တဲ့ကိစ်္စ ၊ အဲဒီတရား ဥပဒေတွေ နဲ့ အညီ - လုပ်မလုပ် ဆုံးဖြတ်တဲ့ကိစ်္စ ဒီလိုကိစ်္စတွေကို ခွဲခြားတဲ့ ပုံစံတွေလည်းပေါ်လာတယ် ။
ဒါကတော့ အုပ်ချုပ်ရေးပိုင်းတိုးတက်ဖွံ့ဖြိုးလာခြင်းဘဲ ။
ကလေးတို့မှတ်ရမှာကတော့ -
ဒီမိုကရေစီနဲ့အတူ အုပ်ချုပ်ရေးအာဏာ
ခွဲဝေကျင့်သုံးခြင်းဟာ
တိုးတက်တဲ့အုပ်ချုပ်ရေးပုံစံဆိုတာဘဲ
အဲဒီမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာလည်းပေါ်ပေါက်လာတယ် ။ အဲဒါကတော့ နောက်ဆုံးတိုးတက်ခြင်းပါဘဲ ။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို အလွယ်နားလည်ရမယ်ဆိုရင် -
အုပ်ချုပ်ရေးဝန်ထမ်းတွေကို ပြည်သူကဘယ်လိုရွေးချယ် တင်မြှောက်မယ် -
အုပ်ချုပ်ရေးဝန်ထမ်းတွေက ဘယ်လိုအာဏာခွဲဝေမယ် -
အုပ်ချုပ်ရေးဝန်ထမ်းတွေကို ဘယ်လိုပြန်လည်ဖယ်ရှားနိုင်တယ် -
(တရားစီရင်ရေး နဲ့ ဥပဒေပြုရေးဟာ ကနဦးမှာ အုပ်ချုပ်ရေးက ဆင်းသက်လာခဲ့တာဖြစ်တယ်)
ဆိုတဲ့ အခြေခံ အချက်တွေပါတာဘဲဖြစ်တယ် ။
ဒီနေရာမှာ ပြည်ထောင်စုစနစ်ဆိုရင်တော့ -

ပြည်နယ်တွေက ဘယ်လိုမျိုး ဥပဒေပြုခွင့် (ကွဲလွဲခွင့်) ပြည်နယ်တစ်ခုနဲ့တစ်ခု ကွဲလွဲခွင့် ၊ ကွဲလွဲစွာ ကျင့်သုံးခွင့်ကို
အတိုင်းအတာ သတ်မှတ်ပေးထားတဲ့ ကိစ်္စတစ်ခု ပိုလာမယ် ။

၂၄၃ ဘီစီလောက်ကစပြီး ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရား စီရင်ရေးကို ကဏ္ဍသုံးခုခွဲပြီး သီးခြားစီလုပ်ပိုင်ခွင့်ပေးခဲ့ကြဘူးတယ် ။ ဒီနေ့ခေတ်မြန်မာနိုင်ငံမှာတော့ ဖော်ပြပါအတိုင်း ကဏ္ဍ သုံးခုခွဲထား တယ် ။

တစ်ပြည်ထောင် နဲ့ ပြည်ထောင်စု
တစ်ပြည်ထောင်နဲ့ ပြည်ထောင်စု ဆိုတာကိုလည်း လူငယ်တို့ ကွဲကွဲပြားပြား သိထားဖို့လိုတယ် ။ တစ်ပြည်ထောင်ဆိုတာကတော့ ရှင်းပါတယ် ကျင့်သုံးတဲ့ ဥပဒေတိုင်းဟာ နိုင်ငံနယ်နိမိတ်တစ်လျှောက်လုံး အတူတူဖြစ်နေတယ်ဆိုတာပါဘဲ။
ဘယ်လို လူမျိုးတွေဘဲ ကွဲပြားနေပါစေ အဲဒီလူတွေအကုန်းလုံး တပြေးညီ လိုက်နာ ကျင့်သုံးနေရတဲ့ ဥပဒေတွေချည်းဘဲဆိုရင် တစ်ပြည်ထောင်စနစ်ပေါ့ ။
ပြည်ထောင်စု ဆိုတာကတော့ ပြည်ထောင်လေးတွေကို စုထားတာပေါ့ ကွယ် ။ ထူးခြားတာက ပြည်ထောင်လေးတွေဆိုတော့ တစ်ခုထဲမဟုတ်ဘူး ။ တစ်ခုထဲမဟုတ်တာက မတူကွဲပြားတယ်ပေါ့ ။ လူမျိုးတွေမတူကွဲပြားတာ ဖြစ်ချင်ဖြစ်မယ် ။ ဘာသာတွေမတူကွဲပြားတာ ဖြစ်ချင်ဖြစ်မယ် ။
ဘယ်လိုဘဲ မတူပါစေ ကျင့်သုံးရမဲ့ ဥပဒေတွေ အားလုံးတူနေရင် ပြည် ထောင်စု မဟုတ်သေးဘူး ။ နေရာဒေသအလိုက် ကျင့်သုံးရမဲ့ ဥပဒေတွေ ကွဲလွဲနေရင်တော့ ပြည်ထောင်စု ဖြစ်လာပြီပေါ့ ။ အဲဒီတော့ ပြည်ထောင်စုဖြစ်ဖို့ အရေးကြီးဆုံးကတော့ မတူကွဲပြားစွာ ကျင့်သုံး ဆောက်တည်ဖို့ ဘယ်လောက် အာမခံပေးထားတယ် ။ ဘယ်လောက်ခွင့်ပြုတယ်ဆိုတာပေါ် မူတည်တယ် ။
များများကွဲလွဲခွင့်ရှိတာမျိုးကို အဆင့်မြင့်တဲ့ပြည်ထောင်စုလို့ခေါ်ပြီး သီးခြား လွတ်လပ်တဲ့ ပြည်ထောင်အများ ပေါ်လာတဲ့အခါမှာ ဂိတ်ဆုံးသွားတော့တယ် ။
( အထက်ဂိတ်ဆုံး )

ကွဲလွဲစွာ ကျင့်သုံးခွင့်တွေ နည်းလာတိုင်းနည်းလာတိုင်း အဆင့်နိမ့်တဲ့ ပြည်ထောင်စု ဖြစ်ဖြစ်လာတယ် ။ ကွဲလွဲမှုတွေ လုံးဝမရှိတော့ရင်တော့ ပြည်ထောင်စု အဖြစ်ကနေ ဂိတ်ဆုံးပြီး တစ်ပြည်ထောင်ဖြစ်လာတယ်။
( အောက်ဂိတ်ဆုံး )
ဘယ်ဟာကပိုကောင်းတယ်ဆိုတာမရှိဘူး ။ အခြေအနေအရပါဘဲ ။ ဆိုကြပါစို့ နိုင်ငံတွေ မဟာမိတ်ဖွဲ့တာ ပြန်စုဖို့လုပ်တာပေါ့ ။ သီးခြားစစ်တပ်ကနေ မဟာမိတ်စစ်တပ် ဒီကမှ တစ်ခုတည်းသောစစ်တပ် ဖြစ်သွားရင် ပြည်ထောင်စု ကြီးပေါ်လာတယ် ပေါ့ ။ အတူ စုပေါင်းနေလို့အဆင်မပြေကြတဲ့အခါ သီးခြား လွတ်လပ်ရေးတွေ ယူ ၊ သီးခြားနိုင်ငံတွေထူထောင် သီးခြားစစ်တပ်တွေ ဖွဲ့ကုန်ကြ တာပေါ့ ။

လူမို့လို့
ဘယ်လိုဘဲတိုးတက်တဲ့အုပ်ချုပ်ရေးပေါ်လာပလေ့စေ။ လူဆိုတော့ လူဝါးဝ တတ်တယ်လေ ။ ဒီတော့ လစ်ရင်လစ်သလို သြဇာနဲ့ အာဏာကို ထူထောင်နေ ကြတုံးဘဲပေါ့ ။
ဒီတော့ အုပ်ချုပ်ရေးတိုးတက်မှုဟာ ဆန့်ငင်ဆန့်ငင်နဲ့ လက်နက်အားကိုးပြီး ဖြေရှင်းနေရတာတွေ ရှိနေတုံးဘဲ ။ ဒီနေရာမှာ ဆင်ခြင်နိုင်စွမ်းနိမ့်သူများလေ လက်နက် အားကိုးပြီးရှင်းတဲ့ကိစ်္စ များလေ ပေါ့ ။

ချီးခေတ်ရဲ့ အုပ်ချုပ်ရေးပုံစံ
ဒီနေ့နောက်ဆုံး ချီးခေတ်မှာ အီးဂါးဗားမန့်လို့ခေါ်တာကြားဖူးတယ်မလား ဒါကတော့ ချီးခေတ်မှာ ကျင့်သုံးတဲ့ အုပ်ချုပ်ရေး စနစ်မဟုတ်ပါဘူး ။ အုပ်ချုပ်ရေးရဲ့ နောက်ဆုံးဖွံ့ဖြိုးခြင်းဟာ ဒီမိုကရေစီ ဆိုတာမှာဘဲ ဂိတ်ဆုံးပါသေးတယ် ။
အီးဂါးဗားမန့်ဆိုတာကတော့ ခေတ်မီအစိုးရတွေ ကိုင်တွယ်မောင်းနှင်တဲ့ ကိရိယာကို ပြောတာပါ ။ နိဂုံးချုပ်ရရင် အရာရာမှာ အီး ပါမှ ခေတ်မီတဲ့ ယနေ့ခေတ်ရဲ့ နောက်ဆုံးဖွံ့ဖြိုးခဲ့တဲ့ အုပ်ချုပ်ရေးဟာ ဖွဲ့စည်းပုံနဲ့ပေါ်လာတဲ့ ဒီမိုကရေစီ အုပ်ချုပ် ရေးပါဘဲ ။
အခန်း ၀၀၀၀၀၀၀၀၀၀၀၁ ပြီးပြီ ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...