Ads (728x90)

 
-
 
-
 
-
---------------------------------------------------------------------------

မြန်မာ့ဘောလုံး လောက ဖွံ့ဖြိုး တိုးတက်ရေး ရေရှည် မဟာဗျူဟာ တစ်ရပ်အဖြစ် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)မှ ကြီးမှူး တည်ထောင်သည့် မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)၏ ယူ-၁၂ သက်တမ်းကို အခြေပြုပြီး ယူ-၁၃၊ ယူ-၁၄၊ ယူ-၁၅ စသည့် သက်တမ်းအလိုက် လူငယ်အသင်းများ လေ့ကျင့် ဖွဲ့စည်းရန်အတွက် လူငယ်ကစား သမား ပဏာမ ရွေးချယ်မှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပြုလုပ် ပြီးစီးခဲ့ရာ အဆိုပါ ရွေးချယ်ထားသည့် ပဏာမ လူစာရင်းကို ထပ်မံစိစစ်ပြီး အပြီးသတ် လူရွေးချယ်မှုကို ၂၀၁၄ ခုနှစ်၊ မေလ (၁၈) ရက်နေ့၊ နံနက် (၇) နာရီတွင် လေ့ကျင့်ရေးကွင်း (၁) ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး) အတွက် ယူ-၁၂ အသင်း လူငယ် ကစားသမား ရွေးချယ်မှု အစီအစဉ် တစ်ခုလုံး၏ တာဝန်ခံအဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဌာန ဒါရိုက်တာ ဦးဝင်းသူမိုးမှ ဆောင်ရွက်ပြီး၊ ၎င်း၏ လက်အောက်တွင် အဖွဲ့ခေါင်းဆောင် တစ်ဦးစီ ပါဝင်သည့် အဖွဲ့ဝင် သုံးဦးပါ အဖွဲ့(၅) ဖွဲ့, ဖွဲ့စည်းကာ ပထမအဆင့် အဖြစ် ပဏာမ လူရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။

ယင်း အဖွဲ့(၅) ဖွဲ့သည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ မကွေး၊ မော်လမြိုင် စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး၏ မြို့ကြီးများတွင် ဧပြီလ (၂၆)၊ (၂၇)၊ (၂၈)၊ (၂၉) ရက်နေ့များ၌ ဇုန်(၅)ဇုန်ခွဲ၍ လူငယ် ကစားသမား ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြသည်။ (၂၆) နှင့် (၂၇) ရက်နေ့ များတွင် နေပြည်တော်၊ တောင်ကြီး၊ မုံရွာ၊ မကွေး၊ မော်လမြိုင် စသည့် မြို့ကြီးများနှင့် (၂၈) နှင့် (၂၉) ရက်နေ့များတွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ၌ အဖွဲ့များ ဖြန့်ခွဲပြီး မြေပြင်ကွင်းဆင်းကာ လူငယ် ကစားသမား ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ပဏာမရွေးချယ်ခံ လူငယ် ကစားသမား စုစုပေါင်းမှာ (၈၇) ဦး ဖြစ်ပြီး၊ ယင်းတို့အနက်မှ အရည်အချင်း ပြည့်မီသည့် လူငယ် (၃၀) ဦးကို ယူ-၁၂ အသင်း ဖွဲ့စည်းလေ့ကျင့်ရန် အပြီးသတ် ရွေးချယ်မည် ဖြစ်သည်။ အဆိုပါ ယူ-၁၂ သင်တန်းသား များသည် လာမည့် ဇွန်လတွင် စတင်မည့် မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)၏ စာသင်နှစ်သို့ တက်ရောက်ခွင့် ရမည်ဖြစ်ပြီး လိုအပ်သည့် စာရွက်စာတမ်း၊ ကျောင်းထွက်စာ တို့နှင့်တကွ မေလ (၂၇)ရက်နေ့တွင် မန္တလေးမြို့တွင် လာရောက် သတင်းပို့ကြ ရမည်ဖြစ်သည်။

အပြီးသတ် လူရွေးချယ်မှု ပြုလုပ်ရာတွင် 1 vs 1 ၊ 2 vs 2 ၊ 4 vs 4 စသဖြင့် တစ်ဦးချင်း၊ နှစ်ယောက်တွဲ၊ လေးယောက်တွဲ ကစားစေခဲ့ပြီး ဘောလုံး ထိန်းချုပ်မှု၊ ဖြန့်ဝေမှု၊ အသင်းလိုက် ကစားတတ်သည့် စိတ်ဓာတ်နှင့် ဖြတ်ထိုးဉာဏ် တို့ကို စစ်ဆေးခဲ့သည်။ ထို့အပြင် ဘောလုံးစွမ်းရည် သာမက အသက်တန်း မှန်ကန်မှု ရှိ၊ မရှိ ကိုပါ စနစ်တကျ ကြပ်မတ် စစ်ဆေးခဲ့ပြီး အသက်နှင့် လိုက်ဖက်သည့် အရပ်အမောင်း ဖြစ်နိုင်ချေ ရှိ၊ မရှိ ကိုပါ အပြီးသတ် စစ်ဆေးမှု ပြုလုပ်ရာ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းသို့ တစ်ပါတည်း လိုက်ပါ လာကြသော မိဘများနှင့် တိုက်ဆိုင် စစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် လာရောက် စစ်ဆေးမှု ခံယူခဲ့ကြသော ကလေးငယ်များ အားလုံးကို တစ်ဦးလျှင် ချီးမြှင့်ငွေ ကျပ်တစ်သောင်းစီ နှင့်အမှတ်တရ ဘောလုံးလက်ဆောင်များ ပေးအပ်ဂုဏ်ပြု ခဲ့ပါသည်။ စစ်ဆေးမှုကို အကောင်းဆုံး ဖြတ်သန်းနိုင်ခဲ့ ကြသူစာရင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဌာန ဒါရိုက်တာ ဦးဝင်းသူမိုး ဦးဆောင်သော အာရှအဆင့် လက်မှတ်ရ နည်းပြအဖွဲ့မှ တိုင်ပင်ဆုံးဖြတ် ကြမည်ဖြစ်ပြီး ရွေးချယ်ခံရသူ စာရင်းအား အစိုးရထုတ် နေ့စဉ်သတင်းစာ များမှလည်းကောင်း၊ ဖုန်းဖြင့် လည်းကောင်း ထုတ်ပြန် အကြောင်းကြားပေးမည် ဖြစ်သည်။

အာဆီယံ ဒေသအတွင်းရှိ ဘောလုံးအကယ်ဒမီ များသည် အခကြေးငွေ ပေးတက်ရသော ပုဂ္ဂလိက စာသင်ကျောင်းများ သဖွယ် ဖြစ်နေသော်လည်း မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)သည် အရည်အချင်း သတ်မှတ်ချက် ပြည့်မီပါက အခမဲ့တက်ရောက် ခွင့်ပြုသော ဘောလုံး အတတ်ပညာ သင်ကျောင်းတစ်ခု အဖြစ် ထူးထူးခြားခြား ရပ်တည်လျက် ရှိပြီး အနာဂတ် မြန်မာ့ဘောလုံး လောကအတွက် လူငယ်များကို မွေးထုတ်ပေးလျက် ရှိသည်။ အားကစား ပညာရပ်သာမက ကျောင်းပညာရေး ကိုပါ ဆက်လက် သင်ကြားပေးနေ သည့်အပြင် ကလေးများ၏ စားသောက်နေထိုင် ရေးအတွက် ကလေးမိဘ များထံမှ မည့်သည် ငွေကြေးကိုမျှ မတောင်းခံဘဲ MFF ရန်ပုံငွေ သက်သက်ဖြင့်သာ လုပ်ငန်းလည်ပတ် လျက်ရှိသည်။

အပြီးသတ် စစ်ဆေးမှု အောင်မြင်သော လူငယ်ကစားသမား စာရင်းအား themff.org မှလည်း မကြာမီ ထုတ်ပြန်ပေး သွားမည်ဖြစ်ပါသည်။

Ref ; #MFF
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...