Ads (728x90)


=============================

ဂျာမနီနိုင်ငံမှ ဘွန်ဒက်စ်လီဂါ ထိပ်တန်းကလပ် ဘိုင်ယန်မြူးနစ် အသင်းမှ ကြီးမှူးကျင်းပမည့် Bayern Munich Youth Cup 2014 လူငယ် ဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အသက်(၁၆)နှစ်အောက် လူငယ် ကစားသမား(၅)ဦးအား စိစစ်ရွေးချယ်၍ ထိုင်းနိုင်ငံမှ လူငယ်(၅)ဦးနှင့်အတူ ပူးပေါင်း အသင်းဖွဲ့စည်းကာ ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆက်သွယ်ညှိနှိုင်းလာသည့် အဖွဲ့အစည်းမှာ ဘိုင်ယန်မြူးနစ် ကလပ်အသင်း၏ Co-sponsor တစ်ဦးဖြစ်သော စင်ကာပူအခြေစိုက် Yingli Green Energy Singapore Co. Pte. Ltd.(YINGLI SOLAR) မှဖြစ်ပြီး ယင်းအဖွဲ့အစည်း အနေဖြင့် အဆိုပါ လူငယ်ပြိုင်ပွဲသို့ ထိုင်းအသင်းနှင့် မြန်မာအသင်းတို့အား ပေါင်းစပ်၍ အရှေ့တောင်အာရှ ဒေသကိုယ်စားပြု အသင်းတစ်သင်းအဖြစ် ပါဝင်ယှဉ်ပြိုင်သွားရန် ကမ်းလှမ်း ဆွေးနွေးလာခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရှိ ဘိုင်ယန်မြူးနစ်ကလပ် လူငယ်လေ့ကျင့်ရေးစခန်းတွင် ယခုနှစ် မေလအတွင်း၌ ကျင်းပမည့် အဆိုပါ Bayern Munich Youth Cup 2014 ပြိုင်ပွဲသို့ အသက်(၁၄)နှစ်မှ (၁၆)နှစ်ကြားရှိ လူငယ်ကစားသမားများသာ ပါဝင် ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး ယင်းပြိုင်ပွဲသို့ အိမ်ရှင် ဂျာမနီလူငယ် အသင်းနှင့်အတူ ဘရာဇီးလ်၊ အီတလီ၊ သြစတြေးလျ၊ ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာ-ထိုင်းတို့ပေါင်းစပ်ထားသည့် အရှေ့တောင်အာရှ ကိုယ်စားပြုအသင်း၊ စုစုပေါင်း(၈)သင်း ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ထားသည်။

ပြိုင်ပွဲပုံစံမှာ အသင်းအားလုံး အုပ်စုပတ်လည် (1 Round Robin Tournament) ဖြစ်ပြီး အမှတ်အနည်းအများ အပေါ်မူတည်၍ ပထမ၊ ဒုတိယ၊ တတိယ သတ်မှတ်ပေးမည်ဖြစ်သည်။ ပွဲကစားချိန်ကို တစ်ပိုင်းလျှင် (၃၅)မိနစ်စီအဖြစ် Interval (၁၅)မိနစ် (35-15-35) ဖြင့် ကစားစေမည်ဖြစ်သည်။ ပြိုင်ပွဲတွင် တစ်ဖက်(၇)ယောက်စီ(6 players+1 goalkeeper) ကစားရမည်ဖြစ်ပြီး လူစားလဲခွင့်ကို အသင်းများအားလုံး ပါဝင်သည့် Team Manager Meeting တွင် ဆွေးနွေးဆုံးဖြတ် သတ်မှတ်မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့ ရွေးချယ်ခံရမည့် လူငယ်အသင်း အားလုံးကို ဘိုင်ယန်မြူးနစ်အသင်းမှ နာမည်ကြီး ကစားသမားဟောင်းကြီးများနှင့် နည်းပြများက ဘောလုံးအခြေခံ နည်းစနစ်များ၊ ကစားပုံများနှင့် ပတ်သက်၍ အသိပညာပေး အချိန်ပိုင်း သင်တန်းများ(Football Clinics) ပြုလုပ်ပေးမည့်အပြင် ယင်းပြိုင်ပွဲတွင် အထူးခြေစွမ်းပြပြီး အလားအလာရှိသော လူငယ်ဘောလုံးသမား အချို့အား စိစစ်ရွေးချယ်၍ ဘိုင်ယန်မြူးနစ် အသင်းကြီး၏ လူငယ်အသင်းတွင် လာရောက်ပူးတွဲ လေ့ကျင့်နိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။ ထို့အပြင် ထိုပြိုင်ပွဲကာလအတွင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသည့် အသင်းများမှ လူငယ်ကစားသမားများ အနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းကြီး၏ International Sports Training Center များနှင့် လေ့ကျင့်မှုများကိုလည်း ကြည့်ရှုလေ့လာခွင့် ရမည်ဖြစ်သည်။

Yingli Green Energy မှ တာဝန်ရှိသူ၏ ဆွေးနွေးတင်ပြချက်အရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အဆိုပါပြိုင်ပွဲသို့ ထိုင်းလူငယ်အသင်းနှင့် ပူးပေါင်းပါဝင် ယှဉ်ပြိုင်နိုင်ရန် အဆင့်မီ အသက်(၁၄)နှစ်မှ (၁၆)နှစ်ကြားရှိ လူငယ်ကစားသမား (၅)ဦး(4 players+1 goalkeeper) နှင့် နည်းပြဆရာ(၂)ဦး အပါအ၀င် အင်္ဂလိပ်စကားပြော ကျွမ်းကျင်သည့် interpreter တစ်ဦးတို့အား မတ်လ(၁၀)ရက်နေ့ နောက်ဆုံးထားကာ ရွေးချယ်ပေးရမည်ဖြစ်ပြီး ဆန်ခါတင်ရွေးချယ်ပွဲ (Final Selection Event)သို့ ဘိုင်ယန်မြူးနစ်အသင်း၏ Global Ambassador ဖြစ်သူ Mr.Paul Breitner နှင့် ဘိုင်ယန်မြူးနစ်အသင်းမှ Scouting coaches များ၊ Scout များ ကိုယ်တိုင် လာရောက်ကြီးကြပ် ရွေးချယ်ပေးမည် ဖြစ်ပါသည်။ အဆိုပါအဖွဲ့ အကြောင်းကြောင်းကြောင့် မလာဖြစ်ပါက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးကြပ်၍ သက်ဆိုင်ရာနည်းစနစ် ကျွမ်းကျင်သူများ နာမည်ကြီး ကစားသမားဟောင်းကြီးများနှင့် နည်းပြများက စိစစ်ရွေးချယ် ပေးရမည်ဖြစ်သည်။

ယခုနှစ်၊ မေလတွင် ကျင်းပမည့် အဆိုပါ Bayern Munich Youth Cup 2014 တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်လေ့ကျင့်မှုအဖြစ် မြန်မာလူငယ်အဖွဲ့နှင့် နည်းပြများသည် မတ်လကုန်(သို့မဟုတ်) ဧပြီလအတွင်း၌ ထိုင်းနိုင်ငံသို့ သွားရောက်ကာ ထိုင်းအသင်းနှင့်အတူ ပူးတွဲလေ့ကျင့်မှု သွားရောက်ပြုလုပ်ရမည် ဖြစ်ပါသည်။

(အောက်ပါဓာတ်ပုံများမှာ တရုတ်နိုင်ငံတွင် ဘိုင်ယန်မြူးနစ် Global Ambassador ဖြစ်သူ Mr.Paul Breitner နှင့် ဘိုင်ယန်မြူးနစ် Scouting coaches များက အသက်(၁၆)နှစ်အောက် လူငယ်ကစားသမားများကို ရွေးချယ်ခဲ့ပုံများဖြစ်သည်။ Mr.Paul Breitner ကို ဘိုင်ယန်မြူးနစ်အသင်း၏ Official sponsor ဖြစ်သော Audi ကားတစ်စီးနှင့်အတူတွေ့ရပုံနှင့် လူငယ်ကစားသမားရွေးချယ်မှုအပြီး အမှတ်တရဓာတ်ပုံများကိုပါ ပူးတွဲဖော်ပြပေးလိုက်ပါသည်။)

Ref ; #MFF
(6 photos)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...