ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုမြင့်မားနေကြတာ
နိုင်ငံအဝှမ်းပဲ ဖြစ်ပါ တယ်။ KIO တကယ်ပဲ ငြိမ်းချမ်းရေးလမ်းကို
လျှောက်လှမ်းတော့မလား၊ နောက်ကြောင်း ပြန်လှည့်မလား ဆိုတာတွေဟာ
ကျွန်တော်တို့ ကချင်ပြည်နယ်အတွင်းမှာ သို့လောသို့လောနဲ့ တွေးဆ
ဗျာပါပွေနေ ကြရပါတယ်။ ဒုက္ခသည်စခန်း အသီးသီးမှာ လယ်ရှိ ယာရှိ
တောင်ယာရှိပါလျှက်နဲ့ သူများပေးစာကမ်းစာ စားနေရသူတွေ၊ သက်ကြီးရွယ်အိုနှင့်
လူမမယ်ကလေးတွေဟာ ကိုယ့်အိမ်ပြန်ရမယ့် ရက်ကို မျှော်လင့်နေကြတာကို
ဘုရားသခင်အသိဆုံးပါ။ အစိုးရဘက်က တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား
လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးတွေ အောင်အောင်မြင်မြင်
လုပ်ပြီးသည့်တိုင် KIO နဲ့ ခုထိအပစ်အခတ်ရပ်စဲရေး
လက်မှတ်မထိုးနိုင်သေးတဲ့အပေါ်မှာ သံသယ ဖြစ်မိပါတယ်။ တခြား
တိုင်းရင်းသားတွေနဲ့ KIO မှာ ဘာများခြားနားနေလို့လဲ။ KIO ရော
တခြားတိုင်းရင်းသားတွေထက် ဘာများပို လိုချင်နေလို့လဲလို့ တွေးမိပါတယ်။
ကျွန်တော်က မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ထဲမှာနေပြီး အထက(၃)က ၁၀
တန်းအောင်ခဲ့ပါတယ်။ အဖေက ဦးလထော်ဇော်ဘောက် ဖြစ်ပြီး အမေကတော့
ရှမ်းတိုင်းရင်းသူတစ်ယောက်ပါပဲ။ ကျွန်တော့်ကို ကချင်ကပြားလို့
ပြောလို့ရပေမယ့် ကချင်ထုံးစံအရဆိုရင်တော့ ကျွန်တော်ဟာကချင်တစ်ယောက်ပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ အဖေမျိုးရိုးကိုယူရပါတယ်။ အလားတူ
အမျိုးအားဖြင့်လဲ လထော် အမျိုးပဲဖြစ်ပါတယ်။ လထော်ဆိုတာ မျိုးနွယ်စုမှာတော့
အကိုကြီးနေရာမှာရှိပါတယ်။ ပြီးတော့ ဒူဝါမျိုးဖြစ်လို့ ကျွန်တော့်ကို
ဇော်နန်လို့ ပေးခဲ့ပါတယ်။ ကျွန်တော့်ကျောင်းနာမည်က ဇော်နန်လို့ ခေါ်ပြီး
အမျိုးအရဆိုရင် တော့ လထော်ဇော်နန်ပေါ့ဗျာ။ကျွန်တော် အမျိုးစပ်ပြနေရတာ
အကြောင်းရှိတယ်ဗျ။ အဲဒါက ဘာကြောင့် လဲဆိုတော့ ကျွန်တော်နဲ့ KIO မှာ
ပတ်သက်ခဲ့ဖူးတာရှိလို့ဗျ။
ကျွန်တော် မြစ်ကြီးနားတက္ကသိုလ်မှာ ဒုတိယနှစ်တက်နေတုန်းက KIA က
အရာရှိတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့တယ်။ သူ့နာမည်က ဗိုလ်ဘရန်အောင်တဲ့၊
ကချင်လွတ်မြောက်ရေးတပ်မတော်မှာ တပ်စုမှူး တစ်ယောက်ပေါ့။ ကျွန်တော်က
တိုင်းရင်းသားစစ်စစ်ဆိုတော့ ဘာပြောပြော တိုင်းရင်းသားတပ်ကိုတော့
အထင်ကြီးတာပေါ့ဗျာ။ အဲဒီအချိန်က စစ်အစိုးရနှင့် လည်းငြိမ်းချမ်းရေးက
ယူထားတာကိုဗျ။ သူတို့က အတော်လည်း ချမ်းသာတယ်။ သူက
မြစ်ကြီးနားမနောကွင်းရှေ့က ဆက်ဆံရေးရုံးကို တစ်ခါတလေ လာရတယ်ဗျ။ သူ့တာဝန်က
ဗန်းမော်နဲ့ လွယ်ဂျယ်ကြားမှာ သစ်ထုတ်လုပ်ရေးတာဝန်ခံလို့ပြောတယ်။
ဗိုလ်ဘရန်အောင်လာရင် ကျွန်တော်တို့ အဖွဲ့အတော်ပျော်ရတယ်ဗျ။ သူက
ဂစ်တာတီးလည်းတော်တယ်။ တရုတ်လိုလည်း ကောင်းကောင်းပြောတတ်တယ်။ ရှမ်းလိုလည်း
ပြောတတ်တယ်ဗျ။ သူနဲ့ ညဘက် ချိန်းပြီး ဧရာဝတီမြစ်ဘေးက ချစ်သူလမ်းမှာ
ဂစ်တာထိုင်တီးကြတယ်၊ တခါတလေ နော့သာန်းစတား သွားတယ်၊ ရွှေတောင်မှာလည်း
သီချင်းသွားဆိုတတ်တယ်။ ဒါ့ပြင် ကျွန်တော်တို့အတွက် ဆေးစိမ်အရက် အပြင်
စိတ်ကြွဆေးပြားလေးတွေနှင့်လည်း စီတာပူဘက်သွားပြီး စည်းစိမ်ခံကြတယ်။
ဘာပဲပြောပြော လူငယ်ဆိုတော့ ပျော်တာပေါ့။
ကိုဘရန်အောင်က တော်တော်သဘောကောင်းပါတယ်။ ဒါပေမယ့် ငွေကိုလွယ်လွယ်ရနေလို့လား
မသိဘူး။ အပျော်လည်း အတော်ကြူးပါတယ်။ အပေါင်းအသင်းလည်း ဆံ့တယ်ဗျ။
မြစ်ကြီးနားမှာက ငြိမ်းချမ်းရေးကာလဆိုတော့ ကျွန်တော်တို့ တော်ရုံဆူတာ
အော်ဟစ်ပျော်ပါးတာကို ဘယ်အာဏာပိုင်မှ လည်း မတားပါဘူး။ KIO ကပါဆိုရင်
ပြဿနာမဖြစ်အောင် ရှောင်သွားကြတာပဲလေ။ စစ်ဆေးရေးဂိတ်ကြီး ရှိတဲ့
ဗလမင်းထင်တံတားဆို ကိုဘရန်အောင်ကားလာရင် KIO ကပါဆိုတာနဲ့
ဖွင့်ပေးပြီးသားပဲ။ ငြိမ်းချမ်းရေးရဲ့ အရသာပေါ့ကွာလို့ သူကပြောလေ့ရှိတာ
မှတ်မိတယ်ဗျ။ ကျွန်တော်က ငြိမ်းချမ်းရေးရဲ့ အရသာဘာလဲ လို့မေးတော့
ငါတို့တောထဲမှာဆို ဒီလိုဘယ်နေရမလဲ၊ လုံးဝလက်နက်စွန့်လိုက်ရင်လည်း
ဥပဒေအတိုင်းသာမန်လူလို လိုက်နေရမှာပေါ့ကွ။ ခုလို လက်နက်ကိုင်ပြီး
ငြိမ်းချမ်းရေးယူထားတော့ ဥပဒေ လည်း ငြိမ်းချမ်းရေးထိခိုက်မှာကြောက်တော့
ငြိမ်နေရတာပေါ့ကွာတဲ့။ ကဲဗျာ ကောင်းလိုက်တဲ့အတွေး။ ကျွန်တော်တို့က
ဘာမှမသိတဲ့ အဖြူရောင်ကျောင်းသားတွေဆိုတော့ ကိုဘရန်အောင်ကို အထင်ကြီးမိတာ
အမှန်ပဲဗျ။ သူ့လို ဗိုလ်အဆင့်မပြောနှင့် အစိုးရတပ်က တပ်ရင်းမှူးတွေတောင်
သူ့လိုမျိုးထင်တိုင်း လုပ်မရ ဘူးလေ။ ဒီတော့ ကျွန်တော်တို့KIO ကို
အထင်ကြီးတာပေါ့။
ကျွန်တော်တို့ တတိယနှစ်ရောက်တော့ ကိုဘရန်ရှောင်က ကျွန်တော့်ကို KIO
ထဲဝင်ဖို့ပြောတယ်။ ကျွန်တော်တို့ဝင်ရင် အရာရှိတန်းရမယ်ပေါ့၊ ကျွန်တော်လည်း
အတော်သဘောကျသွားတယ်။ ဒါပေမယ့် ဘွဲ့ရမှဆိုတော့ ကျွန်တော်မှာ
လေ့လာဖို့အချိန်ရှိသေးတယ်။ KIO အကြောင်းကလည်း နကန်းတစ်လုံးမသိ တော့
သူ့ကိုမေးရတာပေါ့။ KIO မှာ KIA ဆိုတဲ့ စစ်တပ်ရယ်၊ KIC ဆိုတဲ့
နယ်ဘက်ရယ်ရှိတယ်။ KIA က တပ်ဘက်ဖြစ်ပြီး သြဇာလည်းရှိတယ်။ KIC ကတော့
တိုက်နယ်မှူးတို့၊ မြို့နယ်မှူးတို့ အုပ်ချုပ်ရေးအဖွဲ့ပေါ့။ သူကတော့
ပလောင်ဒိန်ဆာမှာရှိတဲ့ တပ်ရင်းကနေ KIO ဌာနချုပ်က သီးသန့်တာဝန်ပေးပြီး
ခိုင်းထားတာ လို့သိရတယ်။ သူက ဌာနချုပ်ကိုတစ်လ သိန်း ၅၀၀ နှင့် ၇၀၀
ကြားရှာပေးရတယ်။ သူ့နယ်မြေက ဖြတ်တဲ့ တရုတ်နိုင်ငံသားတွေရဲ့
သစ်မှောင်ခိုကားကြီးတွေကို အစိုးရတပ်တွေ မနှောင့်ယှက်အောင် တာဝန်ယူ ရတယ်။
KIO ရန်ပုံငွေလုပ်ငန်းသဘောပေါ့ဗျာ။ ဆက်ကြေးတော့ သူနှင့်မဆိုင်ဘူးတဲ့။ အဲဒိက
တိုက်နယ်မှူး တွေက ကောက်ရတာပြောတယ်။ သူက သစ်တို့၊ နွားတို့၊
ကျောက်စိမ်းတို့ နဲ့ပဲဆိုင်တာပြောတယ်။ ဒါကြောင့်လည်း သူဒီလောက်
ချမ်းသာတာပေါ့။ တိုက်နယ်မှူးတွေကတော့ ဆက်ကြေးရော၊ လူသစ်စု တာရော၊
KIOပြည်သူ့စစ်တွေကိစ္စရော ပညာရေး ကျန်းမာရေး အထိဆိုင်တယ်တဲ့။ သူတို့က
အလုပ်သာ များတာ သူ့လို ငွေမရတော့ ခပ်တုံးတုံးတွေပါပဲတဲ့။
ဒီလိုနဲ့ ဘွဲ့ရလျှင် KIA တပ်ထဲဝင်မယ်လို့ ဆုံးဖြတ်မိတယ်ဗျ ။
ကျွန်တော့်အားဝါ (အဖေ) ကိုပြောတော့ အားဝါက မင်းဘဝတုံးချင်လို့လား။
ငါပညာသင်ပေးထားတာ သူပုန်လုပ်ဖို့မဟုတ်ဘူး လို့ပြော တယ်။ ကျွန်တော်လည်း KIA
မှာဆိုရင် ဘယ်လောက်ကောင်းစားမှာဆိုတာကို ကိုဘရန်ရှောင် ပြောတဲ့ အတိုင်း
ပြောပြလိုက်တာပေါ့။ အဲဒိတော့ အဲလိုသာလူတိုင်းဆို ငါ KIA
လုပ်တာကြာပြီပေါ့လို့ အားဝါက ပြောတော့ ခေတ်မှမတူတာလို့ ကျွန်တော်က စောဒက
တက်မိပြန်တယ်။ မင်း KIA မှိုင်းမိနေပါပြီကွာတဲ့။ မင်း KIO ရဲ့
ရည်ရွယ်ချက်သိလားလို့ မေးတယ်။ ကျွန်တော်လည်း သိသလောက်ပြောတာပေါ့။ ကျွန်တော်
တို့ ကချင်ပြည်နယ်ကြီး လွတ်လပ်ရေးရဖို့လို့ အားဝါကို ပြောပြလိုက်တယ်။
အားဝါက ခုရော မလွတ်လပ်လို့လား၊ မင်းကို ဘယ်ဗမာကနှိမ်နေလို့လဲ၊
မင်းကချင်ဆိုပြီး ဗမာနဲ့ အခွင့်အရေး တန်းတူမရ တာရော ရှိဖူးလား၊
မင်းရန်ကုန်က ဂျီးဘူတို့ဆီသွားတော့ ဗီဇာလိုလို့လား၊ မင်းမှတ်ပုံတင်ပါရင်
တစ်နိုင်ငံလုံး သွားချင်တာသွား၊ စီးပွားရေးလုပ်ချင်တာလုပ်လို့ရနေတာပဲ။ မင်း
စစ်မှုထမ်းချင်ရင် ၁၀ တန်း အောင်က တည်းက DSA တက်ပါလား။ ခုမှ
အချောင်စိတ်မမွေးနဲ့လို့ ဆူပါတော့တယ်။ အဖေပြောတာတွေ မှန်နေတော့လည်း
ကျွန်တော်ငြိမ်နေရပါတယ်။ဒါနှင့် ကျွန်တော်လည်း အားဝါကိုကြောက်ရတာနှင့်
ဗိုလ် ဘရန်ရှောင် နှင့် မလိုက်ဖြစ်တော့ပါဘူး။ ကျွန်တော့်သူငယ်ချင်း
ဘောက်လာကတော့ ကျောင်းပြီးတာနှင့် KIO ထဲဝင်သွားတယ်။ အရာရှိတော့ မဖြစ်ပါဘူး။
တပ်ကြပ်ကြီးဘဝနှင့်ပဲ ပြီးခဲ့တဲ့စစ်အတွင်းမှာ ကျဆုံး သွားပါတယ်။
စစ်အတွင်းမှာ နှစ်ဘက်တပ်တွေက ပြည်ထောင်စုရဲ့သားကောင်းတွေ အရွယ်မတိုင်မီ
အတော်များများ ကြွေလွင့်ကုန်ကြရတာဟာ စစ်ရဲ့ အနိဋ္ဌာရုံတွေပါပဲ။
နိုင်ငံတော်အတွက် အလွန်ဆုံးရှုံး ပါတယ်။ KIO ဟာ ငြိမ်းချမ်းရေးကာလအတွင်းမှာ
ရည်ရွယ်ချက်ရှိရှိနဲ့ ငြိမ်းချမ်းရေးကို ခုတုံးလုပ်ပြီး စီးပွားရှာ၊
လူသစ်စုခဲ့တာ တောရွာတွေမှာ ကျား/မ မရွေး တစ်အိမ်တစ်ယောက် မဖြစ်မနေပေးရတာ
သာမက မြို့ပေါ်က ပညာတတ်လူငယ်တွေအထိ ဆွဲဆောင်ခဲ့တာ စစ်အတွင်းရောက်မှ
သိရပါတယ်။
KIO ဟာ လက်ရှိမှာ အစိုးရနဲ့ ဆွေးနွေးနေပေမယ့် တကယ်တန်းတော့
ဝမ်ပေါင်နိုင်ငံတော်ဆိုတဲ့ အိပ်မက်ကို စွန့်လွှတ်မယ့်ပုံ မပေါ်ပါဘူး။ KIO
ထိန်းချုပ်နယ်မြေတွေမှာ သူတို့ကိုသူတို့ အစိုးရလို့ သုံးနှုန်းနေတာ
ခုမှမဟုတ်ပါဘူး။ ဒါ့ပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်း ၇ နာရီမှ
၇နာရီခွဲ အတွင်း KIA ဗဟိုဌာနချုပ်( လွိုင်ဇာ) ကနေထုတ်လွှင့်တဲ့ FM 89.5 MHz
မှာ မြန်မာအစိုးရငြိမ်းချမ်းရေး အဖွဲ့အစည်းများနဲ့ ဝမ်ပေါင်နိုင်ငံတော်
အစိုးရ KIO အဖွဲ့အစည်းများ ဆွေးနွေးတော့မှာဖြစ်ကြောင်း ကချင်ဘာသာဖြင့်
ကြေညာသွားပါတယ်။ ဒါ့ပြင် ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ၈ ရက်နေ့ ညပိုင်းမှာ
ထုတ်လွှင့်တဲ့ အစီအစဉ်မှာလည်း အောက်တိုဘာ ၇ ရက်နေ့ နံနက် ၇ နာရီမှ ၉
နာရီအထိ ဝမ်ပေါင် လွတ်မြောက်ရေးတပ်မတော်၊တပ်မဟာ(၅)တွင်
ဝမ်ပေါင်လွတ်မြောက်ရေးတပ်မတော် လက်အောက်ခံ တပ်ရင်းမှူးများအားလုံးကို
နိုင်ငံရေး၊ စစ်ရေးနှင့် ပတ်သက်သောဆွေးနွေးပွဲများကို တပ်မဟာ(၅)
တပ်မဟာမှူးကိုယ်တိုင် ဦးစီးဆွေးနွေးခဲ့ကြောင်း ထုတ်လွှင့်သွားပါတယ်။
မြေပြင်မှာ ထိတွေ့ဆက်ဆံ နေရတဲ့ ပုံစံနဲ့ ဒီသတင်းတွေကို ဆက်စပ်ကြည့်တဲ့အခါ
အဖြေထွက်လာပါတယ်။
KIO ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်ပြီး ထိန်းထားဦးမှာပါပဲ။
တိုက်နယ်မှူးတွေကို ပြီးခဲ့တဲ့လပိုင်းက လူသစ်စုဖို့ညွှန်ကြားထားသလို
ဘဏ္ဍာရေးတောင့်အောင်လည်း ကြိုးစားဦးမှာပါ။ ပြီးခဲ့တဲ့ စစ်ပွဲအတွင်းမှာ
ငွေကုန်လူပန်းဖြစ်ခဲ့တာတွေကို ပြန်ပြင်ပြီး တရုတ်ဘက်က မီးစိမ်းပြရင်
ထပ်ပြီးပစ် ကြခတ်ကြဦးမှာပါ။ လောလောဆယ် KIO ဟာ တရုတ်နဲ့ ပွင့်လင်းရာသီမှာ
စီးပွားဖက်ဖို့ တာစူနေပါတယ်။ အပစ်အခတ်ရပ်စဲရေးကိုတော့ လက်မှတ်ထိုးမှာ
မဟုတ်ပါဘူး။ ကချင်တိုင်းရင်းသားတွေ မထောက်ခံတဲ့ KIO ရဲ့
ပြည်ထောင်စုကခွဲထွက်ပြီး ဝမ်ပေါင်သမ္မတနိုင်ငံထူထောင်ဖို့ကို
တရုတ်အတွက်ဆက်လုပ် ဦးမှာပါပဲ။ တရုတ်ကလည်း KIO ထိန်းချုပ်နယ်မြေက
ကျောက်စိမ်း၊ ဓာတ်သတ္တုနဲ့ သစ်တွေကို ရသလောက် အောက်ဈေးပေးပြီး
ယူနေဦးမှာပါပဲ။ ဒုက္ခသည်တွေလည်း မျောက်ပြဆန်တောင်း မခံရလျှင်
ကံကောင်းတယ်မှတ်ရမှာပါ။ KIOခေါင်းဆောင်တွေကတော့ တရုတ်တိုင်းရင်းသားတွေထဲမှာ
ကချင်လူမျိုး ဟာ လူနည်းစုတိုင်းရင်းသားအဖြစ်ပါဝင်တာကြောင့် အထူးအခွင့်အရေး
ရထားသူတွေပီပီ ချမ်းသာသမျှကို တရုတ်ဘဏ်မှာအပ်ပြီး တရုတ်ပြည်ထဲကနေ
ဘာမျှမသိတဲ့ ကချင်လူငယ်တွေကို စစ်မြေပြင်ထွက်ဖို့
အမိန့်တွေပေးနေဦးမှာပါပဲ။ ငြိမ်းချမ်းရေးအတွက် ရန်ကုန်မန္တလေးကနေ လူငယ်တွေ
လမ်းထပ်လျှောက် လျှင်လည်း ဗမာတွေ လူမျိုးကြီးဝါဒနဲ့ ငါတို့ကို
လာဆရာလုပ်တယ်၊ ဗမာခိုင်းတိုင်း လုပ်စရာမလိုဘူး လို့ကွယ်ရာမှာ တပ်တွင်း
သြဝါဒကြိတ်ပေးဦးမှာပဲ။
ဝန်ကြီးဦးအောင်မင်းကတော့ လတ်တလော
လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေထဲမှာ KIO က ၁၈ ယောက်ပါလို့
အမျိုးတွေလွတ်တဲ့အထဲမှာ ပါတယ်လို့ မြစ်ကြီးနားမှာပြောခဲ့ပါတယ်။ ကိုယ့်ဆွေ
ကိုယ့်မျိုး ကိုယ့်သွေးကိုယ့်သား ဆိုတဲ့သဘောပေါ့။ ဒါပေမယ့်
ဝမ်ပေါင်နိုင်ငံတော်အိပ်မက်ထဲမှာ မျက်စိမှိတ် လမ်းလျှောက်ရင်း
ပြည်တွင်းစစ်ချောက်ကမ်းပါးဘက် ခြေလှမ်းရောက်နေတဲ့ ဗိုလ်ချုပ်ဂွမ်မော်ကတော့
အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ခိုင်တယ်လို့ မယုံကြည်သေးလို့
လက်မှတ်မထိုးတာပါလို့ သတင်းထောက် တွေကိုပြောလိုက်သတဲ့ဗျာ။ သူကတော့
စစ်တိုက်ချင်သေးတဲ့ သဘောပေါ့။ ကိုကြီးဂွမ်ကို ပြောလိုက်
ချင်ပါတယ်…ကျွန်တော့်အမျိုးတွေ ရွာပြန်ချင်ပြီဗျ။ မလိယန်မှာ ကျွန်တော်တို့
မိသားစုရဲ့ ခြံတွေလည်း ရှိသေးတယ်။ အားရှောင်က မွေးတဲ့ ကျွန်တော့်တူလေးလဲ
စာသင်ချင်သေးတယ်။ ကချင်လူမျိုးတွေကို စစ်ဘေးစစ်ဒဏ်က ကင်းလွတ်ခွင့်ပေးပါ။
ဘုရားသခင်လည်း ကိုကြီးဂွမ်ကို စောင့်ရှောက်ပေးပါ။
ပြည်ထောင်စုတိုင်းရင်သားတွေနဲ့ တန်းတူညီမျှငြိမ်းချမ်းစွာ
ပြည်ထောင်စုအလံရဲ့အောက်မှာ ဒီမိုကရေစီ အရသာကို ခံစားခွင့်ပေးပါလို့…
လထော်ဇော်နန်( ယုဇန)
........
Ref ; http://www.oppositeyes.info
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။