Ads (728x90)





ဗိုလ်မှူးကြီးဟောင်းလှမင်း ဆိုသူရေးတဲ့ မြန်မာနိုင်ငံရေး လက်ရှိ အခြေအနေနှင့် ကျွန်တော့် အမြင် စာအုပ်မှာပါတဲ့ အချက်အလက် တစ်ချို့မှား ယွင်းနေတယ်လို့ ဝေဖန်ထားတာကို ဖတ်ရပါတယ်။

ဗိုလ်ချုပ်ကြီးစောမောင်က ရွေးကောက်ပွဲပြီးတာနဲ့ အနိုင်ရပါတီကို အာဏာအပ် လိုက်မယ်။ အခြေခံဥဒေကို အဲဒီပါတီက ဦးဆောင်ပြီး ဆွဲပါ။ သူတို့ကတော့ စစ်တမ်းလျားကို ပြန်မယ်ဆိုပြီး ပြောခဲ့တယ်လို့ သူသိထားတယ်။ ဒါကြောင့်မို့ စာအုပ်ထဲမှာရေးထားတဲ့ အခြေခံဥပဒေဆွဲဖို့လိုအပ်တဲ့ ကိုယ်စားလှယ်တွေ ရဖို့ ရွေးကောက်ပွဲ လုပ်ရတာ၊ အာဏာလွှဲပေးဖို့ မဟုတ်ပါဘူး ဆိုတာဟာ အမှားကြီးသာ ဖြစ်ပြီး သမိုင်းမသိတဲ့ လူငယ်တွေကို ထင်ယောင်ထင်မှား ဖြစ်အောင် ဝါဒဖြန့်ထားတာလို့ ပို့စ်တင်တဲ့သူက ဝေဖန်ထားတာပါ။

ပျင်းပျင်းရှိတာနဲ့ အဖြေလိုချင်လို့ ဂူဂယ်လုပ်ကြည့်တော့ ဝီကီမှာ သွားတွေ့ပါတယ်။ အဲဒီထဲက ကျမ်းကိုးကို ရှာဖတ်ကြည့်တဲ့ အခါ အခုလို တွေ့ရပါတယ်။

"ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ အာဏာသိမ်းမှု မတိုင်မှီ အချိန်က တပ်မတော်က ကြေညာခဲ့တယ်။ အဲဒီတုန်းက အုံကြွနေတဲ့ ပြည်သူတွေကို အချိုသပ်တဲ့ သဘော နေမယ်။ ဒါပေမယ့် ဒီလို ရွေးကောက်ပွဲလုပ်ပေးမှာကို တရားမျှတမှုရှိမယ်လို့ အတိုက်အခံတွေက မယုံကြဘူး။ ဒါကြောင့် ဘက်မလိုက်တဲ့ ကြားဖြတ်အစိုးရဖွဲ့ (ခွင့်) ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါကို တပ်မတော်က ပယ်ချခဲ့တယ်။

ဒီနေရာမှာ ပထမဦးဆုံးမေးရမယ့် မေးခွန်းက 'ဒီရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်က ဘာလဲ? အန်အယ်ဒီနဲ့ ပြည်ပက စောင့်ကြည့်သူတွေ မျှော်လင့်နေခဲ့ကြသလို အာဏာကို ချက်ချင်း လွှဲပြောင်းရယူနိုင်မယ့် ပါလီမန် (လွှတ်တော်) အသစ် တစ်ရပ် ပေါ်ပေါက်လာဖို့ လား? အစိုးရအသစ်ဖွဲ့စည်းဖို့ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ရေးဆွဲမယ့် ညီလာခံ တစ်ရပ် ပေါ်ပေါက်လာဖို့လား?' ဆိုတာမျိုးကို မေးခဲ့ရမှာ ဖြစ်တယ်။ အဲဒီလို ရှင်းရှင်းလင်းလင်း မရှိတဲ့ အတွက် တင်းမာမှုတွေ ရှိလာတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ရေးဆွဲ မပြီးခင် အစိုးရ အသစ်ဖွဲ့စည်းလို့ မရဘူးလို့ တပ်မတော် အာဏာပိုင်တွေက ရွေးကောက်ပွဲ မတိုင်မှီ တစ်နှစ်လောက် ကတည်းက ပြည်သူတွေကို အသိပေးခဲ့တယ်။ ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့က သတင်းစာရှင်းလင်းပွဲတွေမှာ ဒါကိုပဲ အကြိမ်ပေါင်းများစွာ ထပ်ခါ ထပ်ခါ ပြောခဲ့တယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဘယ်ပါတီပဲ ဖြစ်ဖြစ် (အစိုးရသစ်ဖွဲ့ပြီး) အာဏာလွှဲပြောင်းရယူဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အရင်ဆုံး ရေးဆွဲပြီး အတည်ပြုရမယ်လို့ ဒေါ်အောင်ဆန်းစုကြည့် ကိုယ်တိုင်က အကျယ်ချုပ် မကျမှီ ၁၉၈၉-ခု ဇူလိုင်လ ၅-ရက်နေ့မှာ ထောက်ပြခဲ့တယ်။

အဲဒီအချိန်က တပ်မတော် အာဏာပိုင်တွေနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ အကြား တိုက်ရိုက်အဆက်အသွယ် မရှိတဲ့ အတွက် ဒီလို အချက်တွေနဲ့ ရွေးကောက်ပွဲကို ဘယ်လိုပုံစံမျိုးနဲ့ သွားမယ် ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ ဟာ လိုအပ်သလို ထင်သာ မြင်သာမှု မရှိခဲ့ဘူး။ အဲဒီ ပွင့်လင်းမြင်သာမှု မရှိခြင်းဟာ တပ်မတော် အာဏာပိုင်တွေရဲ့ ခေါင်းပေါ်ပုံကျခဲ့တယ်။

ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ ပါတီတွေ ဖွဲ့ကြတာကို တပ်မတော်က မနှောက်ယှက်ခဲ့ဘူး။ ပါတီပေါင်း ၂၃၅ ပါတီ မှတ်ပုံတင်ခဲ့တယ်။ တစ်ချို့ပါတီတွေက အဲဒီခေတ်က ရှားပါးပစ္စည်းဖြစ်တဲ့ တယ်လီဖုန်းလိုချင်လို့၊ ပြီးတော့ရင် မှောင်ခိုဈေးမှာ ပြန်ရောင်းလို့ရတဲ့ ဓာတ်ဆီရာရှင်ရချင်လို့ ဆိုတဲ့ အကြံနဲ့ ပါတီထောင်ကြတယ်လို့ ပြောသံကြားရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီရွေးကောက်ပွဲဟာ လူတိုင်း ပါဝင်ချင်ခဲ့တဲ့ အမှတ်ရစရာ ပြည်လုံးကျွတ် ရွေးကောက်ပွဲလို့ ယူဆရမယ်။

၁၉၉၀-ခု မေလ ၂၇-ရက်နေ့ ရွေးကောက်ပွဲ ကျင်းပတဲ့ အခါမှာတော့ ပါတီ ၉၃ပါတီနဲ့ တသီးပုဂ္ဂလ အဖွဲ့ ၈၇ဖွဲ့တို့က ကိုယ်စားလှယ်ပေါင်း ၂၂၀၉ယောက်ဟာ ၄၇၉ နေရာအတွက် ယှဉ်ပြိုင်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နေအိမ် အကျယ်ချုပ် ကျနေတဲ့ အတွက် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။ ကနဦးပိုင်းက မဲဆွယ်ထွက်ခဲ့ရာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလုနီးပါး ဖြစ်ခဲ့ပေမယ့် စစ်တပ်ရဲ့ ခေါင်းအေးမှု ကြောင့် ဘာမှတော့ မဖြစ်ခဲ့ပါ။:::::::::::::::::::::::::::::::::၁၉၉၀ - ရွေးကောက်ပွဲ အကြောင်း ... (၂)

မဲဆွယ်တဲ့နေရာမှာ အလွန်အကျွံ တားမြစ်ချက်တွေ ရှိခဲ့ပေမယ့် တိုင်းရင်းသား ပါတီတွေ အပါအဝင် ပါတီတွေက ဒေသတွင်း အကျိုးစီးပွါးရေးရာတွေကို အဓိက ထားပြီး မဲဆွယ်ခဲ့ကြတယ်။ မဆလ ဟာ တစည ဖြစ်လာတယ်။ မြန်မာနိုင်ငံက (ရွေးကောက်ပွဲ) စောင့်ကြည့်သူတစ်ချို့ က တစညဟာ မဆလရဲ့ အားသာခွင့်တွေ အမွေရခဲ့လို့ ရွေးကောက်ပွဲမှာ အခြေအနေကောင်းမယ်လို့ ခန့်မှန်းကြပါတယ်။ တပ်မတော်ဘက်ကတော့ တစည ရွေးကောက်ပွဲမှာ အနိုင်ရမရ အပေါ် သိပ်ပြီး စိုးရိမ်နေသံ မကြားရပါဘူး။

မဲပေးတဲ့နေ့မှာ မဲပေးခွင့်ရသူ ၇၂.၅၉ ရာခိုင်နှုန်း လာရောက် မဲပေးခဲ့ပါတယ်။ မြန်မာသမိုင်း မှာတော့ မဲပေးသူဦးရေ အမြင့်ဆုံးပါပဲ။ လွှတ်တော်ကိုယ်စားလှယ် နေရာ ၃၉၂-နေရာ သို့မဟုတ် လွတ်လပ်နေရာအားလုံးရဲ့ ၈၀ ရာခိုင်နှုန်း ဖြစ်တဲ့ ဆန္ဒမဲ အားလုံးရဲ့ ၅၉.၈၇ ရာခိုင်နှုန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ရရှိခဲ့ပါတယ်။ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ကတော့ လွှတ်တော်ကိုယ်စားလှယ် နေရာ ၂၃-နေရာ၊ ဆန္ဒမဲ အားလုံးရဲ့ ၁.၆၈ ရာခိုင်နှုန်းကို ရရှိတဲ့အတွက် ဒုတိယ နေရာမှာရှိနေပါတယ်။ တစည UNP ကတော့ ဆန္ဒမဲ အားလုံးရဲ့ ၂၅.၁၂ ရာခိုင်နှုန်းကို ရရှိခဲ့ပေမယ့် လွှတ်တော် ကိုယ်စားလှယ် နေရာ ၁၀-နေရာ သာရရှိခဲ့ပါတယ်။ ဒီ ရလာဒ်ဟာ မျော်လင့်မထားတဲ့ ထူးထူးခြားခြား အောင်ပွဲ တစ်ခုဖြစ်လို့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေနဲ့ ထိတွေ့မှု ကင်းကွာနေတဲ့ တပ်မတော်ထဲကသူတွေကို တုန်လှုပ် စေခဲ့မယ်ဆိုတာ သံသယရှိနေဖို့ မလိုပါဘူး။

ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ အောင်ပွဲကြောင့် ရဲသွေးကြွနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နောက်ဆုံးမှာတော့ ဂန္ဒီခန်းမ ကြေညာချက်လို့ အမည်တွင်လာမယ့် ကြေညာချက်မှာ တပ်မတော်ဟာ စက်တင်ဘာလ ၃၀-ရက်နေ့မတိုင်မှီ သူတို့ကို အာဏာလွှဲပေးရမယ်၊ ဒီကြားထဲမှ အဖွဲ့ချုပ်က ယာယီ အခြေခံဥပဒေကို ရေးဆွဲထားမယ်၊ အာဏာလွှဲပြီးတဲ့ အခါကြမှ ခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထပ်ပြီးရေးဆွဲမယ်လို့ ဂျူလိုင်လ ၂၉-ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။ တပ်မတော် အာဏာပိုင်တွေက ဒီကြေညာချက်မျိုး အတွက် ပြင်ဆင်ထားခြင်း မရှိပါဘူး။ တပ်မတော် အတွက် စိုးရိမ်စရာ ကြီးကြီးမားမား ဖြစ်စေခဲ့တဲ့ နောက်တစ်ခုကတော့ နူရင်ဘတ် စစ်ခုံရုံးတွေ လုပ်မှာမဟုတ်ဘူးဆိုတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင် တစ်ဦးရဲ့ ရိသဲ့သဲ့ စကား တစ်ခွန်းပါပဲ။ စစ်ခုံရုံးတွေ လုပ်မှာ မဟုတ်ဘူးလို့ သုံးနှုန်းခဲ့ပေမယ့် ဒီစကားဟာ တပ်မတော် ခေါင်းဆောင်ပိုင်းမှာ အတော့်ကို စိုးရိမ်စရာတွေ ဖြစ်စေခဲ့ပါတယ်။ ပြည်သူတွေထဲက အတော်များများဟာလည်း (တပ်မတော်ရဲ့) အရင်က တရားမဝင် လုပ်ဆောင်ချက်တွေကို တရားဥပဒေအရ ဖြေရှင်းစေချင်တဲ့ ဆန္ဒရှိနေတာ သေချာ သလောက်ပါပဲ။ ( ၂၀၀၈ အခြေခံဥပဒေမှာတော့ အခြေခံဥပဒေ ပြဌန်းခြင်း မတိုင်ခင် တာဝန်ထမ်းဆောင်ခဲ့တဲ့ မည်သည့် အရာရှိမဆို သူတို့ တာဝန်ထမ်းဆောင်စဉ် အချိန်က လုပ်ဆောင်ချက်တွေအပေါ် အရေးယူခြင်း မရှိစေရ ဆိုတဲ့ အချက် တစ်ခုကို အထင်အရှား ထည့်သွင်း ရေးသားထားပါတယ်။) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပြည်ပ အင်အားစုတွေ ကတော့ ပြည်သူတွေ ပေးအပ်ထားတဲ့ အာဏာဟာ သူတို့ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) လက်ထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် ရှိနေပြီလို့ ယူဆထားပါတယ်။ အမေရိကန် အစိုးရဟာ အခုအချိန်အထိ ဒီအမြင်ကို ခံယူထားဆဲပါ။:::::::::::::::::::::::::::::::::::::::::::::::::::၁၉၉၀ - ရွေးကောက်ပွဲ အကြောင်း ... (၃)

အဲဒီလို မတိုးသာမဆုတ်သာ အခြေအနေ ကြာမြင့်လာတာနဲ့ အမျှ နှစ်ဘက် အုပ်စုတွေ အကြား သဘောထားတွေ တင်းမာလာပါတယ်။ တပ်မတော်ဟာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အတွင်း မှားယွင်းမှုရှိမရှိ၊ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာကို ကော်မစ်ရှင်ဖွဲ့ပြီး ပြန်လည် စစ်ဆေးရမယ်လို့ အကြောင်းပြပြီး ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကတော့ တိုင်းပြည်ကို အုပ်ချုပ်ပိုင်ခွင့်သူတို့မှာ ရှိနေပြီလို့ ကြေညာခဲ့ပါတယ်။ အနောက်နိုင်ငံ အသိုင်းအဝိုင်း ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံခဲ့ကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနဟာ မြန်မာအာဏာပိုင်တွေကို မည်သည့် ဆွေးနွေးပွဲမှ မစခင် (၁၉၉၀) ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုဖို့ သူတို့ရဲ့ကွန်ဂရက်ကို ခြောက်လတစ်ကြိမ် တင်ပြတဲ့ မြန်မာပြည်အစီရင်ခံစာမှာ နှစ်ပေါင်းများစွာတောင်းဆိုခဲ့ပါတယ်။ နစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ဖြစ်လာဖို့အတွက် တပ်မတော် အနေနဲ့ ဆုပ်ကိုင်ထားတဲ့ အာဏာကို စွန့်လွှတ်ရမယ်လို့ အဓိပ္ပာယ်ဖွင့်ရမှာပါ။ တပ်မတော် အနေနဲ့ကတော့ ဒီအချက်ကို လက်ခံနိုင်စရာ အကြောင်းလုံးဝကို မရှိပါဘူး။

ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ အတွက် သူတို့ဟာ ရွေးကောက်ခံအဖွဲ့ တစ်ခုလုံးကို ကိုယ်စားပြုတယ်လို့ ခံယူထားကြတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထဲက ရွေးကောက်ခဲ့ ကိုယ်စားလှယ် အချို့က ညွန့်ပေါင်းအစိုးရ သို့မဟုတ် စစ်ပြိုင်အစိုးရ အဖွဲ့ကို တိတ်တစ်ဆိတ် တည်ထောင်ခဲ့ပြီး သူပုန်နယ်မြေထဲက တစ်ဆင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းခဲ့တယ်။ အဲဒီက တစ်ဆင့် သူတို့အရေးကို တောင်းဆိုဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိသွားကြပါတယ်။

အဲဒီ ရွေးကောက်ပွဲ အချိန်တုန်းက ရွေးကောက်ပွဲကို ပြည်သူအများစု ပါဝင်လာဖို့ တိုက်တွန်းနှိုးဆော်ပေးရင် ရွေးကောက်ခံ ပါတီတွေထဲ မဲတွေ ပြန့် သွားမယ် (ညွန့်ပေါင်း အစိုးရ အခြေအနေမျိုး ဖြစ်လာမယ်) အဲဒီအခါ (အခြေခံဥပဒေ အသစ်ရေးဆွဲပြီးတဲ့အထိ) တပ်မတော်က အာဏာကို ဆက်လက် ထိန်းထားနိုင်မယ် လို့ တပ်မတော် အာဏာပိုင်တွေက ယုံကြည်ခဲ့ပုံရပါတယ်။ လက်တွေ့မှာ ထင်သလို ဖြစ်မလာခဲ့ပါဘူး။ တပ်မတော်က တာဝန်ယူ ကျင်းပပေးခဲ့တဲ့ ၁၉၆၀ နဲ့ ၁၉၉၀ ရွေးကောက်ပွဲ ၂-ခုစလုံးက တပ်မတော် အာဏာပိုင်တွေ မနှစ်မြို့တဲ့ ရလာဒ်တွေ ပေးခဲ့တယ်။ ပထမ အကြိမ်တုန်းကတော့ ရွေးကောက်ပွဲအနိုင်ရသူတွေကို တပ်မတော်က အာဏာရယူခွင့်ပြုခဲ့တယ်။ ဒုတိယ အကြိမ်မှာတော့ အဲဒီလို မဖြစ်ခဲ့ဘူး။

၂၀၁၀-မှာကျင်းပတဲ့ ရွေးကောက်ပွဲမှာတော့ ...

စာရေးသူ ဒေးဗစ် စတိုင်းဘာ့ဂ် ဟာ မြန်မာ၊ ကိုရီးယား ကျွန်းစွယ်၊ အရှေ့တောင်အာရှနဲ့ အမေရိကန် အာရှ ပေါ်လစီပိုင်းဆိုင်ရာမှာ အထူးကျွမ်းကျင်သူ တစ်ဦးဖြစ်ပါတယ်။ သူဟာ ဂျော့တောင်း တက္ကသိုလ်က ပရောဖက်ဆာ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အကြောင်း အပြည့်အစုံကို ဒီမှာ ရှုပါ။:::::::::::ရာဇာဓိ ရာဇာ:::::::::::

<http://explore.georgetown.edu/people/steinbdi/>
 
::::::::::::ရာဇာဓိ ရာဇာ:::::::::::::
 
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...