ဒီတခေါက်တော့ မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ခဏတာကျောင်းတက်ခဲ့စဉ်အချိန်တုန်းက ခင်မင်ရင်းနှီးခဲ့တဲ့ တိုင်းရင်းသားမိသားစုတစုရဲ့အကြောင်းကို
ပြန်ဖောက်သည်ချမယ်။ အဲ့ဒီမိသားစုထဲက သားဖြစ်တဲ့သူနဲ့ ကျွန်တော်နဲ့က
တကယ့်ညီရင်းအစ်ကိုတွေလို ခင်မင်နေကြတာ။ ကျွန်တော်အဲ့ဒီပြည်နယ်မှာနေတုန်းကဆိုရင် သူတို့မိသားစုက ကျွန်တော့်စားအိမ်၊ သောက်အိမ်ပဲ။ ကျွန်တော့်သူငယ်ချင်းရဲ့အဖေက
တရားဟောဓမ္မဆရာ တဦးပါ။ တရားဓမ္မနဲ့အမြဲထိတွေ့နေတဲ့ မိသားစုလေးမို့လားတော့
မသိဘူး။ ဘယ်အချိန်သူတို့အိမ်သွားသွား အမြဲတမ်း တိတ်ဆိတ်အေးချမ်းနေတဲ့
မိသားစုလေးတခုပေါ့။
သူတို့မိသားစုနဲ့ ခင်ခင်မင်မင်နေလာရင်းနဲ့ တနေ့တော့ ကျွန်တော့်သူငယ်ချင်းရဲ့အဖေ မမျှော်လင့်ပဲ ကွယ်လွန်သွားရှာပါတော့တယ်။
သူ့အဖေရဲ့ ရုပ်အလောင်းကို အသုဘချတဲ့နေ့မှာတင် ခုပြောပြမယ့် အဖြစ်အပျက်စတော့တာပါပဲ။
******************************
ကျွန်တော်နဲ့ ညီအစ်ကိုလိုပေါင်းလာတဲ့ သူငယ်ချင်းရဲ့အဖေဆုံးတာဆိုတော့ ကျွန်တော်လည်းတတ်နိုင်တဲ့ဘက်ကနေပြီး
အလောင်းမြေကျတဲ့အချိန်အထိ သူတို့မိသားစုကို ဝိုင်းကူညီပေးရတာပေါ့။
ရပ်ထဲရွာထဲ ထင်ရှားတဲ့လူတယောက်ရဲ့ ဈာပနဖြစ်နေတော့
သူ့အဖေရဲ့နောက်ဆုံးခရီးမှာ အသုဘလိုက်ပို့တဲ့လူတွေ အတော်လေးများသား။
အိမ်မှာတုန်းက အပူရုပ်ကိုဟန်လုပ်ဖုံးထားတဲ့ ကျွန်တော့်သူငယ်ချင်းခမျာမှာ
သုဿာန်ထဲရောက်လို့ သူ့အဖေအလောင်းကို ဂူသွင်းချိန်ကစပြီး
ဟန်မဆောင်နိုင်တော့ပဲ ဝမ်းနည်းပက်လက်ငိုတော့တာပါပဲ။
အသုဘလိုက်ပို့တဲ့လူတွေရော၊ သူ့မိသားစုတွေရော အကုန်လုံးပြန်ကုန်တာတောင်မှ
ငိုလို့မပြီးနိုင်သေးဘူး။ သူ့အဖေအုတ်ဂူဘေးနားမှာ တရှုံ့ရှုံ့နဲ့
ထိုင်ငိုနေတာကို ကျွန်တော်လည်း အားပေးနှစ်သိမ့်ရင်း အဖော်လုပ်ပြီး
ငုတ်တုတ်ထိုင်စောင့်ပေးရတဲ့ အဖြစ်ကိုရောက်ပါလေရော။
ဒီကောင်ခံစားချက်အပြည့်နဲ့ ငိုနေတာကို ထိုင်စောင့်နေမိတာတဖြည်းဖြည်းနဲ့ နေတောင်အတော်စောင်းလာပြီ။ အာစရိရဲ့ ငိုကြောကလည်း မပြတ်နိုင်သေးဘူး။
မှောင်ရီဖျိုးဖျအချိန်မှာ သက်ရှိလူသားဆိုလို့ ကျွန်တော်နဲ့သူ
နှစ်ယောက်တည်းရှိနေတဲ့ သုဿာန်ထဲ တဟီးဟီးနဲ့
ငိုနေတဲ့ဒီကောင့်ရှိုက်သံကြားနေရတာလည်း
ကျွန်တော့်စိတ်ထဲမှာ ကြောချမ်းသလိုလိုဖြစ်လာတယ်။
အချိန်လည်းလင့်နေပြီဆိုတော့ ဒီလိုနေရာမျိုးမှာ ကြာကြာဆက်နေဖို့လည်း
မကောင်းတော့တာမို့ အိမ်ပြန်ကြဖို့ ဒီကောင့်ကို
စည်းရုံးရေးဆင်းရတော့တာပါပဲဗျာ။
အချိန်လည်းအတော်မှောင်နေပြီ။
အိမ်ပြန်သွားတဲ့လူတွေလည်း ကျွန်တော်တို့နှစ်ယောက်ကို စိတ်ပူနေလိမ့်မယ်။
ပြန်ရအောင်လို့ ပြောတော့ သူလည်း အသာတကြည်နဲ့ ပြန်လိုက်လာပါတယ်။
အသုဘချဖို့လာတုန်းက ဆိုင်ကယ်ယူလာမိလို့တော်သေးတယ်။ မဟုတ်ရင်
ဒီသချိင်္ုင်းကုန်းကနေ သူတို့အိမ်ရောက်တဲ့အထိ ခြေလျင်လျှောက်ပြန်ရရင်လည်း
မချောင်ဘူးဗျ။ သူ့အိမ်သူပြန်ရောက်အောင်ပို့ပြီးတော့ ကျွန်တော်လည်း ကိုယ့်အိမ်ကိုယ်ပြန်အိပ်လိုက်တယ်။ အရင်နေ့တွေတုန်းက သူတို့အိမ်မှာ ညအိပ်ညနေဝိုင်းကူပေးထားတာဆိုတော့ ဒီနေ့တော့ အေးဆေးအနားယူမယ်စိတ်ကူးနဲ့ အိမ်ပြန်အိပ်လိုက်တာပါ။
မနက်မိုးလင်းတော့ ကျွန်တော့်အိမ်ကို ဒီကောင်ရောက်ချလာပါရော။
သူ့ကြည့်ရတာလည်း ညက အိပ်ရေးမဝတဲ့ရုပ်နဲ့ဆိုတော့ ကျွန်တော်လည်း
သူ့အဖေကိုသတိရစိတ်နဲ့အိပ်မရတာပဲဖြစ်မယ်လို့တွက်လိုက်ပြီး ဘာမှမပြောပဲနေလိုက်မိတယ်။ သူ့ဆီကထွက်လာတဲ့စကားသံကိုကြားတော့မှပဲ
ကျွန်တော့်တွက်ကိန်း တက်တက်စင်အောင်လွဲနေမှန်း သိလိုက်ရတော့တယ်။ သူပြောတာ
ဒီလိုဗျ။ သူတို့မိသားစုတွေ မနေ့ညတုန်းက တယောက်မှ ကောင်းကောင်းမအိပ်ရဘူးတဲ့ ။
ဘာလို့လဲဆိုတော့ ကွယ်လွန်သွားတဲ့သူတို့အဖေက တခြားဘဝကနေ
သူတို့အိမ်ကိုရောက်လာလို့တဲ့ဗျာ။ သူ့ညီမတွေ ၊ အစ်မတွေလည်း ကြောက်လန့်နေကြတယ်တဲ့။ သူ့စကားအဓိပ္ပာယ်ကို သေချာပြန်စဉ်းစားကြည့်တော့မှ သူဆိုလိုတာက သူ့အဖေ မကျွတ်မလွတ်ပဲ
သူတို့အိမ်မှာ လာခြောက်နေမှန်း ကျွန်တော်လည်း သဘောပေါက်သွားတယ်။
တခြားလူတယောက်ယောက်ဆုံးလို့ မကျွတ်မလွတ်ပါဘူး၊ ဘာဘာညာညာလာပြောရင်တော့
ကျွန်တော်က နောက်တယ်လို့ပဲ ထင်မိမှာ။ အခုက ဖအေအရင်းခေါက်ခေါက်ကြီးသေတာကို
သားဖြစ်တဲ့သူကတော့ ကိုယ့်အဖေကို သွားပုပ်လေလွင့်တော့ မပြောလောက်တာမို့
သူပြောတာကို မယုံချင်ယုံချင်နဲ့ နားထောင်နေလိုက်မိတယ်။ နောက်ပြီးတော့
ကျွန်တော့်ကိုလည်း သူတို့အိမ်မှာ
အဖော်အနေနဲ့ လာစောင့်အိပ်ပေးဖို့
အကူအညီတောင်းပါလေရောဗျို့။ ငြင်းလို့လည်းမကောင်းတာနဲ့ ကျွန်တော်လည်း
လာခဲ့ပါမယ်လို့ ကတိပေးလိုက်ပြီး သူတို့အိမ်မှာညသွားအိပ်ဖို့ ပြင်ရတော့တာပဲ။
အဲ့ဒီနေ့ နေ့ခင်းပိုင်းမှာ သူတို့ဘုရားဝတ်ပြုကျောင်းက ဘာသာရေးဆရာတွေ
သူတို့အိမ်ကိုလာပြီး ဘာသာရေး ထုံးစံတွေနဲ့ အန္တရာယ်ကင်းအောင်
ရွတ်ဖတ်ဆုတောင်းတာတွေ လုပ်ပေးသွားကြပါတယ်။
ညဘက်ရောက်တော့ ကျွန်တော်လည်း သူတို့အိမ်ကို စောစောစီးစီးထွက်လာခဲ့လိုက်တယ်။
နယ်မှာဆိုတော့ ညနေမှောင်ပြီဆိုရင် သွားရလာရတာ သိပ်မကောင်းလှဘူးမဟုတ်လား
(တကယ်တော့ သူငယ်ချင်းပြောတဲ့ သူ့အဖေအကြောင်းကြောင့်
ကြောက်စိတ်လေးဝင်နေတာလည်းတပိုင်းပေါ့)။ သူတို့အိမ်မှာ ကျွန်တော်ရယ်၊ နောက်ထပ်အဖော်အနေနဲ့လာအိပ်ပေးကြတဲ့ တခြားယောက်ျားလေးသုံးယောက်ကို အိမ်အောက်ထပ်မှာ အိပ်ဖို့
စီစဉ်ပေးထားတယ်။ နာရေးကိစ္စကြောင့် စိတ်ပမ်း၊ လူပမ်း ဖြစ်နေကြတဲ့သူတို့မိသားစုတွေလည်း
စောစောစီးစီး အိပ်ယာဝင်ကုန်ကြတော့ စကားတွေဘာတွေလည်း မပြောဖြစ်ကြတော့တာနဲ့
ကျွန်တော်လည်း အိပ်မယ့်နေရာမှာ ခြင်ထောင်ထောင်ပြီး အိပ်ယာဝင်လိုက်တော့တယ်။
အိပ်လို့တော့ ဘယ်ပျော်လိမ့်မလဲဗျာ။ အိပ်နေကျနေရာလည်း မဟုတ်တဲ့အပြင်
သူငယ်ချင်းအဖေရဲ့သတင်းကိုလည်း သိနေတော့ အိပ်ယာထဲမှာ ဟိုလှိမ့်ဒီလှိမ့်လုပ်နေရင်းက စိတ်ထဲမှာ မသိုးမသန့်ဖြစ်လာတာနဲ့
ကျွန်တော်လည်း ငုတ်တုတ်ထထိုင်လိုက်မိပါတော့တယ်။ ကျွန်တော်ငုတ်တုတ်ထထိုင်လိုက်မိတဲ့အချိန်နဲ့ တပြိုင်တည်းမှာပဲ ကျွန်တော့်ခြင်ထောင်နဲ့ဘေးချင်းကပ်မှာ
အိပ်တဲ့သူငယ်ချင်းတွေလည်း အိပ်ယာကနေ ထ လာကြတယ်။ ကျွန်တော်တို့
တယောက်နဲ့တယောက် ဘာစကားမှမပြောဖြစ်ကြသေးပဲ မီးအရင်ထွန်းပြီးတော့
ဟိုကြည့်လိုက်၊ သည်ကြည့်လိုက် လုပ်နေကြတုန်းမှာ ရပ်ကွက်ထဲက ခွေးတွေ Timing
ကိုက်ထားသလား အောက်မေ့ရလောက်အောင် တပြိုင်တည်း ဆွဲဆွဲငင်ငင်အူကုန်ကြတဲ့
အသံကို ကြားလိုက်ကြရတယ်။ ညမှောင်မှောင် လူခြေတိတ်ချိန်မှာကြားလိုက်ရတဲ့ ခွေးအူသံတွေက ကျက်သရေတုံးလွန်းသလို စိတ်ချောက်ချားစရာလည်း အတော်ကောင်းသား။
ကျွန်တော်လည်း အလိုလိုနေရင်းနဲ့ကျက်သီးတွေထလာတာနဲ့
ခုချက်ချင်းထပြီး ကိုယ့်အိမ်ကို ကိုယ်ပြန်ကြရင်ကောင်းမလားလို့
ကျန်တဲ့လူတွေကိုတိုင်ပင်ဖို့ စဉ်းစားနေတုန်း အိမ်ပေါ်ထပ်ကနေ
စကားပြောတဲ့အသံလိုလို ကြားလိုက်ရတယ်။ ကျွန်တော်တယောက်တည်း
ကြားတာတော့မဟုတ်ဘူးဗျ။ ကျန်တဲ့လူတွေလည်း ကြားတယ်။ အသံလာတဲ့ဆီကို
ကျွန်တော်တို့အာရုံစိုက်နေတုန်းမှာ
အိမ်ရှေ့ခြံစည်းရိုးကို တုတ်နဲ့ပွတ်ဆွဲသွားတဲ့ အသံကို
ကြားလိုက်ရတော့တာပါပဲ။ အသံပျောက်သွားပြန်တော့ ခေါင်မိုးသွပ်ပြားပေါ်ကို
သဲနဲ့ပက်နေတဲ့အသံမျိုး တဖြောဖြောနဲ့ အိမ်အပေါ်ထပ်ဘက်ကနေထွက်လာပြန်ရော။ တခုပြီးတခု တူးထူးဆန်းဆန်းဖြစ်လာတော့ ကျွန်တော့်ကိုယ်ကျွန်တော် ကြောက်စိတ်မဝင်အောင်အားတင်းထားပေမယ့် ဒူးကတဆတ်ဆတ်တုန်နေပြီ။ ဘေးနားက သူငယ်ချင်းတွေကို ကြည့်လိုက်ပြီးစိတ်အားတင်းမယ်ကြံမိကာမှ သူတို့ကလည်း ကျွန်တော်နဲ့ မတိမ်းမယိမ်းတွေကိုဖြစ်လို့။
အိမ်ပေါ်ထပ်က သွပ်ပြားကိုသဲနဲ့ပက်တဲ့အသံပျောက်သွားပြီးတော့
ပုတ်အဲ့အဲ့အနံ့ဆိုးကြီးတခုက ကျွန်တော်တို့နှာခေါင်းထဲ
တိုးဝင်လာပြန်ပါတော့တယ်။ တသက်နဲ့တကိုယ် ဒါမျိုး
တခါမှမကြုံဘူးတဲ့ကျွန်တော့်အတွက်တော့
ခုလိုနဖူးတွေ့ဒူးတွေ့ ကြုံနေရချိန်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ပဲ
ကြောင်တောင်တောင်ကို ဖြစ်နေတော့တာ။ နောက်ထပ် ဘာတွေများ ထူးထူးဆန်းဆန်းတွေ
ဖြစ်လာဦးမလဲလို့ ရင်တထိတ်ထိတ်စောင့်နေကြပေမယ့်
ဘာမှဆက်မဖြစ်တော့ပဲငြိမ်သက်တိတ်ဆိတ်သွားလို့ ကျွန်တော်တို့အားလုံး ကိုယ့်အိပ်ယာထဲကို ပြန်ဝင်လိုက်ကြတယ်။ အဲ့ဒီညတုန်းက ကောင်းကောင်းအိပ်မပျော်လိုက်ပါဘူးဗျာ။ အိပ်ပျော်မလို ဖြစ်လိုက်၊ ပြန်ပြန်ပြီး လန့်နိုးလိုက်နဲ့တင် မိုးစင်စင်လင်းရော။
အိမ်ရှင်သူငယ်ချင်းမိသားစု အိပ်ယာနိုးတဲ့အချိန်မှာ ကျွန်တော်တို့အားလုံးညတုန်းက ဖြစ်ခဲ့တဲ့ကိစ္စအတွက် ခေါင်းချင်းဆိုင်တိုင်ပင်ကြရပါတော့တယ်။ နာရေးဖြစ်ထားတဲ့မိသားစုမှာက သူတို့အစီအစဉ်နဲ့သူတို့ ရှိပြီးသားဆိုပေမယ့်ကျွန်တော်တို့ကိုလည်း
ဘာလုပ်ရင်ကောင်းမလဲလို့ အကြံဥာဏ်တောင်းကြရှာတယ်။ ကျွန်တော့်သူငယ်ချင်း
မိသားစုရဲ့ စိတ်ထဲမှာ ဘယ်လိုခံစားနေရမလဲဆိုတာကို
ကျွန်တော်ကောင်းကောင်းနားလည်လို့ ကျွန်တော့်မိဘတွေကို အကျိုးအကြောင်းပြန်ပြောပြပြီးတော့ ဗုဒ္ဓဘာသာဘုန်းကြီးသုံးပါး ပင့်ပြီး ပရိတ်တရားနာ၊ အမျှဝေဖို့ စီစဉ်ပေးရပြန်ရောဗျို့။
ကိုးကွယ်ရာဘာသာတရားချင်း မတူညီကြတော့ နာရေးဖြစ်နေချိန်မှာ
အခွင့်ကောင်းယူပြီး ဘာသာရေးစည်းရုံးတယ်ဆိုတာမျိုး အထင်မှားခံရမှာစိုးလို့
သူတို့ဘာသာရေးဆရာသုံးယောက်ကိုပါ
ဖိတ်ပြီးတော့ တရက်တည်းမှာ နာရီပိုင်းလောက်ပဲခြားပြီး မေတ္တာပို့၊
ကောင်းချီးပေးဖို့အတွက်လည်း စီစဉ်ရပါသေးတယ်။ ရပ်ကွက်ထဲက လူတွေဆိုတာလေ တခါမှ
မမြင်ဘူး၊ မကြုံဘူးကြတဲ့ ထူးထူးဆန်းဆန်း တနေ့တည်း၊ တနေရာတည်း
ဘာသာကြီးနှစ်ခုက ဘုန်းတော်ကြီးတွေ ရဲ့ တရားပွဲကို အုန်းအုန်းကျက်ကျက်
လာကြည့်ကြတော့တာပဲ။ အဲ့ဒီ ချစ်ကြည်ရေးဝတ်ပြုဆုတောင်းပွဲပြီးကတည်းက ကျွန်တော့်သူငယ်ချင်းရဲ့အိမ်မှာ
ဘာဘာညာညာအသံဗလံ တစိုးတစိမှ မကြားရတော့ပါဘူး။ နောက်ထပ် နောက်ထပ်
ခြောက်နေလှန့်နေရင်လည်း ဒီကောင့်နှမတွေ၊ အစ်မတွေ စောစောစီးစီး
လင်နောက်လိုက်ပြေးဖို့ သေချာသလောက်ပဲဗျို့။
ပြောဖို့
ကျန်နေတာတခုရှိသေးတယ်ဗျ။ သူတို့အိမ်မှာ အေးအေးချမ်းချမ်းဖြစ်သွားပြီး
အချိန်တော်တော်ကြာမှ ဒီကိစ္စကို သိရတာ။ ဒီလိုဗျ...
ကျွန်တော့်သူငယ်ချင်းရဲ့အမေက သူ့ယောက်ျား၊ ကျွန်တော့်သူငယ်ချင်းရဲ့အဖေကို
ချစ်လွန်းအားကြီးလို့ အသက်ရှိနေစဉ်တုန်းကလိုပဲ ထမင်းစားချိန်ရောက်ရင်
နှစ်ယောက်စာပြင်ထားပြီး သူ့ယောက်ျားနာမည်ကို ခေါ်ပြီးတော့
ထမင်းစားရအောင်လာလေ ဆိုပြီး လုပ်တာမျိုး၊ ပြီးတော့ ညအိပ်ရင်လည်း
သူ့ယောက်ျားရဲ့ အဝတ်အစားတွေကို အိပ်ယာဘေးမှာ ထားပြီး အိပ်တာမျိုးတွေ
လုပ်ခဲ့မိတယ်တဲ့ဗျ။ အဲ့လိုကြီးတွေ ပေါက်တတ်ကရ မလုပ်ကောင်းတာတွေကို
လုပ်မိထားတော့ ဘဝခြားနေတဲ့ သူ့လင်တော်မောင်က စွဲလန်းစိတ်တွေဖြစ်ပြီး
အိမ်ကနေ မခွာသွားနိုင်ဖြစ်နေတာတဲ့ဗျာ.....။ အိမ်မှာ မှတ်လောက်သားလောက်အောင် ကြုံလိုက်ရတော့မှပဲ ဘွားတော်လည်း အဲ့ဒီအလုပ်တွေကို ရပ်တန်းက ရပ်သွားတော့တာပါတဲ့ဗျာ။မဖြစ်နိုင်ဘူး၊ မယုံဘူးဆိုရင်လည်း ကိုယ့်ပတ်ဝန်းကျင်မှာ နာရေးကိစ္စရှိလာတဲ့အခါ ဒါမျိုး လက်တွေ့လုပ်ကြည့်ကြပေါ့။
အနည်းဆုံးတော့ ဒီ page အတွက် ဖြစ်ရပ်မှန်ကုန်ကြမ်းလေးရရင်ပဲ နည်းတဲ့အမြတ်လား.......။
ကိုယ်တွေ့ကြုံလာရတာလေး မချွင်းမချန် ဇာတ်ကြောင်းပြန်ပြောတဲ့ ကိုအထွန်းဘွား ရေ........
အထူး အထူး ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျ။
Credit To-ပေတလောက
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။