Ads (728x90)


၂၆/၁၁/ဝ၆-နေ့က ရွာက အစ်ကိုဘုန်းကြီး ရန်ကုန်လာ၍ “ခု လက်ခုပ်ပင်က သရဲ ပြန်ခြောက်နေလို့ကွ၊ငါ ရွာပြန်ရောက်ရင် ပရိတ်ရွတ်ပေးရဦးမယ်” ဟု ပြောပါသည်။
“ဘယ်လို ပြန်ခြောက်နေတာလဲ”ဟု စာရေးသူက မေး၍ “စက်ခန်းထဲမှာ ကိုညွန့်ရွှေလိုလို၊ကိုတူးလိုလို ကုလားထိုင်မှာ ထိုင်နေတာကို အဝေးကနေမြင်ရပြီး ၊ အနားရောက်တော့ ဘယ်သူမှ မရှိဘူးတဲ့ကွာ၊ ညပိုင်း ဖွဲပြာသွန်တဲ့သူကို နောက်ကနေ တောင်းလိုက်ဆွဲတယ် လို့လည်း ပြောတယ် ကွ” ဟု ပြောပြသည်။
ကျေးရွာမီးလင်းရေး အစီအစဉ်အရ ကိုညွန့်ရွှေ၊ကိုကျော်ဝင်း၊ကိုတူးတို့ သုံးဦး စပ်တူလုပ်လုပ်ကြသည့် စပါးခွန်သုံးမီးစက်ရုံကို အထက်မှာရေးခဲ့သည့် ဓားခုတ်မှုဖြင့် အစိမ်းသေများ ထားဘူးသော လက်ခုပ်ပင်အောက်မှာ ဆောက်လုပ်ထား ပြီး တစ်ရွာလုံးကို ညနေ(၆)နာရီမှ တီဗီပြီးချိန်ထိ မီးပေးနေ၏။တစ်နာရီကို စပါးခွံ(၁၀)တင်းလောက်ကုန်၍ စပါးခွံထည့် ထားအခိုက် ဟိုဟိုဒီဒီ ခဏသွားပြီး ဖွဲပြာထုတ်၊လယ်ထဲသွား ဖွဲပြာသွန်ခြင်းကို တစ်နာရီတစ်ခါ လုပ်ပေးနေရ၏။ထိုအခိုက် သရဲက စက်ရုံထဲမှာ ကိုညွန်ရွှေလိုလို၊ကိုတူးလိုလို ပုံမှားရိုက် ထိုင်နေခြင်း၊ဖွဲပြာသွန်သူကို နောက်ကနေ တောင်းလိုက်ဆွဲနေခြင်း ကို ပြောပြခြင်း ဖြစ်ပါသည်။လက်ခုပ်ပင်က ဟိုယခင်ကပင် သရဲခြောက်သည်-ဟု ရာဇဝင်ရှိခဲ့၏။
ညောင်စာရေးရွာ၏ ရွာဘုံဘုရားက “ဂေါတမစေတီတော်” ဖြစ်ပါသည်။မြေပြင်မှနေ(၈)ပေသာသာ အမြင့်မှာကုန်းတော် ပြုလုပ်ထားပြီး ။လေးဖက်လေးတန် စောင်းတန်းနှင့်လှေခါး(၄)စင်း၊Óဏ်တော်(၁၀၈)ပေ အမြင့်ရှိ၍ အရံစေတီ(၄)ဆူအပြင်၊ ဂျပန်ခေတ်က စစ်ပြေးတရုပ်လူမျိုးများ တည်ထားခဲ့သည့် ဦးတရုပ်စေတီနှင့်အခြားစေတီပျက်(၂)ဆူ၊ဂန္ဓကုဋိတိုက်၊ ပဋ္ဌာန်းတန်ဆောင်း၊ ဦးတလုပ်တိုက် ၊ဆင်းတုတော် တန်ဆောင်း(၄)ဆောင်၊ကုန်းတော်၏အကျယ်မှာ လေးဖက်လေးတန် စတုရန်ပေ လေးငါးရာလောက် အကျယ်အဝန်းရှိမည်ထင်၏။
ကျုပ် ဘုန်းကြီးကျောင်းသားတုန်းက ယခုလို မွမ်းမံထားခြင်း၊ရင်ပြင်အပြည့် အင်္ဂတေခင်ခြင်းမရှိသေး။ စေတီတော်ကြီးတစ်ဆူသာ အကောင်း ပကတိ ဖြစ်ပြီး၊ကျန်သည့် အဆောက်အဦးတွေက ဘုရားပြို၊ တန်ဆောင်းပျက်များသာ ဖြစ်ကြ၏။ရင်ပြင်အပြည့် ပေါင်းမြက်တွေအပြင် အုပ်ဆိုင်းနေသော ခရေပင်ကြီးကလည်း အရှေ့ဖက်စောင်းတန်း အနီးမှာရှိ၏။ထို အချိန်က ခရေပင်ကြီးတွင် အဝတ်ဖြူဖြူဖြင့် ရုက္ခစိုးကြီးတစ်ယောက်ကို ညသန်းခေါင်းယံတွင် ရန်ဖန်ရံခါ တွေ့ရတတ်၏ -ဟု ပြောဆိုကြသည်။
အရှေ့ဖက်စောင်းတန်း အဆင်း၊ပန်းတင်ရွာသွားသည့် လှည်းလမ်းသာခြား၍ နတ်ကွန်းစင်လေးနှင့်ဧရာမညောင် ပင်ကြီး၊ခပ်လှန်းလှန်းတွင် ဥစ္စာစောင့်ရှိသည်-ဟု နာမည်ကြီးသည့် အုတ်များကို လှေခါးသဖွယ် တစ်ထစ်ချင်းနိမ့်ဆင်းကာ အတွင်းဖက်အောက်သို့ ကျဉ်းဝင်သွားပြီး သက္ကရာဇ်ကို ပင် မမှန်းဆနိုင်တော့သည့် ရေကန်ဟောင်းကြီးနှင့်ကသစ်ပင်အို ကြီးက လမ်းတစ်ဖက်တွင် ပေါက်နေ၏။ ဘုရားနှင့် အုတ်ရေကန် ၊နှစ်ကျိပ်ရှစ်ဆူဘုရားတို့သည့် တြိဂံအနေအထားဖြစ်ပြီး အလယ်တွင် သရက်ဥယျာဉ်ကြီးနှင့်တောထနေသည့် အလေ့ကျအပင်တို့ဖြင့် အုပ်ဆိုင်းနေသည် ။မောက်ဖက်မှာ ကုက္ကိုပင် ကြီးများဖြင့် အုပ်ဆိုင်းနေသော မြေထိမ်းနံရန်ဖြင့် ရေကန်ကြီးရှိသည်။
ထိုနေရာသည် ညနေပိုင်း မိုးချုပ်ချိန် အသားငါးရောင်းသူ ဈေးသယ်များ ဖြတ်ပြန်လာရင် ဈေးတောင်းထဲပါသော သားစိမ်းငါးစိမ်းကို ဆွဲယူလေ့ရှိတတ်ကြောင်း အပြောများသည်။ကျုပ်အရပ်မှာ အမျိုးသမီးများက ညနေပိုင်းဆို ပန်းတင်ရွာ၊ စိန်ကလေးရွာ၊ဆယ်ကြီးကြီးရွာများသို့ သားငါးများကို ဈေးတောင်းခေါင်းရွက်လျှက် ဈေးရောင်းထွက်လေ့ရှိကြသည်။ထိုနေ ရာမရောက်ခင် ပန်းတင်ရွာထိပ်မှနေ ဆိုင်ရာယောကျာ်းများ က စောင့်ကြိုကြရသည်။
ထိုအုတ်ကန်မှနေ အရှေဖက် ကိုက်(၃၀)လောက် အကွာမှာတော့ ယခု သရဲပြန်ခြောက်နေသော လက်ခုပ်ပင်ကြီး(၃)ပင်နှင့် လယ်သုံးလေးကွက် အကျော်တွင် ထန်းသုံးပင် ဖိုခနောက်ဆိုင်လျှက် ရှိနေသည်။လယ်ခွက်လေးငါးကွက် အကျော်မှာ တော့ အုတ်ဂူများဖြင့် ညောင်ပင်၊ သစ်ကြီး ဝါးကြီးတွေဖြင့် အုပ်မိုးထားသည့် လေသာကုန်းခေါ် ရွာသချိုင်းကုန်းရှိ၏။
ယောကျာ်းကြီးများပင် ညအချိန်၌ သာမာန်သတ္တိဖြင့် ဖြတ်မသွားရဲသော လမ်းဖြစ်၏။ထန်း(၃)ပင်မှနေ လက်ခုပ် ပင်၊လက်ခုပ်ပင်မှနေ ဘုရာစောင်းတန်း သို့ ထောင်ထောင်မောင်းမောင် ဖြူဖြူဖွေးဖွေးအကောင်ကြီးက အမြဲတက်တက် သွားနေတာကိုတော့ ဟိုရှေးယခင်ကပင် ကိုယ်တိုင်ကြုံတွေ့ဖူးသူတွေ များလှသည်။
ကျုပ်ကိုရင်တုန်းက ရွာကျောင်းမှာ ကြီးမှရဟန်းပြုလာသည့် ဦးဇင်းအမိုးကြီးဆိုတာ ရှိ၏။သူလူတုန်းကတစ်ည(၁၂)နာရီသာသာ ပန်းတင်ရွာကနေ အဲဒီလမ်းအတိုင်း ခပ်ထွေထွေ၊ ခပ်ယိုငိုာ်င်လေး ပြန်လာခဲ့ရာ၊အုတ်ကန်နှင့် ကသစ်ပင်ကြားအရောက် ဘုရားအရှေ့ဖက် စောင်းတန်း မှနေ ဖြူဖြူမြင့်မြင့် မားမားကြီးက တရွေ့ရွေ့ဖြင့် တက်သွားတာကို မြင်ရသတဲ့၊
လူကလည်းထွေလာ၊ကြောက်ကလည်း မကြောက် လေးခွဖြင့်ထိုင်ပြီးပစ်နေတာ စောင်းတန်းအမိုးပေါ် လောက်စာလုံးကျသံ တွေ တဒိုင်းဒိုင်းမို့ ရွာကလူတွေ ထွက်လာကြမှဘဲ ရပ်လိုက်ရကြောင်း ပြောပြဖူးသည်။
လွန်ခဲ့သော(၁၃)နှစ်လောက်ကအမှတ်(၁)စစ်မှုထမ်းဟောင်းစံပြရွာ၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်၊သီရိဂုဏ် ဝေဓမ္မဗိမာန်ကျောင်း တည်ထောင်ကာစ ၊ပေ(၃၀)+(၃၅)ပေရှိ မြေစိုက်အုပ်ညှပ်ကျောင်းကလေးမှာ တပည့်(၅) ပါးနှင့် အတူနေခဲ့ရစဉ် လသာသာညတစ်ည သန်ခေါင်ယံအချိန် ကျောင်းအမိုးပေါ်က တတောက်တောက်အသံမည်နေ၏။ခပ်ဝေး ဝေးကွင်းပြင်ထဲကလည်း ခွေးအူသံတွေကိုလည်း ကြားနေသည်၊ ညကလည်း အလျင်းတိတ်ဆပ်ငြိမ်သက်လို့။
ကျောင်းစောက်စဉ်က သစ်ဝါးများကို လာစောင့်သော ဒကာက ညတိုင်းသရဲ ချောက်ကြောင်းကို ပြောပြထားသည့်ပြင် တပည့်ဖြစ်သူ ကုဏ္ဍလကလည်း အူမကြီးကင်ဆာဖြင့် ပျံလွန်တော်မူပြီစ၊သရဲကတော့ အသေအချာခြောက်နေပါပြီ။
အိပ်လို့လည်း မပျော်။တပည့်တွေနိုးပြီး အသံမည်နေသည့် နေရာကို ဝါးလုံးဖြင့် ဆောင့်ထိုးလိုက်ရင် အသံကတိတ်သွား။မကြာခင် ပြန်မြည်နေပြန်၏။ ဘုန်းကြီးကျောင်းသားငယ်ဘဝမှာ ညတိုင် တစ်ဒေါက်ဒေါက်မြည်နေရင် သစ်ခြောက်ခြင်း ဖြစ်၍ သစ်မင်းဖြင့်ရိုက်ပါမှ အသံပျောက်သည်-ဟု စိတ်အစွဲကလည်းရှိနေ၍ မသန့်သည့်သစ် ပါလာလို့ထင်ရဲ့ပေါ့။သစ်မင်းကလည်းမရှိ၊နောက်ဆုံး မဖြစ်ချေဘူး၊သရဲဖမ်းကြစို့-ဟု သတ္တိမွေးပြီး တပည့်တစ်ပါးကို ကျောင်းအမိုးပေါ်တက်စေ၏။ အမိုးပေါ်ရောက်ပါမှာ ။ချောက်နေသည့် သရဲကို တွေ့ပြီးဖြစ်ကြောင်းကို တပည့်က လှမ်းပြောသည်။

သရဲကို ခေါင်းအုပ်သွပ်နဲ့ အမိုးသွပ်ကြားမှာ ထက်အောက်အမြီးဆော့နေတာကို တွေ့ရပါတော့၏။အော် သရဲရယ် လို့ပဲ ဩချရပါတော့သည်။



credit to-အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)
Admin-မိုးတိမ် ပုံပြင်



သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...