Ads (728x90)

 


(တစ်ရက်ကပေါ့ဗျာ အိမ်မှာ မီးက ပျက်သွားတာနဲ့ ခပ်တင်းတင်းနဲ့ မီးမထွန်းပဲ အမှောင်ထဲမှာ ထိုင်နေလိုက်တယ်...။ အဲဒီမှာ စတွေ့တာပဲ....)

ပြောလက်စစကားကို ရပ်ပြီး ကျော်စွာတစ်ယောက် လဘက်ရည်ခွက်ကို ကောက်ကိုင်လိုက်တော့ နားထောင်နေသူတွေ မချင့်မရဲဖြစ်သွားတယ်..။ ဒီကောင် ကျော်စွာက အဲလိုပဲ..။ စကားတစ်ခွန်းပြောပြီဆိုရင် ဈေးအင်မတန် ကိုင်တဲ့ကောင်။ သူ ကိုင်လဲ ကိုင်နိုင်လောက်အောင် စကားပြောလဲ ကောင်းလွန်းတာကိုး..။ တစ်ခါတစ်ခါ သူပြောလိုက်ရင် လဘက်ရည်ဆိုင်ဟာ လဘက်ရည်ဆိုင်နဲ့ မတူတော့အောင်ကို ငြိမ်ကျသွားအောင် ဆွဲဆောင်နိုင်တာမျိုး..။ အခုလဲ ဘေးဝိုင်းက မသိသူတွေရော သိသူတွေပါ နားစွင့်ရင်း စကားသံတွေ တိတ်ဆိတ်စပြုလာပြီလေ..။ ဆိုင်ရှင် ကိုအောင်ဘုကလဲ အလိုက်သိသိနဲ့ ဖွင့်ထားတဲ့ သီချင်းကို အသံတိုးပေးလိုက်တယ်.။ လဘက်ရည်ဆိုင်ဟာ မုန်တိုင်းမလာခင် တိတ်ဆိတ်မှုမျိုးနဲ့ ကျော်စွာဆီက စကားသံကို ငံ့လင့်နေတော့တယ်..။ ကျော်စွာကလဲ လဘက်ရည်ဆိုင်ထဲက လူတွေရဲ့ မျက်နှာကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး စကားကိုဆက်တယ်..။

(သိတယ်မလား.. ကျွန်တော့အခန်းက နောက်ဆုံးလေ..။ နောက်ဘက်မှာ တောပဲရှိတယ်..။ အမြဲတမ်းလှမ်းကြည့်လိုက်ရင် ရှုခင်းရှုကွက်တွေနဲ့မို့ အရလုထားတာ..။ ကားမီးဘာမီးလဲ လုံးဝမဝင်ဘူးဗျာ..။ အဲဒီညတော့ ကျွန်တော့အခန်းပြတင်းပေါက်ကနေပြီး အလင်းတစ်ခု ဖြတ်ကနည်းဝင်လာတယ်..။ ရုတ်တရက်တော့ မြို့အထာနဲ့ ကားမီးပေါ့..။ လူက တင်းနေတော့ သိပ်ပြီး အာရုံမစိုက်လိုက်မိဘူး..။ မီးမလင်းတော့တဲ့ မီးသီးကိုပဲ အံကြိတ်ကြည့်နေတာ..။ ဘယ်သူ့ကို မေတ္တာပို့ရမှန်းလဲ မသိဘူးလေ..။ အဲဒီအချိန်မှာ အိမ်အောက်ကနေ ကျွန်တော့နာမည် လှမ်းခေါ်တယ်.။ ငကျော်တဲ့..။ ရုတ်တရက်ဆိုတော့ ကြောင်တာပေါ့..။ အိမ်မှာ ငကျော်လို့ခေါ်တာ လက်ချိုးရေလို့ရတယ်.။ ကျွန်တော့ဘကြီးရယ်၊ ကျွန်တော့ ဝမ်းကွဲအစ်ကိုရယ်.. နောက် ကျွန်တော့ငယ်ပေါင်း ခင်မောင်သန်းရယ် ကျွန်တော့ အဆက်ဟောင်း ခင်မြရယ်ပဲရှိတာ..။ အခု အသံက ကျွန်တော် မမှတ်မိတဲ့အသံ.. ။ ဒါပေမယ့် ဒေါဖောင်းနေတော့ ခပ်ဆတ်ဆတ်ပဲ ဘာတုန်းလို့ ထူးလိုက်တယ်..)

ပြောလက်စ စကားကို ရပ်ပြီး ရေနွေးခွက်ဆီ လက်လှမ်းတော့ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ ကိုသားစိုးက အလိုက်တသိ ခွက်ကို ကမ်းပေးတယ်..။ တစ်ချက် မော့သောက်လိုက်ပြီး ကျော်စွာ စကားဆက်ပြန်တယ်..

(စဉ်းစားကြည့်ဗျာ..။ လူက တင်းနေပါတယ်ဆို နာမည်ခေါ်ပြီး မခန့်တာ..။ ကောပေးလိုက်တယ်.။ ငါ့နာမည်အလကားရတာမဟုတ်ဘူး.. ခေါ်ပြီး တစ်ခုခုပြော..။ အလုပ်မရှိအားနေတယ် မှတ်နေလား.. မီးပျက်လို့ တင်းနေတဲ့ကြားထဲ ဆိုပြီး အောက်ကို ငုံ့ အော်ထည့်လိုက်တယ်..။ အဲဒီမှာပဲ ပြတင်းတံခါးနားက လူရိပ်တစ်ခုကို အမှတ်မထင် လှမ်းတွေ့လိုက်တယ်.။ ရပ်နေတာ..။ သေချာအောင် မျက်တောင် တစ်ချက် ခတ်ပြီး ကြည့်လိုက်တော့ ဘာမှ မရှိတော့ဘူး...။ ပြန်စဉ်းစားတာပေါ့..။ ကျွန်တော့အိမ်က နှစ်ထပ်လေ..။ ကျွန်တော်နေတာ အပေါ်ထပ်လေ..။ မီးပျက်နေတယ်လေ..။ နောက်ပြီး ပြတင်းပေါက်ကကြည့်ရင် တောကြီးရယ်.။ မီးရောင်လာစရာလဲ မရှိဘူး..။ လရောင်လို့ပြောရအောင်ကလဲ လက အိမ်ရှေ့ဘက်မှာ..။ အရိပ်ထင်စရာ အကြောင်းမရှိ..။ နဲနဲတော့ ကြက်သီးထသွားတယ်..။ ဒါပေမယ့် ဒီလောက်တော့ ကျော်စွာတို့က မဖြုံသေးဘူးလေ..။ ဒါပေမယ့် မီးပျက်လို့ တင်းနေတာတော့ မေ့သွားတယ်..။ သိချင်လာတာနဲ့ ပြတင်းပေါက်ဖက်ထသွားကြည့်လိုက်တယ်..။ ပြတင်းပေါက်ဘောင်ကို လက်တင်လိုက်တယ်ရှိသေး... ဝုန်းဆိုပြီး အိမ်ခေါင်ပေါ် တစ်ခုခု ကျသံကြားလိုက်ရတယ်.။ တော်တော်ကျယ်တယ်ဗျ..)

အဲဒီအချိန်မှာပဲ ဝုန်းဆိုတဲ့ အသံ လဘက်ရည်ဆိုင်ထဲ ထွက်လာတော့ အလန့်တကြားသံတွေ ဆူညံသွားတယ်.။ ဘာမှမဟုတ်ပါဘူး..။ စိတ်ဝင်တစား နားစွင့်ရင်း ပစ္စည်း သိမ်းနေတဲ့ စားပွဲထိုးကောင်လေး အမှိုက်ပုံးကို ဝင်တိုက်မိတာ..။ ကြိမ်ဆဲသံတော့ ဆူညံသွားတယ်..။ ကျော်စွာကလဲ ဘုကြည့်တစ်ချက် ကျွေးလိုက်ပြီး စကားကိုဆက်တယ်..။

(အေး.. ဖီလင်ကတော့ အခု ခံလိုက်ရတဲ့အတိုင်းပဲ လူကို ခါတက်သွားတာ..။ ဘာကြီးလဲပေါ့..။ အသီးတွေ ဘာတွေ ကြွေရအောင်က အိမ်ခေါင်ထက် မြင့်တဲ့အပင် ဝင်းထဲမှာ မရှိဘူး..။ တစ်ခါတစ်လေ လင်းနို့တို့ဘာတို့ အသီးတွေသယ်သွားရင်း ပြုတ်ကျတာမျိုးတော့ ရှိတယ်.။ ဒါပေမယ့် အသီးသံ မဟုတ်တာတော့ သေချာတယ်.။ ဝုန်းကနဲ တစ်ချက်ပဲ ကြားပြီး လှိမ့်ဆင်းတဲ့အသံမှ မပါတာ..။ အဲဒီအချိန်မှာပဲ ခြံထဲက အလင်းရောင်တစ်ခုက မျက်စိကို လာဖမ်းတယ်..။ ဓာတ်မီးနဲ့ ထိုးလိုက်သလိုပဲ..။ ရုတ်တရက် စိတ်ထဲထင်လိုက်တာ သူခိုးပေါ့..။ မီးပျက်တာနဲ့ ဝင်ခိုးပြီဆိုပြီး ထင်လိုက်တာ..။ အဲဒါနဲ့ ဒီကောင် ငါ့ကို မြင်သွားဦးမယ်ဆိုပြီး ပြတင်းပေါက်ခန်းစီးနောက်ကို အသာလေး ဝင်ပြီး ချောင်းကြည့်လိုက်တယ်.။ ဘာမှတော့ သေချာ မတွေ့ရဘူး..။ ကျွန်တော့အခန်းထဲ ဝင်ဖူးတဲ့သူတွေတော့ သိမှာပေါ့..။ အခန်းထောင့်မှာက ဘီရိုရှိတယ်လေ..။ အဲဒီမှာ ကိုယ်လုံးပေါ်မှန်လဲ ရှိတယ်..။ ခြံထဲ ကြည့်နေတာ ဘာမှမဖြစ်ဘူး မျက်စိက အဲဒီ ဘီရိုမှန်ဘက် ရောက်သွားမှ ရွာပျက်တော့တာ..။ အောင်မယ်လေးဗျာ ကျွန်တော်က ခြံထဲ ချောင်းနေတာ ကျွန်တော့နောက်မှာက မျက်စိကြီးရဲနေတဲ့ မည်းမည်းကောင်ကြီး...။ ဘာမှန်းမသိပေမယ့် လူကောင်က တော်တော်ထွားကြိုင်းတာတော့ မှန်ထဲကနေ သေချာ မြင်လိုက်ရတယ်..။ ကျွန်တော့နောက်စေ့လောက်ကို အသေ စိုက်ကြည့်နေတာ..။ အဲမှာ သေတာပဲ..။ အော်ရမှာလဲ မဟုတ်.. ပြေးရမှာလဲမဟုတ်.. ဘာလုပ်ရမှန်းကိုမသိတာ..။ ကြောက်ပြီး ကြက်သေသေ နေတယ်..။ နောက်တော့မှ မထူးပါဘူးဆိုပြီး ဘုရားစာရွတ်မလို့ နမောတဿဆိုလဲ စလိုက်ရောက် နရင်းကိုင်ခံလိုက်ရတယ်.။ ဖျောင်းခနဲပဲ..။ မျက်စိကို ကြယ်တွေ လတွေ မြင်သွားသလား အောက်မေ့ရတယ်.။ အဲဒီအချိန်ကျတော့ မနေနိုင်တော့ဘူး..။ အသေ ကျုံးအော်တော့တာပေါ့..။ ပြီးတော့ ကျွန်တော်လဲ ခွေခေါက်သွားတယ်..။ ဘာမှကို မသိတော့တာ..။ နောက်နေ့ မနက်ရောက်တော့မှ သတိပြန်လည်လာတော့ ကျွန်တော် အိမ်အောက်ထပ်က ဘကြီးအခန်းထဲရောက်နေမှန်းသိတယ်..။ ဘကြီးပြန်ပြောလို့သိရတာ အဲဒီနေ့က အော်တာ သူတဲ့..။ ကျွန်တော်က မခြေမငံပြန်ပြောလို့ နရင်းလာကိုင်တာ ဘာမှန်းမသိပေမယ့် ကျွန်တော်မေ့သွားတယ်တဲ့..။ အဲလောက်ပါပဲ.။ တစ်အိမ်လုံးလဲ တစ်သံထဲထွက်တယ်..။ အဲဒီတော့ ဘကြီးလက်ချက်လို့ ကျွန်တော်လဲထင်ပြီး ကိုယ့်ကိုယ်ကို တော်တော် ချဉ်သွားတယ်.။ တစ်ရက်တော့ အပြင်သွားရင်း ဘကြီးရဲ့ ဘော်ဒါ ဦးပြေကြီးနဲ့တွေ့တော့မှ ကျွန်တော် အကြောင်းစုံသိလိုက်ရတယ်.။ တစ်ကယ်တော့ ကျွန်တော် နားရင်း ကိုင်ခံရတဲ့အချိန် ဘကြီးက အိမ်ရှေ့မှာ ဦးပြေကြီးနဲ့ စကားပြောနေတာ.. ။ ငကျော်လို့ ခေါ်တဲ့အသံကို ဘကြီးရော ဦးပြေကြီးပါ ကြားတယ်တဲ့..။ သူတို့လဲ ခင်မောင်သန်းရောက်နေတယ်ပဲထင်တာ..။ ကျွန်တော့အော်သံကြားတော့ ဘကြီးရော ဦးပြေကြီးပါ ပြေးတက်လာတာ အခန်းနားရောက်တော့ အပုပ်နံ့က ဟောင်နေတာပဲတဲ့..။ အခန်းထဲဝင်လိုက်တော့ ကျွန်တော့အပေါ်မှာ မည်းမည်းကြီးတစ်ကောင် ခွနေတာ မြင်တယ်တဲ့.။ ဦးပြေကြီးက အမြဲ ပုတီးစိပ်တဲ့သူဆိုတော့ လက်မှာက ပုတီးပတ်လျှက်လေ..။ သူ့ပုတီးကြီးနဲ့ ဝင်ရိုက်လိုက်တော့ ပိတ်ထားတဲ့ ပြတင်းပေါက်ကို ဖောက်ပြီး ခုန်ဆင်းသွားတယ်တဲ့..။ ဒါပေမယ့် ကျွန်တော်ကြောက်မှာစိုးလို့ နရင်းကိုင်လိုက်တာ ဘကြီးဖြစ်ကြောင်း တစ်အိမ်လုံးကို တက်ညီလက်ညီပြောခိုင်းထားတာတဲ့..။ ပြောဖို့မေ့နေတာ...။ ကျွန်တော် အဲဒီအိမ်ကို ပြန်မအိပ်တာက တက္ကသိုလ်စတက်ကတည်းကလေ..။ အခုနောက်ပိုင်းမှ ပြန်အိပ်ဖြစ်တာမလား..။ ကျွန်တော်မအိပ်ခင်တုန်းက အဲဒီ အခန်းထဲမှာ ဘကြီးရဲ့ သူငယ်ချင်းတစ်ယောက်တစ်လလောက်နေဖူးတယ်တဲ့..။ သူက အောက်လမ်းဆရာဆိုလား သိုက်ဆရာဆိုလားပဲ..။ သူ့ရဲ့ အကြွင်းအကျန်ဖြစ်ဖို့များတယ်လို့တော့ ပြောတာပဲ.။ သေချာတာကတော့ မြို့ကနေ ပြန်မလာဖြစ်ဖို့ အကြောင်းဆိုက်သွားတာပေါ့ဗျာ...။ နောက်ကြုံမှပဲ အဲဒီနောက်ဘက်က တောထဲမှာ ငယ်တုန်းက ကြုံရတာကို ပြောပြဦးမယ်..။ )

ပြောပြောဆိုဆို လဘက်ရည်ဖိုးရှင်းပြီး ကျော်စွာ ထထွက်သွားတယ်.။ လဘက်ရည်ဆိုင်ထဲမှာတော့ တစ်ယောက်တစ်ပေါက် ထင်မြင်ချက်တွေပေးပြီး အသံတွေ ပြန်ဆူသွားတယ်.။ သီချင်းသံကလဲ ပြန်ပြီး အသံကျယ်လာတယ်..။ ဒါပေမယ့် လူတိုင်းရင်ထဲမှာတော့ ပုစ္ဆာကိုယ်စီနဲ့ပေါ့..။


Credit To-စိုင်းမွန်း
Admin -မိုးတိမ်ပုံပြင်



သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...