Ads (728x90)




ကျွန်တော်ရယ်၊ ကျွန်တော့်အစ်ကို အဆိုတော် Gလတ် ရယ်၊ သူငယ်ချင်း ဒါရိုက်တာ ဝီရ ရယ်၊ နောက်ပြီးတော့ တခြားလူတွေလည်း ပါသေးတယ်ဗျ။ ဧရာဝတီလင်းပိုင်မျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေး documentary video ရိုက်ဖို့အတွက် ဧရာဝတီမြစ်ထဲမှာ တလကိုးသီတင်းနေရင်း ရိုက်ကူးရေးအစီအစဉ်တွေလုပ်ကြရော။ ပထမတခေါက်တော့ အားလုံးအေးအေးဆေးဆေးပါပဲ။ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်မပါတဲ့ ဒုတိယတခေါက်မှာတော့ ဒါရိုက်တာ ဝီရနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေ ပြဿနာအကြီးကြီးတခုနဲ့ ကြုံလိုက်ရတယ်။ ဖြစ်ပုံက ဒီလိုဗျ....။

လင်းပိုင်တွေအကြောင်းကို မှတ်တမ်းတင်ဗွီဒီယိုရိုက်မယ်ဆိုတော့ ကုန်းပေါ်ကနေ လှမ်းရိုက်နေလို့မဖြစ်ဘူးမဟုတ်လား။ ဒီတော့ သင်္ဘောတစင်းကို ပုတ်ပြတ်ငှားပြီး သင်္ဘောပေါ်မှာ နေ၊ သင်္ဘောပေါ်မှာ စားရင်းနဲ့ ရိုက်ကူးရေးအစီအစဉ်တွေကို လုပ်ကြရပါတယ်။

ငှားလိုက်တဲ့ သင်္ဘောပေါ်မှာ သင်္ဘောပိုင်ရှင်မိသားစုတွေလည်း အတူလိုက်လာကြတယ်။ ရိုက်ကူးရေးအဖွဲ့သားတွေဆိုတာက ဗွီဒီယိုကို ဘယ်နေရာကနေ ဘယ်လိုရိုက်ရမယ်ဆိုတာလောက်ပဲ နားလည်တာလေ။ လင်းပိုင်တွေ ဘယ်အချိန်၊ ဘယ်နေရာမှာ ရှိတတ်တယ်ဆိုတာက ဧရာဝတီမြစ်ထဲမှာ နေ့စဉ်နဲ့အမျှ သွားလာနေကြတဲ့ သူတို့တွေက ကျွန်တော်တို့ထက် ပိုပြီးသိတော့ ရိုက်ကူးရေးအစီအစဉ်တွေအတွက် အထောက်အကူဖြစ်အောင် လိုက်လာကြတာပါ။ သင်္ဘောပိုင်ရှင်မိသားစုထဲမှာ " ကျန်ဖန်ဆော့ " ဆိုတဲ့ ထူးထူးဆန်းဆန်း နာမည်နဲ့ ချာတိတ်လေးတယောက် ပါလာတယ်။ နာမည်ကိုတွေ့လိုက်လို့ တရုတ်လူမျိုးလို့တော့ မထင်လိုက်လေနဲ့ဗျ။ ကစားတဲ့ နေရာ၊ ဆော့တဲ့ နေရာမှာ ကြံကြံဖန်ဖန် ဆော့လွန်းအားကြီးလို့ သူ့ကို ကင်ပွန်းတပ်ထားတဲ့ နာမည်။အဲ့ဒီ " ကျန်ဖန်ဆော့" နဲ့အတူ သူ့ညီမလေးရယ်၊ တခြား သူ့ဝမ်းကွဲညီအစ်ကိုမောင်နှမတွေလည်း သင်္ဘောပေါ်မှာ ပါလာကြတယ်။

တနေ့တော့ ရာသီဥတုအခြေအနေကြောင့် သင်္ဘောကို ဧရာဝတီမြစ်ကမ်းဘေးတနေရာမှာ ထိုးကပ်လိုက်ရတယ်။ သင်္ဘောကပ်လိုက်ရတဲ့နေရာက မြို့မရှိ၊ ရွာမရှိ တကယ့်ကွင်းခေါင်ခေါင်လို နေရာကြီး။ အချိန်ကလည်း ညနေစောင်းလုနီးနေပြီ။
သင်္ဘောပေါ်မှာပါလာတဲ့ ကလေးတွေက ကမ်းပေါ်တက်ဆော့ကြတယ်။ သင်္ဘောပေါ်မှာ ညစာချက်ပြုတ်လို့ပြီးချိန်မှာ ကမ်းပေါ်မှာဆော့နေတဲ့ကလေးတွေကို ထမင်းစားဖို့ခေါ်ခိုင်းတော့..ကျန်ဖန်ဆော့ က သင်္ဘောကုန်းပတ်ပေါ်ကနေ

"လာကြတော့ဟေး...စားလို့ ရပြီ "လို့ ကမ်းပေါ်ကို လှမ်းအော်ခေါ်ပါလေရော။ အဲ့အချိန်မှာ ဒါရိုက်တာဝီရက

"ဟာ !! ဒီကောင်...ဒီအချိန်ကြီး အဲ့လိုမအော်ရဘူးလေ " လို့ ..လှမ်းမာန်လိုက်တယ်။ ဒါရိုက်တာဝီရစိတ်ထဲ နည်းနည်းတော့ ခုသွားတာပေါ့။ ကျန်ဖန်ဆော့ ကို သူလှမ်းငေါက်လို့မှ မဆုံးသေးဘူး။ နောက်ထပ်ကလေးတယောက်က အသံကျယ်ကျယ်နဲ့ 

"စားလို့ ရပြီ၊ စားလို့ ရပြီ "လို့ ထပ်အော်လိုက်ပြန်တယ်။ အဲ့ဒီလိုအော်လိုက်မိခြင်းရဲ့ နောက်ဆက်တွဲအကြောင်းအရာတွေက ညစာစားကြတဲ့အချိန်မှာ စဖြစ်လာတော့တာပါပဲ။

သင်္ဘောပေါ်ကအဖွဲ့သားတွေ ညစာစားနေချိန်မှာ သင်္ဘောပေါ်ကအိမ်သာကိုသွားတဲ့အခြမ်းမှာရှိတဲ့ လေကာမိုးကာထားတဲ့

တာပေါ်လင်စက လူတယောက်လာလှန်ကြည့်သလို သင်္ဘောအတွင်းဖက်ထဲကို လာလန်နေတယ်။ လေလည်းမတိုက်ဘူးနော်၊ ပြီးတော့ အဲ့လို လန်နေတာကလည်း အချိန်တော်တော်လေးကြာတယ်။ ဒါနဲ့ တယောက်က သွားဆွဲချလိုက်တော့ နောက်တဖက်ကနေ လန်သွားပြန်ရော။ သင်္ဘောအဖွဲ့သားတွေအားလုံး ထမင်းစားနေချိန်မှာ လေမတိုက်ပဲနဲ့ တာပေါ်လင်စ လန်တာက တကြိမ်တည်းလည်း မဟုတ်ပြန်ဘူးဆိုတော့ မလိုလားအပ်တဲ့ ပြဿနာတစုံတရာဆိုတာကတော့ သေချာနေပြီ။

အဲ့ဒီညမှာပဲ သင်္ဘောပေါ်မှာပါလာတဲ့ ကလေးတယောက် ကယောင်ကတမ်းတွေ အော်တော့တာပါပဲ။ မနက်မိုးလင်းတော့ ညတုန်းက ဘာမှမဖြစ်သလိုနဲ့။ ညဘက်ရောက်ပြီဆိုရင် ဂယောင်ဂတမ်းတွေ အော်ပြန်ရော။ ကမ်းဘက်ကို လက်ညှိုးထိုးပြီး

" ဟိုမှာ လာခေါ်နေတယ် " လို့ အော်အော်နေတာ။ ပြဿနာက အဲ့ဒီကလေးတယောက်တည်းမှာတင်မဟုတ်သေးဘူး။

ညဘက် ကမ်းသဲသောင်ပြင်မှာ သွားပြီး စားသောက်၊ အိပ်ကြတဲ့ ရိုက်ကူးရေးအဖွဲ့သားတွေမှာလည်း ထူးထူးဆန်းဆန်းအဖြစ်အပျက်တွေ ကြုံလာရပြန်တယ်။ သင်္ဘောပေါ်ကနေ ယူသွားတဲ့ ပစ္စည်းပစ္စယတွေ မနက်မိုးလင်းရင် အကုန်လုံးဗြောင်းဆန်နေအောင် ပြန့်ကျဲနေတာမျိုး၊ ညဘက်မှာ ဘယ်ကနေပေါ်လာမှန်းမသိတဲ့ စကားပြောသံတွေ ကြားရတာမျိုးတွေ ဖြစ်လာတယ်။





ဒီလိုနဲ့ တရက်တော့ လင်းပိုင်တွေနောက်ကိုလိုက်ပြီး video ရိုက်ဖို့ စီစဉ်ကြတယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့ ဒါရိုက်တာ ဝီရက အဖွဲ့သားတွေ လှေလေးတွေပေါ်တက်ကုန်ကြပြီးတဲ့အချိန်အထိ သင်္ဘောပေါ်မှာ ဘုရားဝတ်ပြုလို့ မပြီးသေးဘူး။ သူရော ကျွန်တော့်မှာပါ အခန်းတခန်း (ဒါမှ မဟုတ်) နေရာတနေရာမသန့်ရင် ချက်ချင်းဆိုသလို ရှိန်းကနဲသိတတ်တဲ့ မွေးရာပါအာရုံတခုရှိတယ်။ သူ ဘုရားကန်တော့နေတုန်း သူ့ဘေးနားမှာ ထမီအနီရောင်ဝတ်ထားတဲ့ အမျိုးသမီးတယောက် လာရပ်နေတာကို အာရုံထဲ ပေါ်လာတယ်။

ဒါပေမယ့် အဲ့ဒီအမျိုးသမီးရဲ့ ခါးအထက်ပိုင်း ခန္ဓာကိုယ်ကိုတော့ မမြင်ရဘူး။ ဘုရားရှိခိုးနေတဲ့ ဒါရိုက်တာ ဝီရကို အဲ့ဒီမိန်းမက ဘေးကနေပြီး ကျိန်းလားမောင်းလား ငေါက်လားပြုလား လုပ်ရောဗျို့။ "နင်တို့ ကို သတ်မယ်။ ရေထဲမှာကို သတ်မယ်။ ငါ့နာမည် မခင်ဝင်း။ နင်တို့ သေရမယ်"လို့ လာကျိန်းတယ်။ ဒါနဲ့ ဝီရလည်း ဘုရားကန်တော့တာကို ဆုံးအောင်ဝတ်ပြုလိုက်ပြီးတော့ လှေတွေပေါ်မှာ ရောက်နှင့်နေပြီးသား သူ့အဖွဲ့သားတွေကို သင်္ဘောပေါ်ပြန်တက်ကြဖို့ ပြောပြီး အဲ့ဒီနေ့အတွက် ရိုက်ကွင်းကိုဖျက်လိုက်တော့တယ်။ သင်္ဘောပိုင်ရှင်လင်မယားကို "ခင်ဗျားတို့ အသိထဲမှာ မခင်ဝင်းဆိုတာရှိသလား " လို့ မေးကြည့်တော့ " မရှိပါဘူး .. " တဲ့။

အရေးထဲမှာမှ အရာပေါ်တယ်လို့ပဲ ပြောရမှာပဲ။ ညဘက် ညဘက် ဂယောင်ဂတမ်းတွေ အော်အော်နေတဲ့ ကလေးကလည်း တအီအီနဲ့ ဖျားလိုက်၊ကောင်းသွားလိုက် ဖြစ်နေတုန်း။ နောက်ဆုံးတော့ မန်းလေးကို သင်္ဘောကြုံနဲ့ ပြန်ထည့်ပေး

လိုက်ရတယ်။ ရိုက်ကူးရေးအတွက် ၀ီရတို့အဖွဲ့ လှေတွေနဲ့ ရေထဲဆင်းတုန်း ကလေး ကိုထည့်ပေးလိုက်တဲ့ သင်္ဘောံလည်းထွက်တာပေါ့။အဲ့မှာပဲ ကလေးက ၀ီရတို့ တဖွဲ့လုံးကိုစားတော့ဝါးတော့မယ့် အကြည့်နဲ့ ကြည့်ပြီး မန်းလေးကို ပြန်ပါသွားတယ်။ မန်းလေးရောက်တော့ ဆေးရုံတင်တာပဲ။ ရောဂါရှာမရတာနဲ့ အိမ်ပြန်ခေါ်လာတယ်။ တတ်သိသူတွေက

ဆရာတွေနဲ့ ပြကြည့်ဖို့ အကြံပေးတော့ အဲ့လို ကိစ္စတွေကိုင်တွယ်တဲ့ ဆရာဆီကိုသွားပြတော့မှ ပြဿနာကပေါ်တော့တယ်။

ကလေးထဲဝင်နေတဲ့သူက မခင်ဝင်းပါတဲ့။ သူတို့တွေက အရင်လူ့ဘဝတုန်းက ၀ီရတို့ သင်္ဘောဆိုက်ထားတဲ့ ကမ်းပေါ်မှာနေခဲ့ကြတာတဲ့။ ရေကြီးလို့ တရွာလုံးသေကြေပျက်စီးခဲ့ပြီး ဒီဘဝကိုရောက်နေကြတာတဲ့။ သူတို့ တွေက အုပ်စုလိုက်ကြီး နေတာတဲ့ဗျာ။အဲ့ဒီ မခင်ဝင်းက ကမ်းပေါ်မှာရှိနေကြတဲ့ သရဲတွေရဲ့ ခေါင်းဆောင်ပါတဲ့။ တရက်ညနေစောင်းမှာ သင်္ဘောပေါ်က ကလေးတယောက်က "စားလို့ ရပြီ၊ လာခဲ့ကြ" ဆိုပြီးခေါ်လို့  လာခဲ့ကြတာပါတဲ့။ ခေါ်တဲ့နေ့တုန်းက သင်္ဘောမှာကာထားတဲ့ တာပေါ်လင်အစကို ၂ခါ လာလှန်ကြည့်တာလည်း သူတို့ပါပဲ တဲ့။ ဒါပေမယ့် သင်္ဘောမှာပါလာတဲ့ အဖွဲ့ခေါင်းဆောင်(၀ီရ)က သင်္ဘောကို စည်းချထားလို့ သင်္ဘောပေါ်ကို တက်လို့မရဘူး တဲ့။ ခေါ်တုန်းကတော့ခေါ်ပြီးဘာမှမကျွေးလို့ အဲ့ဒီခေါင်းဆောင်ကိုပါအပြီးလုပ်မလို့ရည်ရွယ်ပေမယ့် လုပ်မရလို့တဲ့။ ။ဒါနဲ့ သင်္ဘောံနောက်ဖက် ပန်းကန်ဆေး၊ ထမီလှန်းတဲ့နေရာမှာရှိတဲ့ ကျောက်ကြိုးကနေ တက်လာတာတဲ့။ အဲ့နေရာမှာ စည်းမချထားဘူးတဲ့။

အကြောင်းစုံကို သိပြီးတဲ့နောက်မှာ အထက်လမ်းဆရာက "သူတို့လူအချင်းချင်း ထမင်းစားဖိုခေါ်တာ နင်တို့ ကို ခေါ်တာမှမဟုတ်တာ၊ ဆက်ပြီးတော့ ဒုက္ခမပေးနဲ့တော့" လို့ ပြောတာကို ဟိုဘက်က ဘာပြန်ပြောတယ်မှတ်တုန်း။

"မသိဘူး။ စားပြီးမှပြန်မယ်။" လုပ်ပါလေရော ဆိုပဲ။ ဒါနဲ့ အမဲသားတွေကို ခေါစာကျွေးတော့ ညနေ နေ၀င်ချိန်မှာ ခွေးနက်တကောင်လာစားတာ ပြောင်သလင်းကိုခါေ၇ာ။ ထူးဆန်းတာတခု ပြောရဦးမယ်။

အဲ့ဒီခွေးနက်ကြီး အမဲသားတွေစားဖို့လာတော့ အနီးအနားမှာရှိနေတဲ့ ခွေးတွေ တချိုးတည်း ထွက်ပြေးကြတယ်တဲ့ဗျို့။ ဘာဆေးဝါးနဲ့မှ ကုလို့မရတဲ့ ကလေးလည်း နေပြန်ကောင်းသွားတယ်။ ဧရာဝတီမြစ်ထဲက သင်္ဘောပေါ်မှာရှိနေတဲ့ ဝီရနဲ့ သူ့ရိုက်ကူးရေးအဖွဲ့တွေလည်း လုပ်စရာရှိနေတဲ့ အလုပ်တွေကို အေးအေးဆေးဆေး ပြန်လုပ်နိုင်ခဲ့ကြတယ်။

သိပ္ပံပညာတွေ တိုးတက်နေတဲ့ ဒီဘက်ခေတ်မှာ ဒါမျိုးတွေ ကြုံဆုံရတာကို မဖြစ်နိုင်ဘူးလို့ ကံသေကံမ ကောက်ချက်ချလို့တော့ မရဘူးဗျ။ အဖြစ်အပျက်တွေကို ပြန်သုံးသပ်ကြည့်လိုက်ရင် မခင်ဝင်း ဆိုတဲ့ နာမည်ကို တခြားလူတွေ မကြားခင်ကတည်းက ဒါရိုက်တာ ဝီရ က သင်္ဘောပေါ်မှာ ကြားခဲ့သလို တွေ့လည်း တွေ့ခဲ့ရတယ်။ တခြားလူတွေ ကြောက်လန့်ကုန်မှာစိုးလို့သာ ဒီကိစ္စကို ထုတ်မပြောခဲ့တာလေ။ ကလေးကိုပူးကပ်ပြီး နှောင့်ယှက်နေတဲ့ အမျိုးသမီးက မန်းလေးထိအောင်ပါသွားပြီး ဟိုရောက်တော့မှ ဇာတ်ရည်လည်တာ။ မန်းလေးရောက်တော့မှ သူဘယ်သူဘယ်ဝါ၊ ဘယ်မှာနေတယ်ဆိုတာတွေကို ထုတ်ပြောတာ။ ၀ီရ ကလည်း အဲ့အချိန်မှာ သင်္ဘောပိုင်ရှင် လင်မယားကို အဲ့မိန်းမ မွှေနေတာလို့ ထုတ်ပြောတယ်။ သိပ်မကြာပါဘူး မန်းလေးကနေ ဖုန်းဝင်လာတယ်။ ၀ီရ ဒီမှာပြောနေတဲ့ နာမည်နဲ့ မန်းလေးထိပါသွားတဲ့ သရဲမရဲ့ နာမည်နဲ့ အတူတူပဲဆိုတော့ ဒါဟာဖြစ်ရိုးဖြစ်စဉ် လွဲချော်မှုတခု မဟုတ်မှန်းကို အားလုံး နားလည်လိုက်ကြတယ်။

ကျွန်တော်က ဒုတိယ အခေါက်(ခုဖြစ်စဉ်) မှာ မလိုက်သွားဖြစ်ခဲ့ဘူး။ ကျွန်တော်ပါတဲ့ အခေါက်ကတော့ ဘာမှမဖြစ်ဘူးလေ။ အဲ့တာမျိုးနဲ့ မှတွေချင်ပေမယ့် မတွေ့လိုက်ရဘူး။ ဘယ်လိုပဲဖြစ်ဖြစ်လေ ကိုယ်နေနေကျ နေရာမဟုတ်ရင် ပြောတာဆိုတာ နေတာထိုင်တာ ဆင်ဆင်ခြင်ခြင် သတိနဲ့နေသင့်တယ်ဆိုတဲ့ သင်ခန်းစာတခုတော့ ယူတတ်မယ်ဆိုရင် သူများအတွေ့အကြုံထဲကနေ အမြတ်ကျန်လိုက်တာပေါ့ .. ဟုတ်ဖူးလား။

။---------------------------------------။---------------------------------------------------။-----------------------------------။

ကြုံသမျှ၊ ကြားသမျှကို အချိန်ရလျှင် ရသလို ပြန်ဖောက်သည်ချတတ်တဲ့ ကိုPe Kabar Nyein Chan ကို ကျွန်တော်တို့ Admin အားလုံးက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါရဲ့ဗျာ။

credit to-ywar taw shi



သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...