"ဥစ္စာစောင့် တကယ်ရှိသလား??? "ကျွန်တော့်ကို ဒီလိုလာမေးရင်တော့ ရှိတယ်ဆိုတာဖြစ်နိုင်တယ်။ ယုံလားဆိုတော့ ယုံတယ်လည်း မဟုတ်ဘူး၊ မယုံဘူးလည်းမဟုတ်ဘူး။ သူ့ဟာသူနေသူ နေကြတယ်။ ကိုယ်လည်း ကိုယ်ဟာကိုနေတယ်ပေါ့လေ။ ဥစ္စာစောင့်တွေကြောင့် စီးပွားတက်တာ ဟုတ်လားမေးရင်လည်း ဟုတ်ချင်လည်းဟုတ်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အလုပ်နဲ့ ရတဲ့ ငွေကိုပဲလိုချင်တယ်။ ဘယ် ပစ္စည်းမှ အလကားမရတာ၊ ဥစ္စာစောင့်က စီးပွားတက်အောင်လုပ်ပေးတယ်ဆိုရင
ဥစ္စာစောင့်တစ်ကယ်ရှိတာလား ဆိုတဲ့ မေးခွန်းလေးကို ကျွန်တော် ငယ်ငယ်လေးထဲက မယုံတာပါ။ ဗိုလ်တစ်ထောင်က မြနန်းနွယ်ဆိုတဲ့ ဥစ္စာစောင့် အကြောင်လည်း ကြားဖူးပါရဲ့။ ဒါပေမယ့် ကိုယ်တွေ့မဟုတ်လေတော့ ယုံရခက်ခက်ကြီးရယ်။ ဒါပေမယ့် ကျွန်တော်ထင်တယ် ကျွန်တော် ၇ တန်းလောက်မှာ ကိုယ်တွေ့အဖြစ်လေးတစ်ခု တွေ့ဖူးပါရဲ့။ ကိုယ်တွေ့ဆိုပေမယ့် အမေက ကျွန်တော်ငယ်သေးတာကို စိုးရိမ်ပြီး ခေါ်မသွားလို့ နောက်ပိုင်းမှာ အမေ့ဆီက ပြန်ကြားရတာတွေကိုပဲ နားထောင်ရတာပါ။ အဖြစ်ကဒီလို။
ကျွန်တော် က ပုသိမ်ဇာတိ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အားလုံး ပုသိမ်ကကျောင်းတွေမှာပဲ တက်ခဲ့တာ။ အမေကလည်း ပုသိမ်မှာပဲ ဆေးခန်းဖွင့်တယ်။ အမေဆေးခန်းဖွင့်တဲ့ အိမ်လေးက ကျွန်တော်တို့အိမ်နဲ့ အတော်လေးလှမ်းသဗျ။ တစ်ခါတစ်လေ တစ်ပတ်ကို ၁ ရက် ၂ ရက်လောက်တော့ အမေ့ဆေးခန်းကို လိုက်ပြီး ဆော့လေ့ရှိသဗျ။ ဆေးခန်းက ဆေးဘူးခွံကလေးတွေကို အိမ်ပြန်သယ်လာ၊ အဲ့ဒီဆေးဘူးခွံလေးတွေနဲ့ အိမ်ဆောက်တမ်းဆော့ အဲ့ဒီလိုပေါ့လေ။ အမေ့ဆေးခန်းဖွင့်တဲ့ အိမ်မှာက အပျိုကြီးတစ်ယောက်၊ အပျိုကြီးရဲ့အမေနဲ့ တူမနှစ်ယောက်ရှိသဗျ။ ဥစ္စာစောင့်အဖြစ်က အဲ့ဒီအိမ်မှာ ဖြစ်တာ။ ဖြစ်ပုံကတော့ ဆန်းသား။ အဲ့ဒီတူမနှစ်ယောက်မှာ အကြီးမက တစ်အိမ်လုံး ကျန်တဲ့လူတွေနဲ့ မတူဘူးခင်ဗျ။ အသားအရည်က ရွှေဝါရောင် ၀င်းဝင်း၊ မျက်နှာကလည်း ချောချောလေးနဲ့ တစ်မိပေါက် တစ်ယောက်ထွန်းဆိုသလို အတော်ချောသဗျ။ ထားပါတော့လေ မမိုးမိုးလို့ပဲ ခေါ်ကြပါစို့။
အဲ့ဒီအချိန်တုန်းက မမိုးမိုးက အထက်တန်းတက်နေတုန်းနဲ့တူတယ်။ အမေကလည်းထုံးစံအတိုင်း ညနေဆိုရင် စက်ဘီးလေးစီးပြီးတော့ ဆေးခန်းသွား ညပိုင်းကျတော့ ပြန်လာပေါ့လေ။ ဒီလိုနဲ့ တစ်နေ့ကျတော့ ဆေးခန်းပိတ်ပြီး ပြန်မယ်လုပ်တော့ ဆေးခန်းရှေ့၊ အိမ်ရှေ့ပေါ့ဗျာ၊ အဲ့ဒီမှာ မြွေသူတောင် (စပါးအုံး အဖြူရောင် လိုမြွေမျိုး) က ကန့်လန့်ဖြတ်ပြီး ပိတ်နေပါတယ်။ အမေကလည်း ကြောက်တော့ ဆေးခန်းကလည်း မပြန်ရဲ၊ အဲ့ဒါနဲ့ ရွှေလက်စွပ်ကို ရေထဲစိမ် ရွှေရေငွေရေ ဖျန်းတယ်ဆိုပြီး မြွေကြီးကို ခြောက်ထုတ်၊ မြွေကြီး အိမ်ရှေ့က ထွက်သွားတော့မှပဲ အိမ်ပြန်ရဲတော့တယ်။ အဲ့ဒီလိုဖြစ်တာက ကြာသပတေး နေ့တိုင်းခင်ဗျ။ ကြာသပတေးနေ့ ညရောက်ပြီဆိုရင် အဲ့ဒီမြွေကြီးက အချိန်မှန်ပဲ ဆေးခန်းရှေ့ ပိတ်ပိတ်ပြီးနေတာ။ ပိတ်တိုင်းလည်း ခြောက်လှန့်ထုတ်ရတာပေါ့ဗျာ။ အဲ့ဒီလိုနဲ့ တစ်လလောက်ကြာလာတော့ မမိုးမိုးက အမေ့ကိုလာပြောတယ်။ သူ တစ်ပတ်ကို တစ်ခါလောက် အိပ်မက် မက်တယ်တဲ့။ အိပ်မက်ထဲမှာ သူ့ဆံပင်တွေက အရှည်ကြီးပဲ၊ ရှည်တာမှ ခြေမျက်စိလောက်နားအထိရှည်ပြီးတေ
အမေကလည်း အို ညည်းအေ… အိပ်ရေးပျက်တာတို့၊ အားနည်းတာတို့ ဖြစ်ရင် ဒီလိုပဲ အိပ်မက် မက်တယ်ပါတယ်၊ အဟာရညီမျှတဲ့ အစားအစာ များများစားပေး၊ အားဆေးကတော့ လိုအပ်မှသောက်ဆိုပြီးတော့ အားဆေးပေးလိုက်ပါသတဲ့။ ဒါပေမယ့် မမိုးမိုးကတော့ သောကြာနေ့လောက်ဆိုရင် အမေ့ဆီလာပြီး သူ့အိမ်မက်ကို ပြောပြတတ်ပါတယ်။ အိမ်မက်ထဲမှာ သူ့အစ်ကို အမတွေက သူ့တို့နဲ့ လာနေမလားလို့ ခေါ်နေကြောင်း။ သူလည်း ဟိုမှာနေရတာ ပျော်ကြောင်း ပြောပါတယ်။ အမေက နင့်အိမ်မက်ထဲမှာနဲ့ အပြင်မှာ ဘယ်ဟာ ပိုပျော်လည်း မေးတော့ သူက ဟိုမှာနေရတာ ပိုပျော်တယ်လို့ ပြောပါတယ်။
ဒီလိုနဲ့ တစ်လကျော်ကျော်လောက်ထင်တယ် အဲ့ဒီလို အဖြစ်အပျက်တွေဖြစ်ပြီးနောက်မှာေ
ဘယ်သူက သူပြောတာ ယုံမှာတုန်း။ လျှောက်ပြောနေတယ်လို့ပဲ ထင်တာပါပဲ။ ဒီလိုနဲ့ မမိုးမိုးတစ်ယောက်ဟာ တစ်ခါတစ်လေ သုံး နာရီလောက် သတိလစ်သွားလိုက်၊ တစ်ခါတစ်လေ တစ်ရက်လောက် သတိလစ်သွားလိုက်၊ နိုးလာရင် တစ်မှိုင်မှိုင်း တစ်တွေတွေနဲ့ သူ ရွေးရခက်နေကြောင်း ဟိုမှာလည်း ပျော်ပေမယ့် ဒီမှာလည်း ပျော်ကြောင်း စတဲ့ တောင်တောင်အီအီတွေ လျှောက်ပြေနေပါတယ်။ အဲ့ဒီကစပြီး အမေက ကျွန်တော့်ကို ဆေးခန်းမခေါ်တော့တာနဲ့ပဲ အိမ်ကနေပြီး အမေပြန်လာတိုင်း ပြန်ပြောပြတဲ့ အဖြစ်အပျက်ကလေးတွေကိုပဲ စောင့်ပြီး နားထောင်ရတာပါပဲ။
ဒီလိုနဲ့ တစ်နေ့တော့ ကရင်ကျောင်းဆရာမတစ်ယောက် အိမ်ကိုလာလည်ပါသတဲ့။ အဲ့ဒီဆရာမက သိုက်တို့ ဥစ္စာစောင့်တို့နဲ့ဆိုရင် စကားတွေဘာတွေ ပြောဆိုပဲ။ ပြောတယ်ဆိုတာက သူကလည်း အဆက်ပါဆိုပဲ။ အဆက်ဆိုတာက သိုက်နဲ့ အဆက်ရှိတယ်လို့ ဆိုပါတယ်။ ဟုတ်မှဟုတ်ရဲ့လားလို့ ကျွန်တော်သံသယဖြစ်ပေမယ့် အဲ့ဒီဆရာမနဲ့တွေ့တော့ တစ်သက်လုံး ဗမာစကားပြောနေတဲ့ မမိုးမိုးဟာ ကရင်လို ထပြီးရောတော့တာပါဘဲ။ အမေတို့လည်း မျက်လုံး အကြောင်သားနဲ့ ထိုင်ကြည့်နေရတယ်လို့ ဆိုပါတယ်။ နောက်တစ်ခုက အသံနေ အသံထားနဲ့ စကားပြောပုံက ခဏနေ တစ်ယောက်၊ ခဏနေ တစ်ယောက်က ပြောနေသလို မမိုးမိုးရဲ့ အသံတွေက ပြောင်းနေပါတယ်တဲ့။ သူတို့ဟာ သူတို့ ပတွတ် ပတွတ်နဲ့ ပြောလို့လဲဝရော မမိုးမိုးလည်း သတိပြန်လစ်သွားရောတဲ့။ ကရင်ဆရာမက သူဟာ မမိုးမိုးရဲ့ အမသုံးယောက်နဲ့ စကားပြောဖြစ်ကြောင်း ပြန်ပြောပြပါတယ်။
အဲ့ဒီကျောင်းဆရာမ ပြန်ပြောပြတာကတော့ မမိုးမိုးဟာ ခုချိန်အထိ သိုက်ထဲမှာပဲရှိနေကြောင်း၊ စောစောက သူပြောသွားတာတွေဟာ သူ့အစ်မ သုံးယောက်က သူ့ကိုယ်ထဲ ၀င်ပြီး ပူပြောတာဖြစ်ကြောင်း။ သူတို့ ညီမလေးကို အပြီးခေါ်ထားချင်ကြောင်း။ သိုက်စောင့် ဘိုးဘိုးကြီးနဲ့ ဆွေးနွေးဦးမှာဖြစ်ကြောင်း ပြောပါတယ်။ နောက်ပြီး သူတို့ သိုက်က ပုသိမ် ရွှေမုဋ္ဌော ဘုရားအောက်မှာ ရှိကြောင်းလည်း ပါပါတယ်။ ဒီလိုနဲ့ အဲ့ဒါ ပြီးကထဲက မမိုးမိုးလည်း သတိလစ်သွားတာ သတိကို ပြန်လည်မလာတော့ပါဘူး။ ကြံရာမရတဲ့ အဆုံး ကြံခင်း က သိုက်နိုင်တယ်ဆိုတဲ့ ဆရာတော်ကို အိမ်သားတွေ သွားပင့်ကြပါတယ်။
အဲ့ဒီလိုနဲ့ ကြံခင်းက ဆရာတော် ရောက်လာရောဆိုပါဆို့ဗျာ။ ဆရာတော်ရောက်လာတော့လည်း မမိုးမိုးက သတိလစ်နေတုန်းခင်ဗျာ့။ ဆရာတော်က ရေမန်းတွေဘာတွေဖျန်းပြီး ဖနောင့်နဲ့ ကြမ်းပြင်လည်း ဆောင့်လိုက်ရော မမိုးမိုးလဲ ငုတ်တုတ်ထ ထိုင်ဆိုပဲ။ ငုတ်တုတ်လည်း ထိုင်ပြီးရော ဆရာတော်နဲ့ ကရင်လို ရောကြလေရဲ့။ ကရင်လိုရောရင်း ရောရင်းကနေ နောက်ပိုင်း ဘာသာစကားပြောင်းသွားတာ ဘေးကလူတွေလည်း နားမလည်တော့ပါဘူးတဲ့။ ဟို ကရင်ကျောင်းဆရာမလည်း နားမလည်တော့ဘူး။ ထင်တာကတော့ ရှေးဟောင်း ဘာသာစကား တစ်ခုဖြစ်မယ်ထင်ပါတယ်။
ဆရာတော်လည်း ပြောရင်း ပြောရင်းနဲ့ ဒေါသတွေ ထွက်လာပြီးတော့ မမိုးမိုးကို ကြိမ်နဲ့ ဆော်ပါတော့တယ်။ မမိုးမိုးလည်း လူးလှိမ့် နေတာပေါ့လေ။ အဲ့ဒါနဲ့ သိပ်မကြာပါဘူး မမိုးမိုး အသံက ယောင်္ကျား သံကြီးလိုပြောင်းသွားပြီးတော့ ဆရာတော်နဲ့ အတင်အချ ပြောတော့တာပါဘဲ။ နောက်မှ သိရတာက ဆရာတော်နဲ့ ပထမ ပြောတာက အစ်မ အကြီးဆုံး နဲ့ ပြောတယ်လို့ဆိုပါတယ်။ သူတို့ ရဲ့ အထွေးကလေးကို လူ့ပြည်ပြန်မပို့တော့ဘူး ပြန်ခေါ်ထားမယ်ဆိုလို့ ဆရာတော်က သဘောမတူကြောင်း၊ လာပြီးမှတော့ သက်တမ်းစေ့နေပြီးမှ ပြန်ခေါ်ရမှာ ဖြစ်ကြောင်း၊ ဒီလို ခုလွှတ် ခုပြန်ခေါ် လုပ်ချင်တိုင်းလုပ်ရအောင် မင်းတို့ကိုယ် မင်းတို့ ဘာထင်နေသလဲ လို့ ပြန်ပြောကြောင်း။ ဟိုက ဘူးခံနေတာနဲ့ ဆရာတော်လည်း တင်းပြီးတော့ ကြိမ်နဲ့ သမတယ်လို့ ဆိုပါတယ်။ သူ့ညီမ ကြိမ် သမခံနေရတာကို အစ်ကိုကတွေ့တော့ မခံမရပ်နိုင်ဖြစ်ပြီး အမအစား အစ်ကိုကြီးက ကြိမ်ဒဏ်ဝင်ခံရင်း ဆရာတော်နဲ့ စကားများကြတယ်လို့ ဆရာတော်က ပြန်ပြောပါတယ်။
နောက်တော့ အစ်ကိုကြီးသော ဘာသော နားမလည်ဘူး သမ မယ်ဆိုပြီး ကြိမ်နဲ့ ထပ်ဆော်ပြန်ပါတယ်။ မမိုးမိုးက လူးလှိမ့်နေတာပါဘဲ။ ကြိမ်လုံးရာတွေလည်း တစ်ကိုယ်လုံးမွနေတာပေါ့လေ။ နောက်ဆုံးတော့ လူကြီးသံ လိုမျိုး မမိုးမိုး ဆီက အသံထွက်လာပါတယ်။ ဆရာတော်ပြောတာကတော့ အဲ့ဒါဟာ သိုက် စောင့် ဘိုးဘိုးကြီးလို့ ဆိုပါတယ်။ နောက်တော့ ဆရာတော်နဲ့ သိုက်စောင့် ဘိုးဘိုးကြီးနဲ့ စကားတွေ အတင်အချ ပြောလိုက်တာ အတော်ကြာသွားပါသတဲ့။ နောက်ဆုံးတော့ ဘယ်လို ညှိလိုက်တယ်မသိပါဘူး ဆရာတော်က မင်းတို့လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေသလား။ ငါ သိုက်ကျောဖြတ်မယ်ဆိုပြီးတော့ ကြံခင်းကို မမိုးမိုးကို ခေါ်သွားဖို့ ပြင်ပါတယ်။
ကြားထဲမှာ ရထားစီးတာ၊ ကားစီးတာတွေကို ချန်ခဲ့ရင်တော့ ကြီးဒေါ်ရယ်၊ မမိုးမိုးရယ်၊ ဆရာတော်ရယ် ကြံခင်းကို ရောက်ပါလေရောပေါ့လေ။ ဟိုရောက်တော့ မြစ်ကူးပြီး ဆရာတော်ကျောင်းကို သွားရမယ့် ခရီးပါ။ ဆရာတော်က သိုက်က အစ်ကိုကြီးရော၊ အစ်မ ၃ ယောက်ရောပါ ခေါ်လာပါသတဲ့။ မြစ်ကူးခါနီးကျတော့ လှေပေါ်ရောက်တော့ တစ်ယောက်ပြီး တစ်ယောက် တက်ခိုင်းပါသတဲ့။ အဲ့ဒီက အဒေါ်ကြီး ပြောပြတာကတော့ လှေက တစ်ယောက်တက်လိုက်တိုင်း တစ်ယောက်စား မြုတ်မြုတ်သွားတယ်ဆိုပဲ။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ အဲ့ဒါနဲ့ နောက်ဆုံး အစ်ကို ကြီး အလှည့်ကျတော့ အစ်ကိုကြီး က ပေကပ်ပြီး လှေပေါ်မတက်ဘူး လုပ်နေပါသတဲ့။ အဲ့ဒါနဲ့ ဆရာတော်လည်း အတင်းကြိမ်းမောင်းပြီး တက်ခိုင်းတော့မှ လှေပေါ်ရောက်ပါသတဲ့။ လှေပေါ်ရောက်တော့ ဆရာတော်က အဲ့ဒီ မမိုးမိုးရဲ့ အဒေါ်ကို ဟဲ့ဒကမကြီး ဟိုဘက်တိုးလိုက် ဒီမှာ အစ်ကို အကြီးဆုံးက ထိုင်စရာနေရာ မရှိဘူးဖြစ်နေတယ်လို့ ဆိုလေတော့ အဒေါ်လည်း လန့်ဖျန့်ပြီး အမလေး အတူတူတော့ မထိုင်ပါရစေနဲ့ရှင် ဆိုပြီး နောက်တစ်တန်း ဆုတ်ထိုင်တယ်လို့ ဆိုပါတယ်။ လှေပေါ်ရောက်တော့ ဆရာတော်က “ကဲ ငါ့ကျောင်းအပိုင်ရောက်ပြီ၊ နင်တို့ မောင်နှစ်မတွေ အေးအေးဆေးဆေးလိုက်ခဲ့ လမ်းမှာ လှေကို မှောက်ပစ်မယ် မကျန်နဲ့ သိုက်ပြန်မရောက်ဘူး ဖြစ်သွားမယ်လို့ ကြိမ်းပါသတဲ့”။
ဆရာတော်ကျောင်းဝင်ခါနီးတော့ လှေပေါ်က ပါလာတဲ့ မောတဲ့မောင်နှမ ၄ ယောက်ကို ဆရာတော်က မှာပါသတဲ့ “နင်တို့ ဟိုရောက်ရင် ငါ့ကျောင်းက ဟာတွေနဲ့ တည့်အောင်နေ ရန်မဖြစ်နဲ့တဲ့”။ ကြီးဒေါ် ပြန်ပြောတာကတော့ ဆရာတော့် ကျောင်းမှာလည်း ဥစ္စာစောင့်တွေရှိသတဲ့ဗျ။ နောက်ပြီး ဆရာ့တော့် ဗီဒိုထဲမှာလည်း အရုပ်တွေမှ အများကြီး ထူခြားတာက ကျွဲညီနောင်ရုပ်တဲ့ခင်ဗျ။ လပြည့်ညရောက်လို့ အဲဒီ ကျွဲညီနောင်ကိုမှ ဗီဒိုထဲက မထုတ်ဖူးဆိုရင် ကျောင်းတစ်ခုလုံး ဗြောင်းကို ဆန်တယ်လို့ ပြောပါတယ်။ ဟုတ်သည် မဟုတ်သည်ထား စိတ်တော့ ၀င်စားစရာပေါ့ဗျာ။
အဲ့ဒီလိုနဲ့ ဆရာ့တော့်ကျောင်းမှာ မမိုးမိုးကို ထား၊ ပြီးတော့ ဥပုတ်စောင့်ခိုင်း၊ ၈ ပါးသီလယူ၊ ယောဂီဝတ်ပြီးတော့ သိုက်ကျော ဖြတ်တယ်လို့ဆိုပါတယ်။ မည်သို့ပင်ဆိုစေ၊ နောက်ပိုင်းမှာတော့ မမိုးမိုးတစ်ယောက် သတိလည်း မလစ်တော့သလို၊ အိပ်မက်လည်း မမက်တော့ပါဘူး။ ထူးဆန်းတာတစ်ခုက မမိုးမိုးဟာ မြန်မာစကား တစ်မျိုးသာ ပြောတတ်သူ (အင်္ဂလိပ်စကားကတော့ ကျောင်းမှာ သင်တယ်၊ ဒါကို ထားလိုက်ပါတော့) တစ်ယောက်ပါ။ ဒီလို အဖြစ်အပျက်တွေ ဖြစ်ပြီးတော့ ကရင်စကားရော၊ တစ်ခြားစကားကိုပါ ဒေသခံတစ်ယောက်လို မွှတ်နေအောင်ပြောပေမယ့်၊ အခုဆိုရင် သူဟာ အဲ့ဒီ ဘာသာစကားတွေကို လုံးဝ ပြန်မပြောနိုင်တာပါ။ အဲ့ဒီတော့ ယုံရ ခက်ခက်ကြီးရယ်။ လက်တွေ့ ကိုယ့်ရှေ့မှာ အဲ့ဒီလိုမျိုး ဖြစ်သွားတယ်ဆိုလေတော့ ဥစ္စာစောင့်ဆိုတာ တစ်ကယ်ရှိတယ်၊ မရှိဘူးဆိုတာ ပြောရမှာ မလွယ်လှဘူး ဖြစ်သွားပါတယ်။ ခုတော့ မမိုးမိုးတစ်ယောက်လည်း အိမ်ထောင်တွေဘာတွေကျပြီးတော့ ကလေးတွေတောင် ထွန်းကားနေပြီထင်ပါရဲ့။
ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော် အဖေရဲ့ ဇာတိမြို့က ကန်ကြီးဒေါင့်မြို့ပါ။ ကန်ကြီးထောင့်မြို့ဆိုတာ ဘယ်ကနေ နာမည်တွင်လာလည်းမသိပေမယ့်၊ အဒေါ်ရဲ့ အိမ်နောက်ဖေးမှာတော့ ကန်ကြီး တစ်ကန်ရှိပါတယ်။ အခုတော့ အိမ်တိုင်းက ကျောပေးပြီး အိမ်သာလှည့်ဆောက်ထားလေရဲ့။ အဲ့ဒီမှာလည်း သိုက်ရှိတယ်ဆိုပါတယ်။ အဲ့ဒီသိုက်က နောက်ပိုင်း လူတွေ က အိမ်သာလှည့်ဆောက်ပါများလာလို့ ကန်ကြီးဒေါင့် ရွှေလိပ်ပြာ ဘုရားဘက်ကို သိုက်ပြောင်းတယ်ဆိုပါတယ်။ သိုက်ပြောင်းတဲ့နေ့ကတော့ ညနေ၀င်ရီတလျှောမှာ ရွှေလှေတွေ မိုးပေါ်ပျံပြီးတော့ ရွှေလိပ်ပါဘုရားဆီကို ဆည်းလည်းသံ တစ်ချွင်ချွင်နဲ့ ပြောင်းကြတယ်လို့ လူတွေဆိုကြပေမယ့် ကျွန်တော်ကတော့ မျက်မြင်ကိုယ်တွေ့မဟုတ်လို့ မယုံပါဘူး။ ဒါပေမယ့် ကန်ကြီးဒေါင့် ဆရာတော် ဘုရားကြီး တည်ထားခဲ့တဲ့ လေးမျက်နှာ စေတီတော်ရဲ့ မုခ်ဦးတစ်ခုကတော့ အမည်မဖော်လိုတဲ့ ဥစ္စာစောင့်တစ်ယောက်က ဆရာတော်ကြီးထံ ရွှေတွေလာပေးပြီးတော့ ဘုရားတည်ဖို့ လှုဒါန်းသွားတယ်လို့ ဆိုပါတယ်။ ယခုအချိန်အထိ အဆိုပါမုခ်ဦးမှာ ထိုအလှူစာတမ်းကို ဖတ်နိုင်သေးကြောင်း ကန်ကြီးဒေါင့်မြို့ကို အလည်ရောက်ခဲ့တယ်ဆိုရင် သွားရောက်ကြည့်နိုင်ပါကြောင်း၊ ဥစ္စာစောင့် တစ်ကယ်ရှိသလားဆိုတဲ့ မေးခွန်းလေးကို စဉ်းစားဖို့ ပိုစ်တစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ် ခင်ဗျား။
Credit to-Ywar Taw Shin
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။