Ads (728x90)




ပြီးခဲ့တဲ့နှစ်ပတ်လောက်က Facebook နဲ့ Online news တွေမှာ ဒီလှိုင်းအကြောင်းကို ဟိုတစ ဒီတစ၊ မှားတ၀က် မှန်တ၀က် ရေးသားကြတာဖတ်ရတယ်။ ဆိုးတာက ဘိုးတော့်ကြောင့်လိုလို၊ ဘိုးတော်ရဲ့ တာဝန်မကင်းသလိုလို ဖော်ပြနေကြတာ။ ဘိုးတော် ကိုင်တွယ်မှူ့ညံ့လို့၊ အုပ်ချုပ်ရေးအားနည်းလို့၊ ပြဿနာမဖြေရှင်းတတ်လို့ ဒီလှိုင်းအရှုပ်တော်ပုံ ပေါ်ပေါက်လာသလိုလိုပုံစံမျိုး သက်ရောက်နေတယ်။

လွန်ခဲ့တဲ့(၉)လလောက်က “ဒီလှိုင်းမှာချိန်ကိုက်ဗုံးကြီးတလုံရှိနေပြီ”လို့ ကျနော်ပြောခဲ့ဖူးတယ်။ ပေါက်မဲ့အချိန်ကို မသိရတဲ့ Time Bomb ကြီး။ အခုတော့ Time Bomb ကြီး ပေါက်ချိန်တန်ပြီထင်တယ်။
ပေါက်ချိန်တန်လို့ပေါက်တာ မဆန်းပေမဲ့ မဆိုင်သူတွေထိမှာစိုးရတယ်။ မဆိုင်တဲ့သူတွေထိရင် မတရားရာကြမယ်၊ မလိုလားအပ်တဲ့ အခြားအခြားသောပြဿနာတွေ စင့်ပွါး ဖြစ်သွားနိုင်တယ်။ အခုဘဲကြည့် ဒီလှိုင်းဂယက်က ဘိုးတော်ကို စရိုက်နေပြီ။

ဘိုးတော်ဆိုတာ ဟံသာဝတီဦးဝင်းတင်ကို ချစ်စနိုးနဲ့ခေါ်တာ။ မန္တလေးအသုံးအနှုံးပေါ့။ ကျနော့်တို့ ရဲ့ တချို့ရဲဘော်တွေ (ကိုဂျင်မီ၊ ကိုဘမျိုးသိန်း) ကျတော့ “ဘ၀တီ” လို့ခေါ်ကြတယ်။ ဘဘ ဟံသာဝတီပေါ့။ ကိုဇာဂနာကျတော့ “အန်ကယ်လဒ်ကီး”တဲ့။ ကံကောင်းနေလို့မဟုတ်ဘူး။ အင်းစိန်ထောင် အထူးတိုက် အခန်းနံပါတ်(၇)မှာနေခဲ့လို့။ ဘိုးတော်နာမည်ကို အလွဲသုံးစားလုပ်ကြတဲ့သူတွေကတော့ “ဘဘကြီး” ဆိုပြီး မြှောက်လုံးလေးတပ် အသုံးပြုလေ့ရှိတယ်။ (ဘဘကြီး လို့ခေါ်တဲ့လူတိုင်းကို ဆိုလိုတာ မဟုတ်ပါ။) တချိန်က စစ်ဗိုလ်ချုပ်တွေကို “အဘ အဘ” လို့ မြှောက်ခေါ်ခေါ်ကြတာ ကြားဘူးတယ်နော်။

ဒီလှိုင်းမှာ “ဘဘကြီးကမှာလို့ ဘဘကြီးကပြောလို့ ဘဘကြီးကညွှန်ကြားလို့” ဆိုတဲ့ အသံတွေ တယ်ညံခဲ့ ဖူးတယ်။ ဟုတ်တာတွေရော မဟုတ်တာတွေရော မဟုတ်တဟုတ်တွေရော။
“ဘဘကြီး”တွေအပ်ကြောင်းထပ်တဲ့ကိစ္စက ရိုးသွားပြီ၊ သိပ် ပြဿနာ မရှိတော့ဘူး။
အခုအချိန်မှာ အရေးကြီးတာလိုအပ်တာက ကျနော့်လို ဒီလှိုင်းဝိုင်းတော်သားတစ်ဝက်၊ ဒီလှိုင်းအရှုပ်တော်ပုံရဲ့ အနီးကပ်ပွဲကြည့်ပရိသတ်တစ်ယောက်အနေနဲ့ Facebook နဲ့ Online media တွေမှာ ပုံဖော်ထားတာတွေကို ပိုရုပ်လုံးပေါ်အောင် Facebook Online media ကိုအသုံးခြ ရှင်းပြဖို့ပါပဲ။

ထိထိမိမိနဲ့တိုတိုရှင်းရှင်းမကွယ်မ၀ှက်ပြောရရင် ဒီလှိုင်းရဲ့ဖြစ်ဖြစ်သမျှ ပြဿနာ နဲ့ခြေချော်မှူ့တွေဟာ ဦးအုန်းကြိုင်မိသားစုချယ်လှယ်မှုနဲ့ လုပ်ပိုင်ခွင့်ကျော်လွန်မှုတွေကြောင့်ပါ။ အဲ့ဒီနောက်ကနေ မသမာမှုတွေက အတွဲ(Series)လိုက် ပါလာတော့တာပဲ။ တချို့က ဒီလှိုင်းစာစောင်ကို မိသားစုစာစောင်လို့တောင် ခေါ်ကြသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးအုန်းကြိုင်မိသားစု ငါးယောက် ကျားစီးဝါစီးဝိုင်းလုပ်နေကြလို့

အဖေက တာဝန်ခံ၊ သမီးတွေက အယ်ဒီတာ နဲ့သတင်းထောက်၊ သားကနဲ့ ချွေးမက Computer Cover Designer ။ လုပ်ငန်းကျွမ်းကျင်လို့ဘဲထား။ လူမြင်လို့ ဘယ်ကောင်းမယ်လဲ။ ပြီးတော့ သူတို့မိသားစုက“Volunteer”ပါဆိုပြီး ကြွာူးလိုက်၊ ဂုဏ်ယူလိုက်သေး။ ဦးအုန်းကြိုင်ရဲ့ အိမ်သားအားလုံးနီးပါး က ဒီလှိုင်းမှာ Volunteer လုပ်နေကြတော့ မိသားစုဝင်ငွေကို ဘယ်အချိန်မှာ ဘယ်လိုရှာသလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီ်။

ဝင်ငွေနဲ့ဆက်စပ်သွားလို့ ဒီလှိုင်းဝင်ငွေပိုင်းဆိုင်ရာအဓိကသော့ချက်ဖြစ်တဲ့ စာစောင်ဖြန့်ချိရေး အကြောင်း သတိရမိတယ်။

၂၀၁၂ခုနှစ် ဒီလှိုင်းစာစောင်ထုတ်စကတည်းက ဖြန့်ချိရေးဘက်မှာ အားနည်းမှုတွေ၊ ယိုဖိတ်မှု တွေက ဒုနဲ့ဒေး။ တနင်္လာနေ့မနက်တိုင်းစာစောင်ထွက်တာ လူတိုင်းသိတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့ည လောက်ကစပြီး တောင်ဒဂုံမှာစာစောင်တွေတရားမ၀င်စရောင်းနေပြီ။ နာမည်တပ်ပြီးမစွတ်စွဲသင့်ပေမယ့် (Base on Reasonable Doubt) အရ ဖြန့်ချိရေးအပိုင်းက တောင်ဒဂုံမှာနေတဲ့သူဆိုလို့ Noတင်ဝင်း တစ်ယောက်ပဲရှိတာ။ အင်း……ဒီလှိုင်းအရှုပ်တော်ပုံအကြေင်းပြောရရင် Noတင်ဝင်းကမပါမပြီးဗျို့။ သူကနယ်ဝေးဖြန့်ချိရေးတာဝန်ယူထားတာ၊ တယ်အပင်ပန်းခံဆိုပဲ။

နယ်ကြွေးသိမ်းတဲ့အခါမှာ ပြဿနာ ပေါ်ပါရော။ ကော့သောင်းအရောင်းကိုယ်စားလှယ်ဆီက ရရန်အကြွေးတောင်းတော့ ကော့သောင်းကိုယ် စားလှယ်က မြ၀တီကိုပြောင်းသွားတာ(၆)လရှိပြီတဲ့။ ဒီတော့ ကြားထဲမှာ(၆)လလုံးလုံး ကော့သောင်းကိုပို့တဲ့ စာစောင်တွေကို ဘယ်သူတွေကလက်ခံခဲ့သလဲ။ လက်ခံ Receive မတောင်းဘူးလား။ မရှိဘူးလား။ ဘာကြောင့် (၆)လလုံးလုံ ငွေချေဖို့အကြောင်းမကြား Notice မပေပဲ စာစောင်တွေဆက်ပို့ပေးနေခဲ့တာလဲ။ ကော့သောင်းကို တကယ်ပို့တာရောဟုတ်ရဲ့လား။ မေးစရာ မေးခွန်းတွေကတပုံကြီး။

စာစောင်စောင်ရေ တစ်သိန်း သုံးသောင်း လေးသောင်း လောက် ရောင်းနေရတဲ့အချိန်က စောင်ရေခိုးပြီး ပိုထုတ်နေတာတွေလဲ ကြားလိုက်ရသေးတယ်။ သေချာတာကတော့ ဖြန့်ချိရေးဌာနမှာ သတ်သတ်မှတ်မှတ်ခိုင်မာတဲ့ ဖြန့်ချိရေးစည်းမျဉ်းစည်းကမ်းမရှိတာပဲ။ ရရန်အကြွေးမကျေသေးဘဲ စာစောင် တွေကို(၆)လတိတိပို့ပေးနေတာတွေက ဒီလှိုင်းနယ်ဝေးဖြန့်ချိရေးဌာနနဲ့ အုပ်ချုပ်ရေးမှူးအပေါ်မှာ အဓိကတာ ၀န်ရှိတယ်။ ဒီလှိုင်းတာဝန်ခံဦးအုန်းကြိုင်ရဲ့ပေါ့ရော့မှုကတော့ အထင်အရှားပါပဲ။

ကျနော် ပေါ်ပေါ်တင်တင်သိတာ ဒီတစ်ခုပဲရှိသေးတယ်။ နောက်ထပ်ကော့သောင်းလိုအမှုတွေ ဘယ်နှစ်ခု ရှိနိုင်သေးလဲ။

အံ့သြတုန်လှုပ်စွာကြားလိုက်ရတာကတော့ ကြွေးဆုံး (Bad Debt) ကျပ်သိန်း တစ်ထောင်ကျော် ရှိသတဲ့။ တိုက်ဆိုင်တာလား ဆိုင်ပြီးတိုက်တာလားတော့မသိဘူး၊ Noတင်ဝင်းကတော့ တစ်နှစ် အတွင်းမှာ အိမ်ငှားကအိမ်ပိုင်ဖြစ်သွားသတဲ့၊ ကွမ်းယာဆိုင်ကလေးကနေ ကုန်စုံဆိုင်ကြီးပိုင်သွားသတဲ့။

ဒီလိုဖြစ်နေလို့ Noတင်ဝင်းကို တို့နိုင် ထိနိုင် အရေးယူနိုင်လိမ့်မယ်လို့ မထင်နဲ့။ သူ့ရဲ့ရှေ့မှာ ဦးအုန်းကြိုင်မိသားစုက မားမားမတ်မတ်။ Noတင်ဝင်းကလဲ ဦးအုန်းကြိုင်မိသားစုကို ရိုကျိုးလေးစား လိုက်တာ။ ဒီတော့ လေးစားလေလေ အကာအကွယ်နေရာပေးလေလေ၊ အကာအကွယ်နေရာပေးလေလေ ပိုလေးစားလေလေပေါ့။ ကျနော့်အနေနဲ့ “လေးစား” တာလောက်ပဲပြောရဲပါတယ် “ပေးထား”တယ်လို့တော့ မစွတ်စွဲရဲပါဘူး။ သို့သော် သို့သော်… ဖြစ်နိုင်တာတွေကအများကြီးပေါ့။

ဖြစ်နိုင်ချေရှိတာတွေထဲမှ ဖြစ်လာခဲ့တာတစ်ခုက၊ “သူတော်ချင်းချင်း သတင်းလွေ့လွေ့” ဆိုသလို ဦးအုန်းကြိုင်မိသားစု၊ Noတင်ဝင်းနဲ့ အခြားနီးစပ်သင့်မြတ်သူတွေပေါင်းပြီ ဒီလှိုင်းကို အကြီးအကျယ် စိုးမိုးချယ်လှယ်ခဲ့ကြတာတော့အမှန်ပဲ။

ဘယ်သူတွေက ဘယ်နေရာမှာ ဘာတွေ ချယ်လှယ်ခဲ့ကြသလဲ။ ဘယ်သူတွေက ချယ်လှယ်ခံခဲ့ရသလဲ။ ဦးအုန်းကြိုင်အားအကိုးရဆုံး သမီးကြီးမစိုးပပက သတင်းထောက်နေရာကနေ အယ်ဒီတာစာရင်းလဲဝင်ရော အခြားအယ်ဒီတာတွေ ဘေးဖယ်ခံဖြစ်တော့တာပါဘဲ၊၊ သူကနှုတ်သီးကောင်းလျာပါးဗျာ့။ “ဘဘကြီးက ဘဘကြီးက”ဆိုတာ သူအသုံးများဆုံး။

ဒီလှိုင်းမှာသမီးကြီးမစိုးပပအပါအ၀င် အယ်ဒီတာလေးယောက်ရှိတယ်။ ဖျာပုံနီလုံဦး၊ မုံရွာအောင်ရှင် နှင့် ကိုငြိမ်းသစ်။ မစိုးပပကအယ်ဒီတာ အငယ်ဆုံးဖြစ်ပေမဲ့ အမှုဆောင်အယ်ဒီတာ ဖျာပုံနီလုံဦးတို့ မုံရွာအောင်ရှင်တို့တောင် သူ့မျက်နှာကြည့်နေရတာ။ ကိုငြိမ်းသစ်ကတော့ ပြောမနေနဲ့။ မျက်နှာကြည့်ဆို သူကလဲအရေးပါသကိုး။ ဒီလှိုင်းနဲ့ပတ်သတ်ရင် သူမပါမပြီး၊ သူနဲ့အကုန်ဆိုင်တယ်။ သူနဲ့မဆိုင်တဲ့အစည်းအဝေးဆိုရင်တောင် တာဝန်ခံရဲ့(ဦးအုန်းကြိုင်) ကိုယ်စားလှယ်အဖြစ်နဲ့ ၀င်ထိုင်လိုက်သေးတာ။ ပြီးတော့ ထိုင်ယုံနဲ့ဘယ်ကျေနပ်မလဲ၊ ၀င်ရောက်ညွှန်ကြားအုံးမှာပေါ့။ ညွှန်ကြားယုံနဲ့ ဘယ်ပြီးပြတ်မလဲ၊ လက်စွမ်းပြချင်သေးတာပေါ့။

ဥပမာဗျာ--- အမှုဆောင်အယ်ဒီတာက “သုံးရန်”လို့ ရွေးချယ်ထားတဲ့ စာမူတွေထဲမှာ သူနဲ့မတဲ့၊ လေပေးမဖြောင့်တဲ့ ကလောင်ရှင်များပါလာရင် မထည့်ရေးချာမထည်။့ ပယ်ပြီသားမှတ်ပေတော့။ Noတင်ဝင်းရဲ့အမကြီးဆိုတော့ “နိုးနိုး” ဘဲပြောမယ်တဲ့။
ဒီလှိုင်းနှစ်ပတ်လည် တစ်နှစ်ပြည့်ပွဲ အထူးထုတ်မှာဖြစ်ခဲ့တဲ့ အထူးခြားဆုံးတခုကို အမှတ်မထင်ကြားလိုက်ရတယ်ဗျာ။ အယ်ဒီတာတစ်ဦးဖြစ်တဲ့ ကိုငြိမ်းသစ်ရဲ့ဒီလှိုင်းတစ်နှစ်ပြည့် အမှတ်တရဆောင်းပါးကို ဖျာပုံနီလုံဦး(အမှုဆောင်အယ်ဒီတာ)နဲ့ မုံရွာအောင်ရှင်တို့က ဖတ်ပြီး ”သုံးရန်”ဆိုပြီးမှတ်ချက်ပေးတယ်။ မစိုးပပက ခပ်တည်တည်နဲ့ ပယ်တယ် မသုံးဘူးတဲ့။ ဘယ့်နဲ့ရှိစ။

ကိုငြိမ်းသစ်လို (၂၀၁၀)ရွှေအမြုတေစာပေဆုရတယောက်ရဲ့ သတင်းဆောင်းပါး(၂)ပုဒ်နဲ့ ကဗျာကိုသာ သူပယ်တာ၊ ဇေ၀င်းနောင်ဆိုတဲ့ ကလောင်သစ်တစ်ဦးရဲ့ဆောင်းပါးတွေကြတော့ ဘယ်အယ်ဒီတာကိုမှ မှတ်ချက်မတောင်း၊ သဘောထားမမေးဘဲ လေးပတ်ဆက်တိုက်သုံးသတဲ့ဗျ။

ဒီလိုလုပ်ပိုင်ခွင့်တွေကို မှားယွင်းချုပ်ကိုင် ချယ်လှယ်တာတွေက ဒီလှိုင်းအရှုပ်တော်ပုံရဲ့ အဓိက ဇာတ်ကောင်တွေပါပဲ။ ဇာတ်လိုက်နေရာမှာတော့ အခွင့်ထူးခံခြင်းနဲ့ စီမံညံ့ဖျင်း၊မှားယွင်းလွဲချော်မှုတွေပေါ့။
လူမမြင်သူမသိအခွင့်ထူးတွေကိုအသာထား၊ ပြောင်ပြောင်တင်းတင်း ဗြောင်ကျကျကိစ္စ တစ်ခုကိုပဲ ပြောမယ်။

ဒီလှိုင်းလုပ်ငန်းလိုအပ်ချက်အရ ဖြန့်ချိရေးနဲ့အထွေထွေအတွက် ကားနှစ်စီးလပေး ငှားထား တယ်။ ဖြန့်ချိရေးကား (Light Truck)ကို တနင်္ဂနွေညနဲ့တနင်္လာနေ့မှာ ဖြန့်ချိရေးကိစ္စအတွက်သုံးတယ် No တင်ဝင်းအတွက်အိမ်နဲ့ရုံး အကြိုအပို့တစ်ပတ်လုံးလုပ်တယ်။ ပြီးတော့ကားကို No တင်ဝင်းရဲ့ အိမ်မှာပဲထားတယ်။ အဲ့ဒီတော့ ဖြန့်ချိရေးကားက Noတင်ဝင်းစေလိုရာစေ၊ လိုရာသုံးပေါ့။ ကား free၊ ဓါတ်ဆီ Free၊ ဆာ့ဗစ်(Service) Free။ ဟန်ကြ။

အထွေထွေသုံးကား (Honda Fit) က မစိုးပပတို့ကို ရုံးအကြိုအပို့လုပ်ပေးတယ်၊ ဦးအုန်းကြိုင်ကို အိမ်နဲ့လွှတ်တော်(ရန်ကုန်နဲ့နေပြည်တော်) အကြိုအပို့ လုပ်တယ်။ ပြီးတော့အထွေထွေသုံးဆိုတဲ့ ဝေါဟာရ အတိုင်း ဦးအုန်းကြိုင်မိသားစု အထွေထွေသုံးနိုင်အောင် ဦးအုန်းကြိုင်ရဲ့အိမ်မှာထားတယ်၊ ကျေနပ်တယ်။

အခွင့်ထူးရလိုမှုကြောင့် ကားတစ်စီးလိုတာကနေ နှစ်စီးငှားဖြစ်ပြီး မလိုလားအပ်တဲ့ယိုစိမ့်မှုတွေ ဖြစ်သွားတာပေါ့။ ဒီကြားထဲ ဦးအုန်းကြိုင်က သူ့ရဲ့ ဘက်တော်သားတွေကို သတင်းထောက်ဆိုပြီး နေပြည်တော် ခေါ်သွားတာလဲ အသုံးစရိတ်တွေက စာရင်းမရှိ အင်းမရှိ။ ဒီလိုမျိုးယိုဖိတ်မှုတွေက မြင်သာတာရော မမြင်သာတာတွေပါအများကြီးရှိသေးတယ်။

ယခုအခြေအနေတွေက အားလုံးကြားသိကြတဲ့အတိုင်း ဦးအုန်းကြိုင်ရဲ့ကျန်းမာရေးကြောင့်ကစပြီး ဒီချုပ်ဗဟိုပြန်ကြားရေးတာဝန်ခံနေရာကို လွှဲပေးလိုက်ရတာရဲ့ နောက်ဆက်တွဲအနေနဲ့ ဒီလှိုင်းအရှုပ်တော်ပုံ “Time Bomb” ကြီးက လှုပ်လှုပ်ရွရွဖြစ်လာတယ်။ အတွင်းရော အပြင်ကပါ အသံတွေ ထွက်လာတယ်။ “Time Bomb” အကြောင်းပြောသံတွေရဲ့ ရိုက်ခိုက်မှူ့ကြောင့် ဒီချုပ်CEC တွေက ဒီလှိုင်းကိစ္စကို အရေးတယူလုပ်လာကြတယ်။ ဒေါ်စုပါ စိတ်ဝင်စားလာပြီး ဖျာပုံနီလုံဦးနဲ့ မုံရွာအောင်ရှင်ကို နေပြည်တော်မှာ ခေါ်တွေ့ဆွေးနွေးတယ်။ အန်တီ ကောင်းကောင်းသဘောပေါက်သွားတာပေါ့။

ဒါနဲ့ CEC က July 30 ရက် နောက်ဆုံးထားပြီး စာရင်း(Account)တွေ ပိတ်ပေးဖို့၊ ရှင်းတမ်းထုတ်ပေးဘို့ ဖိအားပေးလာကြတယ်။ နောက်ဆုံး ဒီလှိုင်းဖွဲ့စည်းပုံ၊ စည်းကမ်း၊ တာဝန်နဲ့ မူဝါဒတွေကို အသစ်ရေးဆွဲ ကျင့်သုံးဖို့လုပ်လာကြတယ်။ ဒါတွေအားလုံး အကောင်အထဲဖော်နိုင်ဖို့ CECက ဘိုးတော်ကိုအရင်ဆုံး ခွင်တောင်းတယ်။ ဒေါ်စု ကိုယ်တိုင်ခွင်တောင်းခိုင်းတာတဲ့။
တကယ်တော့ ဒီလှိုင်းကို ဘိုးတော်ကိုယ်တိုင်အစပြုပေးခဲ့တာမှန်ပေမယ့် တလျှောက်လုံး ဆရာဦးမိုးသူ(ဘကြီးမိုး)လိုပဲ ဒီလှိုင်း“အကြံပေး” ဆိုတဲ့နေရာမှာသာနေခဲ့တာပါ။ အပတ်စဉ် ပင်တိုင်ဆောင်းပါးနဲ့ ခေါင်းကြီးတွေကို ဘိုးတော်ရေးပေးခဲ့ပေမယ့် စာမူခ လုံးဝမယူခဲ့ပါဘူး။ ဒီလှိုင်းရဲ့ management နဲ့ အထွေထွေကိစ္စတွေကို ၀င်မစွက်ဖက်သလို ဒီလှိုင်းကတိုက်တဲ့လဘက်ရည်ကိုတောင် မသောက်ဖူးခဲ့ပါဘူး။ သိပ်ကင်းရှင်းပါတယ်။ သူ့ကိစ္စက ကောင်းရာကောင်းကြောင်း အကြံပေးမယ်။ သို့သော် ဝင်မရှုပ် ဝင်မပါပဲ ၀န်းရံတယ်။ ဒါပါပဲ။

ရာဟုလာ (Rahul)


By :
Nay Wai shared Phyo Thu Thu Win's photo.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...