Ads (728x90)

ရန်ကုန် (မဇ္ဈိမ)။    ။ သြစတေးလျနိုင်ငံမှ မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ရောက်ရှိနေသော ဦးမန်းညွှန့်မောင်က သက်တမ်းရှည်ဆုံး ကရင်နိုင်ငံရေးပါတီတခုဖြစ်သော ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် နိုင်ငံရေးပါတီကို ပြန်လည်အသက်သွင်း ထူထောင်မည်ဟု ပြောသည်။

 
“အရင်တုန်းကလုပ်ခဲ့တဲ့လူဟောင်းတွေကို ဆက်သွယ်နေတယ်။ လူသစ်တွေလည်း ထပ်ရှာနေတယ်”ဟု နှစ် နှစ်ဆယ်ကြာ ပြည်ပတွင် နေထိုင်နေခဲ့သော ဦးမန်းညွှန့်မောင်က ပြောသည်။

ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်ခေါ် Union Kayin League  ပါတီသည် မြန်မာ့လွတ်လပ်ရေးမရမှီကာလကပင် ဖွဲ့စည်းခဲ့ပြီး သမ္မတဟောင်း မန်းဝင်းမောင် တည်ထောင်ခဲ့သော ပါတီဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သလို လက်ရှိ အခြေခံဥပဒေမူကြမ်းရေးဆွဲမှုအတွက် ၁၄ နှစ်ကြာ ကျင်းပခဲ့သော အမျိုးသားညီလာခံကို တက်ရောက်ခဲ့သော ပါတီတခုလည်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် လွှတ်တော်ရွေးကောက်ပွဲများအတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ခဲ့သော်လည်း အနည်းဆုံးသတ်မှတ်ထားသော သုံးနေရာဝင်ရောက်ယှဉ်ပြိုင်ရန် အချိန်မှီမလုပ်ဆောင်နိုင်သဖြင့် ပယ်ဖျက်ခံရသော ပါတီတခုဖြစ်သည်။

ကရင်ပြည်နယ်တွင် ကရင်လူမျိုး ကိုယ်စားပြု ပါတီများရှိပြီးဖြစ်သဖြင့် အကယ်၍ UKLပါတီကို ပြန်လည် တည်ထောင်ပြီးပါက ကရင်ပြည်နယ်တွင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ ကရင်လူမျိုးများ နေထိုင်မှုများပြားသည့် ပဲခူး၊ ဧရာဝတီ၊ ရန်ကုန် စသည့် တိုင်းသုံးတိုင်းတွင် အဓိကထား ဝင်ရောက်  ယှဉ်ပြိုင်မည်ဖြစ်သည်ဟု မန်းညွန့်မောင်ကပြောသည်။

ရန်ကုန်မြို့တွင်နေထိုင်သည့် ကရင်အမျိုးသားတဦးဖြစ်သူ ဦးချစ်ဦးမောင်က UKLပါတီ ပြန်လည်တည်ထောင်ရန် ကြိုးစား နေမှုအပေါ် “ကရင်ပါတီတွေ အမျိုးမျိုးကွဲပြားနေတာကို ဘဝင်မကျဘူး။ ဒါကြောင့် UKL ပါတီ တည်ထောင်ဖို့ကြိုးစားနေတာအပေါ် လှိုက်လှိုက်လှဲလှဲ ထောက်ခံဖို့မရှိဘူး” ဟု မဇ္ဈိမကိုပြောသည်။

၎င်းက စစ်အစိုးရအုပ်ချုပ်စဉ်ကာလအတောအတွင်း UKL ပါတီ၏ ရပ်တည်ခဲ့မှုကိုလေးစားမှုရှိသော်လည်း နိုင်ငံရေးတွင် ပါတီကြီးများ၏ အဖြည့်ခံဖြစ်သွားမှာနှင့် ကရင်အမျိုးသားရေးပါတီများစွာကွဲပြားနေမှာကို စိုးရိမ်နေသည်။

လက်ရှိတွင် ဖလုံ-စဝေါ်ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး KDPP ပါတီ၊ ကရင်ပြည်သူ့ ပါတီ KPP ဟူသည့် ကရင်လူမျိုးကိုယ်စားပြု နိုင်ငံရေးပါတီသုံးခု တရားဝင်ရပ်တည်လျက်ရှိသည်။ 
 
ကျော်ဖုန်းကျော်၊  သောကြာနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၂ ခုနှစ် ၀၂ နာရီ ၀၆ မိနစ်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...