Ads (728x90)

ရန်ကုန် (မဇ္ဈိမ)။     ။ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားတွင် ဒုတိယနေရာ၌ရပ်တည်နေသော ကမ္ဘောဇအသင်းအနေဖြင့် ချန်ပီယံဆုရရှိခဲ့ပါက  ဆုကြေးငွေသိန်း  ၆၀၀၀ ကျပ် ပေးသွားမှာဖြစ်ကြောင်း ကမ္ဘောဇအသင်း၏ ဥက္ကဌ ဦးမိုးဆန်းအောင်က ပြောသည်။


“အသင်းအနေနဲ့ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် အသင်းပိုင်ရှင်ကချီးမြှင့်တဲ့ ဆုကြေးငွေ သိန်း ၆၀၀၀ ကျပ်ကိုရမှာပါ။ နောက်ဆုံးပွဲမှာ ရန်ကုန်ကလည်း အနိုင်အရှုံးမသေချာသေးတာကြောင့် ကျွန်တော်တို့အသင်းအနေနဲ့ ဗိုလ်စွဲဖို့ အခွင့်အရေးတွေအများကြီးရှိနေပါတယ်” ဟု ဦးမိုးဆန်းအောင်က ပြောသည်။

ကမ္ဘောဇအသင်းအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဇယား ပထမနေရာတွင် ရပ်တည်နေသော ရန်ကုန်ယူနိုက်တက်နှင့် တစ်မှတ်သာကွာဟပြီး ရမှတ် ၅၆ မှတ်ဖြင့် ဒုတိယလိုက်နေသည်။

ရန်ကုန်ယူနိုက်တက်သည် နောက်ဆုံးပွဲစဉ်ကို ကစားပုံမာကျောသည့် ဧရာဝတီအသင်းနှင့် ကစားရမည်ဖြစ်သောကြောင့်ပွဲကျပ်နေပြီး ကမ္ဘောဇအသင်းမှာမူ အဆင့် ၁၂ နေရာမှ ဇွဲကပင်အသင်းနှင့် ကစားရမည်ဖြစ်သည်။ 

အကယ်၍သာ ဆုချီးမြှင့်ဖြစ်လျှင် မြန်မာ့ကလပ်အသင်း ဘောလုံးသမိုင်းအတွက် စံချိန်တင် ဆုကြေးငွေဖြစ်လာလိမ့်မည်။  ၂၀၁၁က အမှတ်ပေးချန်ပီယံဖြစ်ခဲ့သည့် ရန်ကုန်ယူနိုက်တက် ရရှိခဲ့သော ဆုကြေးထက် နှစ်ဆကျော်ခန့် များပြားနေသည်။

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ယမန်နှစ်က ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့်အတွက် အသင်းပိုင်ရှင်မှ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃သိန်း(မြန်မာငွေ သိန်း ၂၅၀၀ ခန့်)ချီးမြှင့်ခဲ့သည်။

ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် မြန်မာဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သော ဆုကြေးငွေပမာဏမှာ လည်းယခင်နှစ်များကထက် မြင့်တက်ခဲ့ပြီး ချန်ပီယံဆုအတွက် သိန်းတစ်ထောင် ကျပ်၊ ဒုတိယဆုအတွက် ကျပ်သိန်း ၇၅၀၊ တတိယဆုအတွက် ကျပ်သိန်း ၅၀၀၊  စတုတ္ထနှင့်ပဉ္စမဆုများအတွက် သိန်း ၃၀၀ စီ ချီးမြှင့်သွားရန် ရှိနေပြီး ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့်အတွက် ပြိုင်ပွဲဝင် ချီးမြှင့်ထောက်ပံ့ငွေအဖြစ် အသင်းတစ်သင်းစီအား  ကျပ်သိန်း ၂၀၀ စီ ချီးမြှင့်မည်ဖြစ်သည်။

မြန်မာဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် ဘောလုံးရာသီများတွင် ပထမ၊ဒုတိယနှင့် တတိယဆုများသာ ချီးမြှင့်ခဲ့ပြီး ပထမဆုအဖြစ် ကျပ်သိန်း ၅၀၀၊ ဒုတိယဆုအဖြစ်ကျပ် သိန်း ၃၀၀ ကျပ်နှင့် တတိယဆု ကျပ်သိန်း ၂၀၀ ကျပ်တို့သာ ချီးမြှင့်ခဲ့သည်။
လင်းကိုကိုထက်၊ သောကြာနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၂ ခုနှစ် ၀၂ နာရီ ၀၄ မိနစ် 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...